မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဥရောပ ခရီးစဥ်

မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဥရောပ ခရီးစဥ်

ဒီတစ်ပတ် ထူးခြားသတင်းတွေကတော့ အများကြီးပါ။ အဲဒီအထဲကနေ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဥရောပခရီးစဉ်ဟာ မျှော်လင့်ထားသလို ဖြစ်မလာတာတွေနဲ့ ကြုံခဲ့ရတာကို ဖော်ပြလိုပါတယ်။ အီးယူဥက္ကဌ ဂျာမနီက တရုတ်ကို ဘာတွေပြောလိုက်သလဲ။ ဂျာမနီက တရုတ်ကို ဟောင်ကောင်မှာ ပြဌာန်းခဲ့တဲ့ အမျိုးသား လုံခြုံရေး ဥပဒေကို ပြန်ရုပ်သိမ်းပေးဖို့နဲ့ ရှင်းကျန်းပြည်နယ်က ဝီဂါ မွတ်စလင်မ်တွေဆီကို နိုင်ငံတကာက လေ့လာသူတွေ လာရောက် အကဲဖြတ်နိုင်ဖို့ အတွက် လမ်းဖွင့်ပေးဖို့ အင်္ဂါနေ့က တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဥရောပခရီးစဉ် နောက်ဆုံးနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

အဲ့သည်လို တိုက်တွန်းခဲ့တဲ့အတွက် တရုတ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဥရောပခရီးစဉ်ဟာ ပဋိပက္ခဆန်ဆန်နဲ့ အဆုံးသတ် သွားခဲ့တယ်လို့ မှတ်ချက်ပြု နေကြပါပြီ။ နှစ်ဦးနှစ်ဖက် ဆွေးနွေးကြပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲ လုပ်ကြတဲ့အခါမှာ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ လွှတ်တော် ဥက္ကဌ ထိုင်ဝမ်ကို သွားခဲ့တဲ့ ခရီးစဉ် အပေါ်မှာ ဝမ်ယိက ကန့်ကွက် ပြောဆိုပြီး ခြိမ်းလား ခြောက်လား လုပ်ခဲ့တဲ့ အပေါ်မှာလည်း ဝေဖန် ပြောဆိုခဲ့ပါတယ်။ ဒီစကားကြောင့် ခရီးစဉ် လာရင်းကိစ္စဖြစ်တဲ့ တရုတ်နိုင်ငံ အစိုးရရဲ့ ရည်ရွယ်ချက် (ဥရောပ သမဂ္ဂနဲ့ စီးပွားရေး ကြီးကြီးမားမား ပူးပေါင်း ဆောင်ရွက်ဖို့) အပေါ်ကို အရိပ်မည်းကြီး ဖုံးလွှမ်းစေခဲ့တယ်လို့လည်း ဝေဖန်လိုက်ပါတယ်။

ဂျာမနီဟာ လက်ရှိမှာ အီးယူရဲ့ ဥက္ကဌနေရာကို ယူထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဂျာမန်တွေဟာ ဒီလကုန်ပိုင်းလောက်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ အထူးဆွေးနွေးပွဲ တစ်ခု လုပ်နိုင်ဖို့ စီစဉ် စည်းရုံးထားပါတယ်။ ဥရောပသမဂ္ဂရဲ့ အချို့သော ခေါင်းဆောင်တွေ တက်ရောက်ဖို့လည်း မျှော်လင့်ထားပါတယ်။ အီးယူနဲ့ တရုတ် ညှိနှိုင်းနေဆဲဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ရဲ့ အစိတ်အပိုင်း အဖြစ် ဥရောပသမဂ္ဂ နိုင်ငံတွေက ကုမ္ပဏီတွေကို တရုတ်ပြည်မှာ စျေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးအတွက် လမ်းဖွင့်ပေးနိုင်ဖို့ သမ္မတရှီကို ဖိအားပေး တိုက်တွန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်မှာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဥရောပ ငါးနိုင်ငံကို လည်ပတ်ခဲ့တာမှာ လေးနိုင်ငံက ဟောင်ကောင် အရေးကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပူပန် နေကြရတဲ့ အကြောင်း ဝမ်ယိကို လူသိရှင်ကြား ထုတ်ပြောခဲ့ကြပါတယ်။ အဲ့သည်လို ပြောခဲ့ကြလို့ တရုတ်ဝန်ကြီးခမျာ ခံစစ် အနေအထားနဲ့ အနေကျုံ့ခဲ့ရပြီး သူ့နိုင်ငံရဲ့ လိုအပ်ချက်အရ ဟောင်ကောင် လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ထိန်းချုပ်ခဲ့ရတာပါလို့ ထပ်တလဲလဲ ပြောနေခဲ့ရပါတယ်။

