ထိရောက်မှုထက် အထိနာမှုတွေ များနေလို့ ပြန်လည် သုံးသပ်ချိန်တန်ပြီ ဖြစ်တဲ့ ကိုဗစ် တိုက်ဖျက်ရေးဗျူဟာ

ထိရောက်မှုထက် အထိနာမှုတွေ များနေလို့ ပြန်လည် သုံးသပ်ချိန်တန်ပြီ ဖြစ်တဲ့ ကိုဗစ် တိုက်ဖျက်ရေးဗျူဟာ

ရွေးကောက်ပွဲလဲ ပြီးပြီဆိုတော့ ကိုဗစ်ကို ကိုင်တွယ်ရာမှာ နိုင်ငံရေးဖက်ကဲတဲ့ ဆုံးဖြတ်ချက်တွေထက် ကျန်းမာရေးကို အခြေခံတဲ့ဆုံးဖြတ်ချက်တွေကိုပဲ ပိုပြီးလဲ မြင်ချင်ကြပါတယ် ခင်ဗျား။ အစိုးရအသစ် အနေနဲ့ ကိုဗစ်ပေါ်လစီကို အထူးအာရုံစိုက်မယ်လို့လဲ မျှော်လင့်မိပါတယ်။

ကိုဗစ်ပေါ်လစီ ပြန်လှန်သုံးသပ်ချိန်တန်ပြီလား။

ကျွန်တော်တို့ ဆေးကျောင်းသားဘဝက final part one ခေါ်တဲ့ နောက်ဆုံးနှစ် အပိုင်း(က) မှာ စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ ပညာရပ်တွေ အကျဉ်းချုံးသင်ကြားကြရပါတယ်။

ကျွန်တော် မှတ်မိသလောက် ကျန်းမာရေး စီမံခန့်ခွဲမှု တစ်ခုလုပ်မယ်ဆိုရင်

Data collection (အချက်အလက်စုဆောင်းမှု)

Planning (အချက်အလက်ပေါ် မူတည်ပြီး စီမံချက် ရေးဆွဲဖို့)

Implementation (စီမံချက်ကို အကောင်အထည်ဖော်ဖို့)

Evaluation (စီမံချက် အောင်မြင်တယ် မအောင်မြင်ဘူး၊ ဘာတွေပြုပြင်မယ်ဆိုတာ ပြန်သုံးသပ်ဖို့)

ဒီအဆင့်တွေကို သွားရမယ်လို့ သင်ကြားခြင်း ခံရတာ မှတ်မိနေပါတယ်။ ဒီ စီမံခန့်ခွင့်ခြင်း ပညာအနှစ်ချုပ်လေးဟာ ကျန်းမာရေးအတွက်သာမက လူ့လောကမှာ ဘာအလုပ်ပဲ လုပ်လုပ် အသုံးဝင်တယ်ဆိုတာ နောက်ပိုင်း အလုပ်ထဲရောက်လာတဲ့ အချိန်မှာ ကျွန်တော် သဘောပေါက်လာပါတယ်။

အခုဆို ကျွန်တော်တို့ ရန်ကုန်မှာ stay at home လုပ်လာတာ လနဲ့ချီလာပါပြီ။ non essential လို့ခေါ်တဲ့ စားသောက်ဆိုင်လို လုပ်ငန်းတွေ မဖွင့်ရတာ လနဲ့ချီလာပြီ။ ဒါက ဥပမာပါ၊ တခြားမဖွင့်ရတဲ့ လုပ်ငန်းတွေလဲ အများကြီးပါ။ containment ဆိုတဲ့ ဗျူဟာကို ကိုင်စွဲပြီး ပိုးတွေ့လူနာမှန်သမျှ ကုသရေးစင်တာ (သို့) ဆေးရုံကို တင်လာခဲ့တာ ကျန်းမာရေးဝန်ထမ်းရှိသမျှ အားလုံးနည်းပါး ကိုဗစ်ရောဂါတခုထဲ အတွက် ပုံအော အသုံးပြုလိုက်တာ ကျန်းမာရေးဝန်ထမ်းတွေလဲ အိမ်မပြန်ရတာ အတော်ကြာပြီ။ ကိုဗစ်မဟုတ်တဲ့ လူနာတွေအတွက်လဲ အရေးပေါ်မှ လွဲ၍ လှည့်မကြည့်နိုင်သေးဘူး။ တနယ်နဲ့တနယ် ကူးသန်းမှုတွေ ကန့်သတ်ခက်ခဲလို့ နယ်က ကိုဗစ်မဟုတ်တဲ့ လူနာတွေခမျာလဲ မြို့ကြီးတွေဆီ ဆေးလာမကုနိုင်ပဲ ဆေးမြီးတိုနဲ့ အံတုနေရတဲ့ အခြေအနေ ရောက်နေပါပြီ။

