ကိုဗစ်ကာကွယ်ဆေး အောင်မြင်ရင် မြန်မာကို ဦးစားပေးမယ်လို့ တရုတ်ပြော

ကာကွယ်ဆေး အောင်မြင်ရင် မြန်မာကို ဦးစားပေးမယ်လို့ တရုတ်ပြော

တရုတ်နိုင်ငံက ကိုဗစ် ကာကွယ်ဆေးအား စတင်အသုံးပြုပြီးနောက် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ၏ လိုအပ်ချက်များကို ဦးစာပေးစဉ်စားသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရီက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာလ (၉) ရက်နေ့ကပြုလုပ်သည့် တရုတ်-အာဆီယံ (10+1) နိုင်ငံခြားရေးဝန်ကြီးများ ဗီဒီယိုဆွေနွေးပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကိုဗစ် ကပ်ရောဂါအခြေအနေသစ်ကို အခြေခံပြီး ကပ်ရောဂါအလွန်ကာလ ကူးလူးဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တက်တက်ကြွကြွ ဖော်ဆောင်ကာ နိုင်ငံတကာနှင့်ဒေသတွင်းစိန်ခေါ်မှုများကို အတူတကွရင်ဆိုင်၍ ပိုမိုရင်းနှီးသည့်ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်လိုကြောင်း မစ္စတာဝမ်ရီက ဆိုပါတယ်။

ဆက်လက်ပြီး တရုတ်နိုင်ငံက “တရုတ်-အာဆီယံ အများပြည်သူကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်”ကို တင်ပြလိုကြောင်း၊ ကိုဗစ် ကပ်ရောဂါကာကွယ်ဆေး စတင်အသုံးပြုပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လိုအပ်ချက်ကို ဦးစားပေးစဉ်စားပေးပြီး “တရုတ်-အာဆီယံ ကာကွယ်ဆေးမိတ်ဆွေ”ဖွဲ့ကာ သတင်းအချက်အလက်မျှဝေမှုနှင့် ကာကွယ်ဆေးထုတ်လုပ်မှု၊ သုတေသနပြုမှု၊ အသုံးပြုမှုတွင်ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်မည်ဖြစ်ကြောင်း၊

အာဆီယံ ကပ်ရောဂါတိုက်ဖျက်ရေးရန်ပုံငွေအတွက် အရင်းအနှီးထောက်ပံ့ပေးပြီး အရေးပေါ်ဆေးကုသရေးပစ္စည်းသိုလှောင်ဂိုဒေါင် အတူတကွတည်ဆောက်ကာ တရုတ်-အာဆီယံ အများပြည်သူကျန်းမာရေး အရေးပေါ်ဆက်သွယ်ရေးယန္တရားကို ထူထောင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးပိုးလမ်းမကြီး လူရည်ချွန်မွေးထုတ်ရေးစီမံကိန်းကို တွန်းအားပေးဖော်ဆောင်၍ ပိုမိုများပြားသည့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းများ ထူထောင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page