“ဖိအားတွေကြောင့် ဒေါသထွက်”

ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Maas က “ခင်ဗျားတို့ရဲ့ ဟောင်ကောင်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေဟာ ဟောင်ကောင်ရဲ့လွတ်လပ်မှုကို တားဆီးပိတ်ဆို့ထားနေတာပဲ” လို့ ပြောပြီး ဝမ်ယိရဲ့ ဟောင်ကောင်အပေါ် စိတ်မပူဖို့ အာမခံချက်အပေါ် ပယ်ချခဲ့ပါတယ်။ “ဒီလုံခြုံရေးဥပဒေရဲ့အကျိုးသက်ရောက်မှုက ကျွန်တော်တို့ကို မခံချိမခံသာ ဖြစ်နေစေတယ်ဆိုတာ ခင်ဗျားသိပါတယ်။ နိုင်ငံတစ်ခု စနစ်နှစ်မျိုး (one country two system) မူဝါဒကို အပြည့်အဝ ကျင့်သုံးဖို့ ကျွန်တော်တို့က လိုချင်တယ်” လို့ Maas က ပြောခဲ့ပါတယ်။ ဟောင်ကောင်မှာ ဥပဒေပြု ကောင်စီ ရွေးချယ်ဖို့ ရွေးကောက်ပွဲကို အမြန်ဆုံးနဲ့ အတားအဆီး အနှောင့်အယှက် မရှိ ကျင်းပခွင့်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ စက်တင်ဘာလထဲမှာ ကျင်းပရမှာ ဖြစ်ပြီး ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားခဲ့တာပါ။ ဒီမိုကရက်တစ် အတိုက်အခံတွေကတော့ ရွေးကောက်ပွဲ ရက်ရွှေ့ထားတာဟာ တရားမဝင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆို နေကြပါတယ်။

ဟောင်ကောင် လုံခြုံရေးဥပဒေဟာ အမေရိကန်ရဲ့ဆန်ရှင်တွေကို အမြန်ဆုံး ဖိတ်ခေါ်ခဲ့ပါတယ်။ အမေရိကန် အစိုးရဟာ တရုတ် အဆင့်မြင့် အရာရှိတွေကို ဆန်ရှင်ချမှတ် အရေးယူခဲ့ပြီး ကနေဒါ၊ သြစတြေးလျ၊ ဗြိတိန်နဲ့ ဂျာမနီတို့ကလည်း ဟောင်ကောင်နဲ့ သဘောတူထားတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနဲ့ ရာဇဝတ်သား လွှဲပြောင်းရေး သဘောတူညီချက်တွေကို ဆိုင်းငံ့ထားခဲ့ကြပါတယ်။ အီးယူအနေနဲ့လည်း ထောက်လှမ်းရေးနဲ့ ဖိနှိပ်ရေးအတွက် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ ဟောင်ကောင်ကို တင်ပို့ရာမှာ ကန့်သတ်ဖို့ ဇူလိုင်လထဲမှာ သဘောတူခဲ့ပါတယ်။