ဒီလို တနိုင်ငံလုံး အနစ်နာခံကြရတာ ကိုဗစ်ကို ထိမ်းချုပ်နိုင်ဖို့ပါ။ ကျွန်တော်တို့ လိုချင်တဲ့ အရာ ရပါရဲ့လား။

ဒီလိုတွေ containment နဲ့ ကိုင်တွယ်လိုက်လို့ ထိမ်းချုပ်နိုင်တဲ့ အခြေအနေရောက်လာသလားဆိုတော့ လူနာက ထောင်နဲ့ချီနေတုန်းပါပဲ။ တကယ်သာ containment ၊ stay at home အောင်မြင်ခဲ့ရင် ဒီအချိန်မှာ ပိုးတွေ့သူဦးရေ ကျသင့်ပါပြီ။ ဒါပေမယ့် မကျပါဘူး။ မကျတဲ့ အပြင် နယ်တွေမှာ ပိုတောင်တက်လာပါတယ်။ ဥပမာ မန္တလေးဆို ဆေးရုံပြည့်လို့ လူနာကို ပြင်ဦးလွင်သွားထားရတဲ့ အခြေအနေမျိုးရောက်နေပါတယ်။ ရန်ကုန်မှာလဲ fever clinic တွေက အိမ်ပြန်လွှတ်နေရတဲ့ အသံတွေ အမြဲသိနေ ကြားနေရတာပါပဲ။

ပြောချင်တာက containment strategy ရယ် stay at home အစီအစဉ်ရယ် အောင်မြင်လား မအောင်မြင်ဘူးလား ပြန်လည်သုံးသပ်ဖို့ အချိန်တော့ ရောက်နေပြီ ထင်တယ်လို့ ဆိုချင်ပါတယ်။ implementation ပြီးရင် အနောက်က evaluation လိုက်ရတယ် မဟုတ်လား။

စီးပွါးရေးတွေ အနစ်နာခံပြီးပိတ်ရ၊ အစိုးရက ပိုက်ဆံများစွာ စိုက်ထုတ်ကုသ၊ ကိုဗစ်မဟုတ်တဲ့ လူနာတွေ ဆေးကုဖို့ခက်ခဲလွန်းတဲ့ အခြေအနေ၊ ကျောင်းသားတွေ ကျောင်းမတက်ရတဲ့ အခြေအနေတွေကို ရင်းနှီးစတေး ခဲ့ပေမယ့် ထိမ်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်ပါရဲ့လား။

အခု နောက်ထပ်တစ်လ သက်တမ်းတိုးမယ်ဆိုတာရော အလုပ်ဖြစ်ပါ့မလား။ ပြန်လှန် စဉ်းစားတွက်ချက် evaluation လုပ်သင့်ပါပြီ။ ဘယ်လောက် ဘယ်နှစ်လ stay at home ပြီးလို့မှ မအောင်မြင်ရင် ဗျူဟာပြောင်းမလဲ။ အလှူရှင် သူဌေးကြီးတွေရော ကုသရေးစင်တာတွေကို ဘယ်နှစ်လ ဘယ်နှနှစ် sponsor ပေးနိုင်မလဲ။ စီမံခန့်ခွဲသူတွေက ဘယ်နှစ်လ stay at home လုပ်ရင် ကျမယ်လို့ ခန့်မှန်းထားပါသလဲ။ ဒါ လူထုကို ပြောပြသင့်ပါတယ်။ နှစ်ပတ်နဲ့ မကျဘူးဆိုတာ လက်ခံပေမယ့် နှစ်လလဲ မကျသေးဘူးဆိုရင်တော့ ပြန်သုံးသပ်ဖို့ လိုနေပါပြီ။

ဒီနေရာမှာ အခုလို containment မလုပ်ခဲ့ရင် ဒီထက်ပိုဆိုးကုန်မှာပေါ့၊ လူတွေ ပိုသေဆုံးမှာပေါ့လို့ စောဒက တက်စရာရှိနေပါတယ်။

ကျွန်တော်ထောက်ပြလိုတာက stay at home ဟာ တရားဝင် စီးပွါးရေးလုပ်ငန်းတွေ၊ ကျောင်းတွေ၊ လူနာတွေကိုသာ အထိနာစေခဲ့တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မြေပြင်မှာ လိုက်နာမှုနဲ့ ကွပ်ကဲမှု အားနည်းတာကြောင့် လူတွေက mask မတပ်ပါဘူး။ မဲဆွယ်တဲ့ လူစုလူဝေးတွေ အများကြီးလုပ်ခဲ့ပါတယ်။ စားသောက်ဆိုင်မှာ လူမစုရပေမယ့် လမ်းဘေးမှာ ကားထိုးပြီး လူစုပါတယ်။ အရက်သောက်ပါတယ်။ ကလေး လူကြီး မိသားစုလိုက် လူစုကြပါတယ်။ မယုံရင် ဥက္ကလာ ဂေါက်ကွင်းဘေး ညနေသွားကြည့်ပါ။ လက်ဖက်ရည်ဆိုင်မှာ လူမစုပေမယ့် လမ်းထောင့်မှာ လူစုပြီး mask မတပ်ဘဲ ထိုင်စကားပြောကြပါတယ်။ အဲ့တော့ စီးပွါးရေးလုပ်ငန်းတွေသာ နစ်နာပြီး အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ လူစုလူဝေးရှောင်ရမယ့်ကိစ္စက မအောင်မြင်ပါဘူး။ ကျွန်တော့် အမြင်ကတော့ ပိတ်တာနဲ့ မပိတ်တာ သိပ်မကွာခြားလောက်ဘူးပဲ ထင်ပါတယ်။ ဘာလို့ဆို ဆိုင်တွေ ပိတ်ပေမယ့် လူတွေက စုနေတာပဲလေ။

