ငွေအစစ်ကို ငွေအတု ၆ ဆနဲ့ လဲတယ်လို့ အွန်လိုင်းမှာ ကြော်ငြာသူ ၂ ဦးကို ဖမ်းလိုက်ပြီ

ငွေအစစ်ကို ငွေအတု ၆ ဆနဲ့ လဲတယ်လို့ အွန်လိုင်းမှာ ကြော်ငြာသူ ၂ ဦးကို ဖမ်းလိုက်ပြီ

“ငွေအတုသည်” Account ဖြင့် ငွေစက္ကူအတုများရောင်းချသည်ဟူ၍ Online အသုံးပြုငွေကြေးလိမ်လည်သူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်သည့် ဖြစ်စဉ်မကွေးတိုင်း၊ စလင်းမြို့၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ “ငွေအတုသည်”အကောင့်မှ “ငွေအတုဝယ်လိုသောမိတ်ဆွေများဆက်သွယ်ရန် ဖုန်းအမှတ် ၀၉၆၇၈၅၀၇၅၁၉”ဟု ဖော်ပြထားသည်ကိုတွေ့ရှိရ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ ဝယ်ယူသူတစ်ဦးအဖြစ် အသွင်ယူ၍အဆိုပါ ဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ပါတယ်။

အဆိုပါအကောင့်မှ “ငွေအစစ်ကိုအတု ၆ ဆ နှုန်းဖြင့် လဲလှယ်ပေးကြောင်း၊လုံခြုံရေးကြိုး၊ ဗဟိုဘဏ်တံဆိပ်များပါရှိကြောင်း၊ မှာယူလိုပါက ဖုန်းအမှတ် ၆၇၈၅၀၇၅၁၉ သို့ Wave Money ဖြင့် ငွေလွှဲပို့ရန်” ညှိနှိုင်းပြောကြားသဖြင့် အောက်တိုဘာလ ၂၄ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် ငွေကျပ် ၁ သိန်းဖိုး ဝယ်ယူမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဘက်က ညှိနှိုင်းပြောဆို ငွေလွှဲပေးခဲ့ပြီး စောင့်ကြည့်နေခဲ့ပါတယ်။

ထိုသို့ ငွေထုတ်ယူမှုကို စုံစမ်းစောင့်ကြည့်ခဲ့ရာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သစ္စာမြိုင်ရပ်ကွက်ရှိဖုန်းရောင်း/ဝယ်နှင့် Wave Money လုပ်ငန်းလုပ်ကိုင်သည့် “Sony” ဈေးဆိုင်သို့ အမျိုးသား ၂ ဦးတို့က ရဲတပ်ဖွဲ့လွဲပေးလိုက်သည့် ငွေ ၁ သိန်းကိုထုတ်ယူသွားကြောင်း စုံစမ်းသိရှိသွားခဲ့ပါတယ္။

၎င်းတို့နှစ်ဦးမှာ စလင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေသူများဖြစ်သည့် ဌေးမြင့်ဦး(ခ)ဖိုးနန်း (ဖ)ဦးအောင်အောင်နှင့် မင်းမင်း (ဖ)ဦးသန်းဝင်းတို့ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် နေအိမ်များသို့ ဝင်ရောက်ရှာဖွေရာ ၎င်းတို့ ၂ ဦးအား Wave Moneyလက်ခံထားသည့် Message များနှင့် “ငွေအတုသည်” Facebook အကောင့်အသုံးပြုသည့် ဖုန်းအမှတ် ၀၉ ၆၇၈၅၀၇၅၁၉၊ ၀၉ ၆၈၂၄၇၁၀၈၆၊ ၀၉ ၈၈၉၈၇၅၈၈၁၊ ၀၉ ၂၅၅၇၅၀၈၂၃ ဆင်းကတ် ၄ ခုပါဖုန်း၃ လုံး၊ ငွေ ၂၅၀၀၀ ကျပ်နှင့် ဆိုင်ကယ် ၁ စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ ၂ ဦး၏ နေအိမ်များတွင် ငွေစက္ကူအတုများနှင့် ဆက်စပ်ပစ္စည်းတစ်စုံတစ်ရာတွေ့ရှိခြင်းမရှိဘဲ ၎င်းတို့သည် “ငွေအတုသည်” အကောင့်ဖြင့် အွန်လိုင်းမှတစ်ဆင့် ငွေတုများရောင်းချသည်ဟု လိမ်လည်ပြောဆို၍ ငွေကြေးလိမ်ယူသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားနေချိန် ပြည်သူလူထုအခက်အခဲအပေါ် အခွင့်ကောင်းယူကာ ပြည်သူများ၏ ငွေကြေးကို လိမ်လည်ရယူနေသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်နိုင်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုအတွင်း သတိပြုဆင်ခြင်နိုင်စေရန်နှင့် ငွေစက္ကူအတုများ ဖောင်းပွမှုမရှိစေရေး၊ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း စောင့်ကြည့် သတင်းရယူ ကြိုတင်ထိန်းချုပ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က အသိပေးသတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page