ဝမ်ယိဟာ သတင်းထောက်တွေနဲ့တွေ့ပြီး မေးခွန်းတွေ ဖြေကြားတဲ့အခါမှာ Bild သတင်းစာကို ဒေါသတကြီးနဲ့ ပြောဆိုခဲ့ပါတယ်။ (အဲဒီ သတင်းဌာနဟာ မနှစ်က ဟောင်ကောင်အရေး လှုပ်ရှားသူ Joshua Wong Chi-fung နဲ့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Maas ကို တွေ့ဆုံပေးရေး ကမကထ လုပ်ပေးခဲ့တာပါ)။ ဒီသတင်းစာဟာ လူပြိန်းကြိုက် ဘက်လိုက်ရေးတဲ့ သတင်းစာပါလို့ ဝမ်ယိက ပြောဆိုခဲ့ပါတယ်။ ဟောင်ကောင်ပဲ ဖြစ်ဖြစ်၊ ရှင်းကျန်းပဲ ဖြစ်ဖြစ် နှစ်ခုစလုံးဟာ တရုတ် ပြည်တွင်းရေးတွေပါ။ တရုတ်တို့ရဲ့ အရေးမှာ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်တာ လက်မခံပါဘူးလို့လည်း ပြောခဲ့ပါတယ်။

“ခံလိုက်ရတဲ့ ထိုးနှက်ချက်များ”

ဘာလင်က နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြသူ ရာဂဏန်းကျော်ဟာ အင်္ဂါနေ့က ဝမ်ယိကို ဆန္ဒပြခဲ့ကြပြီး ဦးဆောင်သူ ဖြစ်တဲ့ Nathan Law Kwun-chung က ဟောင်ကောင် လုံခြုံရေး ဥပဒေနဲ့ ပတ်သက်ပြီး ဘာလင်အနေနဲ့ ဆန္ဒပြသူတွေ အပေါ် ပိုပြီး ထောက်ခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူဟာ ဟောင်ကောင်အရေး လှုပ်ရှားသူ Joshua Wong ရဲ့ နိုင်ငံရေး မဟာမိတ် ဖြစ်ပါတယ်။ Nathan Law ဟာ အသက် ၂၇ နှစ်ရှိပြီး လုံခြုံရေး ဥပဒေ ပြဌာန်းတဲ့အခါ ဗြိတိန်ကို ထွက်ပြေးလာသူ ဖြစ်ပါတယ်။

“တရုတ်ဟာ ပြောစရာခေါင်းစဉ် ဖြစ်နေချိန်မှာ ဘာလင်ဟာ ငြိမ်နေတယ်”၊ “ဟောင်ကောင်ဟာ ပြောစရာခေါင်းစဉ် ဖြစ်လာတဲ့အချိန်မှာ ဘာလင်ဟာ ငြိမ်နေတယ်” ဆိုပြီး Nathan Law က ပြောနေခဲ့ပါတယ်။ “နှစ်သိမ့် ချွေးသိပ်တဲ့ ရွှေပြည်အေး ဝါဒဟာ တကယ့်ကို အသုံးမကျဘူး” လို့လည်း ဆိုပါတယ်။ သူတို့ဟာ အပြာနဲ့ အဖြူရောင် စပ်ထားတဲ့ ဝီဂါတို့ရဲ့ အလံငယ်တွေ ဝှေ့ရမ်းပြီး ရှင်ကျန်းနဲ့ ဝီဂါတို့အတွက် ဆန္ဒပြခဲ့ကြတာပါ။ ဝီဂါ တစ်သန်းလောက်နဲ့ အခြားသော တာ့ကစ်(turkic) လူမျိုးနွယ်တွေဟာ ပြုပြင်ရေး စခန်းတွေမှာ ထိန်းသိမ်း ခံထားကြရတယ်လို့ ကုလသမဂ္ဂရဲ့သတင်းများအရ သိထားပါတယ်။ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Maas ကသူနဲ့ ဝမ်ယိဟာ ပြုပြင်ရေး စခန်းတွေ အကြောင်း ဆွေးနွေးခဲ့ပါတယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂရဲ့ လေ့လာသူတွေကို ပြုပြင်ရေး စခန်းတွေကို လာရောက် လေ့လာခွင့် ပြုပေးနိုင်ဖို့ အထပ်ထပ် ပြောခဲ့ပါတယ်လို့ သိရပါတယ်။