မအောင်မြင်ဘူးထင်ရင် ဗျူဟာပြောင်းရပါမယ်။ အောင်မြင်တယ် သက်သေပြနိုင်ရင် ရှေ့ဆက်ရပါမယ်။ ကိုဗစ်ဘယ်တော့ ပြီးမလဲဆို ကာကွယ်ဆေး တတိုင်းပြည်လုံးထိုးနိုင်မှ ပြီးမှာပါ။ ဒါက နောက်ထပ် ၂ နှစ်လောက်ကြာနိုင်ပါတယ်။

အခုဆို ရန်ကုန်မှာ ကားတွေပြန်ကျပ်နေပြီ။ လူတွေ အများအပြား ပြန်ထွက်နေကြပြီ။ ပိုးတွေ့သူ နည်းသွားလို့ ပြန်ထွက်လာကြတာ မဟုတ်ပါဘူး။ တနေ့ပိုးတွေ့သူ တစ်ထောင်ဆိုတာကို ရိုးသွားလို့ရယ်၊ စားဝတ်နေရေးကြောင့်ရယ်၊ new normal ကို လက်ခံပြီး အလုပ်လုပ်ရမယ်ဆိုတာ လက်ခံလာကြလို့ပါပဲ။

ဒီအတောအတွင်း ဒီလိုပဲ စီးပွါးရေးလုပ်ငန်းတွေ ဆက်ပိတ်ကြမလား။ ကျောင်းတွေ ဆက်ပိတ်ထားမလား။ ဆေးရုံတွေကရော ကိုဗစ်မဟုတ်သူတွေကို အရင်လို မကုကြတော့ဘူးလား။ ကျန်းမာရေးဝန်ထမ်းတွေရော အိမ်မပြန်ကျတော့ဘူးလား။ ဒါမှမဟုတ် စည်းကမ်းတကျ ကြပ်ကြပ်မတ်မတ် mask သေချာတပ်တာကို တင်းကြပ်ပြီး social distancing နဲ့ အညီ အားလုံးပြန်ဖွင့်ကြပြီး စီးပွါးရေး၊ ပညာရေး new normal ကို သွားမလား။

ဆေးရုံတွေလဲ အမှန်တကယ် ကုသမှုလိုတဲ့ ၂၀ % သောလူနာကိုပဲ ဆေးရုံတင်ပြီး ရောဂါလက္ခဏာမပြတဲ့ မပြင်းထန်တဲ့သူတွေကို အိမ်မှာပဲ နေစေမလား။ ဒါဆို ဆေးရုံတွေမှာ ကုတင်အပိုတွေ အများကြီးထွက်လာမယ်။ ဝန်ထမ်းတွေ ဝန်ထုပ်ဝန်ပိုး ကျသွားမယ်။ ကိုဗစ်မဟုတ်တဲ့ လူနာတွေကို အရင်လို ပြန်ကုလာနိုင်မယ်။

ကျွန်တော်တို့ရဲ့ containment အောင်မြင်သလား၊ မအောင်မြင်ဘူးလား။ ကိုဗစ်တခုထဲနဲ့ ဆက်နပမ်းလုံးမလား။ new normal နဲ့ ပြန်ဖွင့်ပြီး ရှေ့ဆက်ကြမလား။ Evaluation လုပ်ဖို့တော့ အချိန်တန်ပြီ ထင်တယ်လို့ ယူဆပါတယ်၊ ဘာအလုပ်ပဲလုပ်လုပ် evaluation ဆိုတာ နောက်ကလိုက်မှ ပြင်သင့်ပြင်ထိုက်တာ ပြင်နိုင်မယ် မဟုတ်ပါလားဗျာ။

ဒီနေရာမှာ အထူးပြောလိုတာက ဒီပို့စ်ဟာ ပေါ်လစီကို ပြောတာပါ။ ကုသမှုပေးရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဘာမှမဆိုင်ပါဘူး။ သူတို့က အထူးလေးစားစရာပါ။ အထူးချီးကျူးလေးစား ဂုဏ်ယူလျက်ပါ။

drmyo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page