ချောင်းသာကမ်းခြေမှာ ‌”ရေဆွဲ” ရှိနေတယ်ဆိုတာ ကိုယ်တိုင်ကြုံခဲ့ရသူတဦးရဲ့ ရင်ဖွင့်သံ

ချောင်းသာကမ်းခြေမှာလဲ ရေဆွဲနေပါတယ်နော်.. ကျမတို့ ၃ ရက်နေတာ နောက်ဆုံးရက်မှာဖြစ်တာပါ.. ရေကူးတိုင်း ဘောကွင်းပါတယ်.. ကလေးကလဲ ဘောကွင်းပါတယ်.. သူကိုဖက်ပြီး ရေအမြဲကူးတာပဲ ကလေးလဲ အမြဲပါတာမို့ အောက်ခြေပင်လယ်ကြမ်းပြင်နဲ့ ခြေထောက်နဲ့ထိတဲ့နေရာမှာပဲ အမြဲနေတာ.. အရင်ရက်တွေက လှိုင်းတချက်ပုတ်တိုင်း ကမ်းခြေဘက်ပဲ လူကပါသွားတာ.. အဲ့နေ့က ​ရေကူးရင်း ခြေထောက်က သတိထားမိတယ်.. အရင်ရက်တွေကဆို ပင်လယ်အောက်ခြေ သဲမြေက မာတင်းတင်းလေး ရေဆွဲခံရတဲ့နေ့က ​သဲက မွနေပြီး လှုပ်လှုပ် လှုပ်လှုပ်နဲ့နေတာ အောက်ခြေသဲမြေက ကျွံကျနေသလိုမျိုး ခံစားချက်ပဲ..

ဒါပေမယ့် ချောင်းသာမှာ ဒါမျိုးမရှိတာတကြောင်း ကိုယ်တိုင်လဲ ရောက်နေတာ အခေါက်ပေါင်းများစွာရှိပြီ မကြုံဖူးတာတကြောင်းမို့ ပုံမှန်အတိုင်းပဲ ရေဆက်ကူးနေတာပဲ.. ဒါပေမယ့် လှိုင်းတခါပုတ်တိုင်း ကမ်းခြေဘက် မရောက်ပဲ ပင်လယ်ဘက် ပါပါသွားတာ.. လှိုင်းတချက်ပုတ် ပင်လယ်ထဲ ၃ ပေလောက်တခါပါ.. နောက်တခါလှိုင်းပုတ် ပင်လယ်ဘက် ၃ ပေပါနဲ့ လိူင်း ၄ ခါလောက်အပုတ်မှာ ကျမတို့သားအမိပဲ ဟိုးအစွန်ဘက်ရောက်နေပြီ.. ရေဆွဲတာကို သတိထားမိကြသူတွေလဲရှိတယ်.. အဲ့လူတချို့ကလဲ ရေဆွဲတယ် ရေဆွဲတယ်နဲ့ ကမ်းပေါ် ပြေးတက်သူ တက်ပေါ့..

ကျမလဲ ကမ်းခြေဘက်ပြန်ကူးတာပဲ ဒါပေမယ့် ကမ်းခြေဘက် ပြန်မရောက်ဘူး.. တချို့လူတွေကလဲ စိတ်ပူလို့ ကျမတို့ဘက်ကို ကူးလာကြပြီ အရေးပေါ်အကူအညီပေးရအောင်ပေါ့.. အဲ့အချိန်မှာ မေမေနဲ့လဲ လူစုကွဲပြီ မေမေကလဲ အော်အော်ခေါ်ပေါ့.. သူလဲ ရေဆွဲခံရတယ် ကောင်လေးတယောက် လာဆွဲခေါ်ပေးတယ် ပြောတယ်.. ဟိုမှာ အန်တီသမီးနဲ့ မြေးလေး ကျန်သေးတယ် သူ့တို့ကိုလဲ ဆွဲခေါ်ပေးပါအုန်းနဲ့ မေမေကလဲ အော်ခေါ်နေတာပေါ့.. အဲ့အချိန်မှာ ကျမလဲ ရေဆွဲခံရပြီဆိုတာ သိလိုက်ပြီ..

ပထမတော့ ကလေးကြောက်မှာဆိုးလို့ (ဘောကွင်းတော့ ကိုယ်စီပါတယ်) ကိုယ့်ဘာသာကိုယ် လက်ကယက် ခြေကခပ်နဲ့ကြိတ်ကူးနေတာ.. နောက်ဆုံးမရနိုင်တော့မှ လက်လျှော့ပြီး လှမ်းကြည့်နေကြတဲ့ သူအချို့ကို လာဆွဲခေါ်ဖို့ အကူအညီတောင်းရတော့တယ်.. အုပ်စုထဲက တယောက်က လာဆွဲခေါ်ပေးတယ်.. မြေကြီးနဲ့ ခြေထောက်ထိတဲ့နေရာရောက်မှ လူလဲ သက်ပြင်းချနိုင်တော့တယ်.. (*လာဆွဲခေါ်ပေးတဲ့သူကိုလဲ ကျေးဇူးအထူးတင်မိပါတယ်*) ထူပူနေတာနဲ့ ဆွဲခေါ်ပေးတဲ့သူ ဖြူသလား မဲသလား ဘယ်အရွယ်မှန်းတောင် သတိမထားမိလိုက်ပါဘူး.. ကျေးဇူးတင်စကား တမန်းကတန်းပြောပြီး ကမ်းပေါ်ပြေးတက်လာမိတာ.. အခုလိုပြောပြတာ သတိထားမိအောင်လို့ပါ.. ချောင်းသာမှာအေးဆေးပဲဆိုပြီး ပေါ့ပေါ့လေး နေမိမှာစိုးလို့ပါ.. ချောင်းသာလဲ အခန့်မသင့်ရင် ရေဆွဲခံရတယ် ကလေးငယ်တွေနဲ့ကူးသူတွေ သတိလေးထားပြီး ကူးကြပါလို့ စေသနာအရင်းခံပြီး ပြောချင်ပါတယ်ရှင်..

ဘယ်နေရာမှာလဲ? Akariz Resort ရှေ့မှာပါ..

ကယ်သူတွေက ဘယ်လိုကယ်လဲ? သူတို့လဲ မလှမ်းမကမ်းမှာ ရေကူးနေကြသူတွေပါပဲ.. ကမ်းခြေနဲ့ မျဥ်းပြိုင်အနေအထားအတိုင်း လက်ပစ်ကူးပြီး ဘောကွင်းကို လာဆွဲပေးတာပါ.. ရေဆွဲတာကို သိလိုက်တဲ့အချိန်နဲ့ လာကူဆွဲခေါ်ပေးတဲ့အချိန်က ၅ မိနစ်လောက်သာ ကြာပါတယ်.. ဘောကွင်းပါတာတကြောင်း သတိထားမိတာတကြောင်းကြောင့် လာကူညီသူ မြန်ဆန်တာတကြောင်းကြောင့် အန္တရာယ်မရှိခဲ့တာပါရှင်.. ဒီအကြောင်းကို တင်မယ် မတင်ဘူးနဲ့ နောက်ဆုံးတော့ လူတွေသိထားရင် ရေကူးတဲ့အခါ ပိုပြီးသတိလေးထားလို့ ရအောင်လို့ပါ ကိုယ်တွေလို ကလေးနဲ့အတူ အမြဲကူးသူတွေအတွက် စိတ်ပူလို့ပါရှင်.. (Nandar Aung Myin)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page