(၆) နှစ်သားကတည်းက နှာခေါင်းထဲဝင်ခဲ့တဲ့ အကြွေစေ့ နှစ်ပေါင်း (၅၀) ကြာမှ ပြန်ခွဲထုတ်ရတဲ့အဖြစ်
(၆) နှစ်သားကတည်းက နှာခေါင်းထဲဝင်ခဲ့တဲ့ အကြွေစေ့ နှစ်ပေါင်း (၅၀) ကြာမှ ပြန်ခွဲထုတ်ရတဲ့အဖြစ်
အသက် ၅၉ နှစ်အရွယ် ရုရှားအမျိုးသားကြီးတစ်ဦးဟာ သူ့အသက် ၆ နှစ်အရွယ်မှာ ညာဘက်နှာခေါင်းပေါက်ထဲ အကြွေစေ့တစ်စေ့ ထည့်မိခဲ့ပါတယ်။ ဒီအကြောင်းကို မိခင်ဖြစ်သူကို ပြန်ပြောပြဖို့ ကြောက်ရွံ့ခဲ့တာကြောင့် မပြောပြဘဲနေခဲ့ရာကနေ နှာခေါင်းထဲမှာ အကြွေစေ့ရှိနေခဲ့တာကို မေ့လျော့ခဲ့တယ်လို့ ရုရှမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
သူဟာ နှာခေါင်းအတွင်းမှာ အကြွေစေ့ရှိလျက်နဲ့ နှစ်ပေါင်း ၅၀ ကျော်ကြာနေထိုင်ခဲ့ပြီး လတ်တလောမှာမှ ညာဘက်နှာခေါင်းက အသက်ရှူရတာ အဆင်မပြေမှုတွေရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာ ဆေးရုံကို သွားရောက်ပြသခဲ့ပြီး စကန်(မ်) ဖတ်ကြည့်ရှုခဲ့ရာကနေ သူမေ့လျော့နေခဲ့တဲ့ အကြွေစေ့ရှိနေသေးတာကို တွေ့ရှိခဲ့ရပါတယ်။
အကြွေစေ့ဘေးနားမှာတော့ အသက်ရှူရာမှာ အခက်အခဲဖြစ်စေနိုင်တဲ့ ကျောက်တွေက ပတ်ပတ်လည်ဖြစ်တည်နေပြီလို့လည်း တွေ့ခဲ့ရပါတယ်။ ဆရာဝန်တွေက နှစ်ပေါင်း ၅၃ နှစ်တိုင်တိုင်ရှိနေခဲ့တဲ့ အကြွေစေ့ကို ခွဲစိတ်ကာ ထုတ်ယူခဲ့ရသလို ကျောက်တွေကိုလည်း ဖယ်ရှားပေးခဲ့ရပြီး ဆိုဗီယက်ခေတ်က အသုံးပြုခဲ့တဲ့ အကြွေစေ့ကို ပြန်လည်ထုတ်ယူနိုင်ခဲ့ပါတယ်။
အဆိုပါအကြွေစေ့တန်ဖိုးဟာ ယနေ့ခေတ် တစ်ပဲနိနဲ့ တန်ဖိုးချင်းညီမျှပြီး ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့ပြီးနောက် တူနဲ့တံစဉ်ကို ထည့်သွင်းရိုက်နှိပ်ထားတဲ့ လယ်သမားတွေကို ကိုယ်စားပြုခဲ့တဲ့ ဒီအကြွေစေ့အသုံးပြုမှုကလည်း ရပ်တန့်ခဲ့ပါတယ်။
“သောကြာနေ့မှာ ခွဲစိတ်ကုသခဲ့ပြီး တနင်္လာနေ့မှာ သူ ဆေးရုံက ဆင်းခဲ့ပါတယ်၊ အခုတော့ သူ ကောင်းကောင်းအသက်ရှူနိုင်သွားပါပြီ” လို့ ခွဲစိတ်အထူးကုဆရာဝန် အဲလီနာ က ပြောပါတယ်။