ချက်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဌနဲ့ အဖွဲ့ရဲ့ ထိုင်ဝမ်ခရီးစဉ် အပေါ်မှာ ဝမ်ယိရဲ့ ပြောပုံဆိုပုံနဲ့ ပတ်သက်ပြီးလည်း လူသိရှင်ကြား ရှုတ်ချခဲ့ပါတယ်။ ဝမ်ယိပြောခဲ့တာက “မျက်စိတစ်ဆုံး မကြည့်ဘဲ မျက်တောင်မွှေး တစ်ဆုံးသာ ကြည့်တတ်တဲ့ အမူအကျင့်နဲ့ နိုင်ငံရေး ကစားကွက်တွေ အတွက် စျေးကြီးကြီး ပြန်ပေးဆပ်ရလိမ့်မယ်” လို့ ဆိုတာပါပဲ။ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝမ်ယိဟာ ချက်လွှတ်တော် ဥက္ကဌ Vystrcil ကို “စည်းကျော်တယ် – crossing a red line ၊ ထိုင်ဝမ်ကို နိုင်ငံတစ်ခု အဖြစ် အသိအမှတ် ပြုတယ်၊ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ် ဆိုတဲ့ One China ပေါ်လစီကို ဆန့်ကျင်တယ်” ဆိုပြီး စွပ်စွဲခဲ့တာပါ။

ဝမ်ယိရဲ့ ခြိမ်းခြောက်မှုဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုကို ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတုန်း ပြောဆိုလိုက်တာမို့ ဂျာမန် နိုင်ငံရေးသမားတွေကို ဒေါသထွက်စေခဲ့ပါတယ်။ ချက်နိုင်ငံကို ထောက်ခံဖို့ ဥရောပသမဂ္ဂ နိုင်ငံတွေ ညီညွတ်ဖို့ လိုတယ်ဆိုပြီး လှုံ့ဆော်လာကြပါတယ်။ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးက “ဥရောပသမဂ္ဂဟာ သူတို့ရဲ့ နိုင်ငံခြား မိတ်ဆွေတွေကို လေးစားစွာ ဆက်ဆံသလို တူညီတဲ့ တုံ့ပြန်မှုကိုလည်း မျှော်လင့်ပါတယ်” လို့ သတိပေး ပြောကြားခဲ့ပြီး “ဒီနေရာမှာ ဒီလို ခြိမ်းခြောက် စကားမျိုး မဆိုသင့်ဘူး” လို့ပါ ပြောသွားပါတယ်။

“သုံးသပ်ချက်”

ဘာလင်ဟာ ဝမ်ယိရဲ့ ဥရောပ ငါးနိုင်ငံ ခရီးစဉ်မှာ နောက်ဆုံးပိတ် ရပ်နားရာ နေရာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီခရီးစဉ်ဟာ တရုတ်နဲ့ အမေရိကန်တို့ရဲ့ လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေး တင်းမာလာမှုတွေကြောင့် တရုတ်တို့ရဲ့ စီးပွားရေးနဲ့ သံတမန် ဆက်ဆံရေးတွေမှာ ဥရောပ သမဂ္ဂနဲ့ ပူးပေါင်းပြီး ပြန်လည်ကျားကန်ဖို့ ထွက်ခွာလာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ကပ်ရောဂါကြီး စတင်ဖြစ်ပွား ပြီးတဲ့နောက်ပိုင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပထမဆုံးပြည်ပ ခရီးစဉ်လည်း ဖြစ်ပါတယ်။ နယ်သာလန်၊ ပြင်သစ်၊ နော်ဝေ၊ အီတလီတို့ကို သွားခဲ့ပြီး သဘောတူညီချက် စာချုပ်နှစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။ နှစ်ခုထဲက တစ်ခုကတော့ သဘာဝ ဓာတ်ငွေ့ ရောင်းချရေး ဆိုင်ရာ စာချုပ်ပါ။ ဝမ်ယိရဲ့ခရီးစဉ် အပြီးမှာ နောက်က ထပ်လိုက်လာဖို့ ရှိတာကတော့ သူ့ထက် အဆင့်မြင့်တဲ့ ပေါ်လစ်ဗြူရို အဖွဲ့ဝင် Yang Jiechi ရဲ့ ဥရောပ ခရီးစဉ် ဖြစ်ပါတယ်။ Yang Jiechi ဟာ တရုတ်ပြည်ရဲ့ ထိပ်တန်း သံတမန်ပါ။ သူဟာ ဂရိနဲ့ စပိန်ကို သွားမှာပါလို့ ကြားသိရပါတယ်။

