ကိုဗစ် တတိယလှိုင်းကို ရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထားတဲ့ တောင်ကြီးမြို့

ကိုဗစ် တတိယလှိုင်းကို ရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထားတဲ့ တောင်ကြီးမြို့

တောင်ကြီးမြို့နယ်အတွင်းသို့ ပြည်တွင်း/ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် လက်ရှိ မြို့နယ်တွင်းမှ ပိုးတွေ့ လူနာနှင့် ထိတွေ့မှုရှိသူများအား Facilities Quarantine ထားရှိ စောင့်ကြည့်လျက်ရှိရာ တောင်ကြီးမြို့ပေါ်ရှိ စင်တာ ၂ ခုတွင် လူဦးရေ ပြည့်နေပြီဖြစ်သော်လည်း လူဦးရေ ၁၀၀၀ စာအတွက် Quarantine Center များ ထပ်မံပြင်ဆင် ထားရှိထားသည်ဟု တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“အထက (၈) နဲ့ အထက (၂) စင်တာ ၂ ခုတော့ ပြည့်သွားပါပြီ။ နောက်ထပ် ၁၀၀ ကျော်လောက်တော့ ထပ်ထားလို့ ရဦးမယ်။ အသစ်အနေနဲ့ ကမ္ဘောဇသာသနာ့ဗိမ္မာန် ၅ ထပ်ဆောင်ရှိတယ်။ သစ်တောရပ်ကွက်ထဲက အလကကျောင်း တစ်ကျောင်း၊ အထက (၃)၊ ရှမ်းရိုးမဘော်ဒါဆောင် တို့လို နေရာတွေမှာ အရန်အဖြစ် စီစဉ်ထားပါတယ်။ နောက်ထပ် စင်တာ ၅ ခု၊ လူဦးရေ ၁၀၀၀ လောက်ကို ပြင်ဆင်ပြီးသား ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောသည်။

လက်ရှိ တောင်ကြီးမြို့ပေါ်တွင် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ ဆက်စပ်သူများကို Quarantine Center ၁၀ ခု ဖွင့်လှစ်၍ အသွားအလာကန့်သတ်စောင့်ကြည့်နေခြင်းဖြစ်ပြီး ယင်း စင်တာ ၁၀ ခု အပြင် အရန်စင်တာ ၅ ခု ထပ်မံ ပြင်ဆင်ထားရှိထားခြင်း ဖြစ်သည်ဟု ၎င်းထံက သိရသည်။

ထို့အတူ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုကလည်း “လူတွေ ပြည့်နေပြီဆိုတာ မဟုတ်ပါဘူး။ ဆက်ထားဖို့တော့ ရှိပါသေးတယ်။ စင်တာအသစ်တွေ ထပ်ရှာဖို့လည်း မြို့နယ်တွေကို ပြောထားပါတယ်” ဟု ပြောဆိုခဲ့သည်။

တောင်ကြီးမြို့ပေါ်တွင် လက်ရှိ နိုဝင်ဘာလ ၂၁ ရက်အထိ ပြည်ပပြန် ၃၀၀ ဦးခန့်၊ ပြည်တွင်းပြန် ၂၈၀ ဦးခန့်နှင့် ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူမျာကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page