အာဏာရှင် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်သဖြင့် ချီလီပြည်သူများ အောင်ပွဲခံ
အာဏာရှင် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်သဖြင့် ချီလီပြည်သူများ အောင်ပွဲခံ
အာဏာရှင်ခေတ်က ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုသည်ဟု ချီလီနိုင်ငံသားများက တခဲနက် မဲထည့် ဆုံးဖြတ်ခဲ့ကြကြောင်း အောက်တိုဘာလ ၂၆ ရက်ဘီဘီစီ သတင်းက ဆိုသည်။
ယင်းအရေးနှင့်ပတ်သက်ကာ ဆန္ဒခံယူပွဲ ကျင်းပရာ မဲပေါင်း ၉၀ နီးပါးကို ရေတွက်ပြီးနောက်တွင် ထောက်ခံမဲက ၇၈ ရာခိုင်နှုန်းအထိ ရှိနေခြင်းဖြစ်သည်။ တန်းတူညီမျှမှု မရှိဟုဆိုကာ အထက်ပါဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်ခဲ့သည်။ ဆန္ဒခံယူပွဲ မဲရလဒ်ကို သမ္မတက အသိအမှတ်ပြုလိုက်ပြီး နိုင်ငံသားများ ငြိမ်းချမ်းစွာ မဲပေးကြသည်ကိုလည်း ၄င်းက ချီးမွမ်းသွားခဲ့သည်။
ယခုရလဒ်သည် အားလုံးအတူလျှောက်လှမ်းရမည့်လမ်းကြောင်း၏ အစဖြစ်သည်ဟု သမ္မတက ထည့်သွင်းပြောကြားသွားသေးသည်။ ချီလီတွင် ပြီးခဲ့သည့် တစ်နှစ်က အစိုးရဆန့်ကျင် ဆန္ဒပြပွဲကြီး ဖြစ်ပွားခဲ့သည်။
ဆန္ဒပြပွဲ စဖြစ်စကတည်းကပင် ဆန္ဒပြသမားများ တောင်းဆိုသည့် အဓိကအချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် ရေးဆွဲပေးရေးလည်း ပါ၀င်ခဲ့သည်။ လူ့အဖွဲ့အစည်းထဲတွင် တန်းတူညီမျှမှု မရှိဖြစ်နေသည့်အတွက် ဖွဲ့စည်းပုံကိုပြင်ဆင်ရန် လိုအပ်သည်ဟု ၄င်းတို့က ဆိုခဲ့သည်။