ဆေးရုံများ ပြည့်ကျပ်နေ၍ ကိုဗစ်သံသယ လူနာများကို နေအိမ်မှာပဲ စောင့်ကြည့်တော့မည်
ဆေးရုံများ ပြည့်ကျပ်နေ၍ ကိုဗစ်သံသယ လူနာများကို နေအိမ်မှာပဲ စောင့်ကြည့်တော့မည်
ရန်ကုန်တိုင်းဒေသကြီးက ဖျားနာကုအခမဲ့ ဆေးခန်းများ (Fever Clinics) ကို လာရောက်ပြသတဲ့ ကိုဗစ် သံသယလူနာတွေကို နေအိမ်မှာပဲ စောင့်ကြည့်သွားတော့မှာ ဖြစ်တယ်လို့ တာဝန်ခံ ဆရာဝန် ဒေါက်တာ ကျော်မင်းထွန်းက ပြောပါတယ်။
အခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ လူနာတွေ များပြားနေတဲ့အတွက် အာခေါင်၊ နှာခေါင်း တို့ဖတ် နမူနာ (Swab Test) ယူရမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဒေါက်တာ ကျော်မင်းထွန်းက ပြောပါတယ်။
“အဓိကက ဆေးရုံအခက်အခဲကြောင့် အိမ်မှာ ပေးနားတာ။ အခုက ဆေးရုံတွေမှာ (Swab) ယူလို့ ရတဲ့ နေရာအခက်အခဲ ရှိလို့ ပေးပြန်ပြီး စောင့်ကြည့်တဲ့ အနေအထား လုပ်ရတာ။ လူနာတွေကို ပြင်းထန်မှု မရှိရင် အိမ်မှာ ပေးနားပြီး စောင့်ကြည့်တယ်။ ပြင်းထန်မှု ရှိရင်တော့ ချက်ချင်း ဆေးရုံတင်တယ်။ ဆေးရုံမှာက ဒီနေ့ဆိုရင် လူနာတွေ သင်္ဃန်းကျွန်း စံပြဆေးရုံကို လွှဲချင်တာ။ လွှဲမရဘူး။ တောက်လျှောက် လူနာတွေ များနေတယ်။ Fever Clinic မှာ လူနာ လေး၊ ငါးယောက်ကို အိမ်ပေးပြန်ခိုင်းလိုက်တယ်။ ပြီးရင် ကျွန်တော်တို့ အင်းစိန် ဖျားနာကု ဆေးခန်းမှာ (Swab) ယူတဲ့ နေ့ရှိတယ်။ တစ်ပတ်နှစ်ရက် ရှိတယ်။ အဲ့နေကြရင် သေချာလေး လာပေးပါ။ လာပြီးတော့ အိမ်ကို ပေးပြန်မယ်။ အိမ်မှာပဲ အဖြေကို စောင့်ကြည့်မယ်။ Positive ထွက်ရင် ဖောင်ကြီးကို ပို့ပေးပြီးတော့ ကုသမှု ပေးမယ်။ Negative ဆိုရင် အိမ်မှာ Home Q နှစ်ပတ်နေရမှာပေါ့ ” လို့ ဒေါက်တာ ကျော်မင်းထွန်းက ပြောပါတယ်။
ဖျားနာကု ဆေးခန်းတွေကနေ ဆေးရုံတွေကို လွှဲပြောင်းပေးတဲ့ လူနာတွေဟာ ပိုးတွေ့လူနာ အများဆုံး ဖြစ်နေတယ်လို့ ဒေါက်တာ ကျော်မင်းထွန်းကဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိ ဖျားနာကုအခမဲ့ ဆေးခန်း (Fever Clinic)ရှိတဲ့ မြို့နယ်(၁၈) မြို့နယ်ရှိပြီး တခြားမြို့နယ်တွေမှာလည်း ထပ်ဖွင့်ဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။