ဥရောပဟာ တရုတ်တို့ အတွက် အသင့်ရှိနေမယ်လို့ အမြဲ ထင်နေခဲ့တဲ့ တရုတ်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ဟာ မျက်နှာပန်းမလှ ဖြစ်ခဲ့ရပါတယ်။ အမေရိကန်နဲ့ တင်းမာနေတုန်းမှာ ဥရောပကို စည်းရုံးပြီး ဝင်လုံးဖို့ လုပ်ခဲ့တာပါ။ ဒေါ်နယ်ထရမ့်ကို လက်ညှိုးထိုးမယ်၊ အမေရိကန်ကို ဆန့်ကျင်ကြမယ်လို့တောင် ခရီးစဉ်အတွင်းမှာ ကြွေးကြော်ခဲ့တဲ့ ဝမ်ယိဟာ နောက်ဆုံးနေ့မှာ သတိပေးခံလိုက်ရပါတယ်။ “ဟောင်ကောင် ဝီဂါ” နဲ့ “ဟောင်ကောင် ရှင်းကျန်း” ဆိုတဲ့ မကြားချင်ဆုံး စကားတွေကိုသာ ရပ်နားရာ နေရာတိုင်းမှာ ကြားခဲ့ရလို့ ဆီးချုပ်၊ ဝမ်းချုပ် အနေကျုံ့ခဲ့ရတဲ့ ခရီးစဉ်ပါပဲ။

ဟောင်ကောင်ကနေ ဗြိတိန်ကို ထွက်ပြေးနေရတဲ့ Nathan Law ဆိုတဲ့ လူငယ်ကလည်း ဝမ်ယိသွားရာ နိုင်ငံတွေထဲက အီတလီနဲ့ ဂျာမနီအထိ ရောက်လာပြီး ဆန္ဒပြပွဲတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံး ရပ်နားရာ ဘာလင်မှာ ပိုပြီး အရှက်ကွဲခဲ့ရတယ်။ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Heiko Maas ဟာ ချက်သမ္မတနိုင်ငံ လွှတ်တော် ဥက္ကဌကို ခြိမ်းခြောက် ပြောဆိုခဲ့တဲ့ ကိစ္စကို ပြန်အစကောက်ပြီး မလျော်ကန်တဲ့ စကား အသုံးအနှုန်း သုံးတယ်လို့ အပြောခံလိုက်ရတာဟာ သံခင်း တမန်ခင်းမှာတော့ နာစရာပါ။

တရုတ်တို့ဟာ သူတို့စိတ်ထဲမှာ “ငါတို့က အီးယူကို လိုအပ်တာထက် အီးယူက ငါတို့ကို ပိုလိုအပ်တယ်” လို့ ထင်နေပုံ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ဝန်ကြီးသာ လာဘ်မြင်တတ်တဲ့ သံတမန် ဆိုရင်တော့ တရုတ်တို့ အနေနဲ့ အရာရာကို သေသေချာချာ ပြန်သုံးသပ်သင့်ပါပြီလို့ သူ့ပါတီကို အကြံပြုပါလိမ့်မယ်။ တရုတ်တို့ စန်းကျနေပုံရပါတယ်။

Pi Lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page