ရောင်နီသန်းလာတဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ချပြသင့်နေပြီဖြစ်တဲ့ အစိုးရ အစီအစဥ်များ

ခုတလော… ကိုဗစ်ကိစ္စသိပ်မပြောဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့ အစိုးရကိုယ်တိုင် ကိုဗစ်ကို သိပ်ဂရု မစိုက်ဘူးလို့ထင်တာကြောင့်ပဲ။

အထူးသဖြင့် ရွေးကောက်ပွဲပြီးရင် ကိုဗစ်ပြန်တက်မယ် ဆိုတာ အတော်များများ ခန့်မှန်းထားကြတာပဲ။ မန္တလေးမှာလဲ ခုလိုတက်မယ်ဆိုတာ အစောကြီးတည်းက သိနေကြတာ မဟုတ်လား။ ဧရာဝတီဖောင်ဒေးရှင်းရဲ့ မန္တလေး Aya Center ဆိုရင် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဆောက်နေတာပဲ။

ကျနော်တို့လို အပြင်လူတွေတောင်သိတာပဲ။ အစိုးရမင်းများ ဆို ပိုသိမှာပါ့။ ထားပါလေ။ ပြောချင်တာက ပိုးက အတော်ပျံ့နှံ့နေတယ်ဆိုတာပဲ။ စိုးရိမိစရာကောင်းလောက်အောင်ပျံ့နှံ့နေတာ။ ကျနော့်မိတ်ဆွေတွေ ၄၀ လောက်ကို စစ်တာ ၃၀ ကျော် လောက်တွေ့တယ်တဲ့။

ဒါပေမဲ့ အများစုက ဘာလက္ခဏာမှမပြဘူး။ တကယ့်ကို တိတ်တဆိတ် သယ်ဆောင်သူပဲ။ အပြင်မှာ အဲဒီလိုလူတွေ ဘယ်လောက်တောင်များနေလဲဆိုတာ စဉ်းစားသာကြည့်။ အဲ့တော့ကူးစက်မှုက တက်နေဦးမှာပဲ။ ကူးစက်မှုစက်ဝန်းကို မဖျက်နိုင်ရင် ဒီလိုပဲ သွားနေဦးမှာပဲ။

ကျနော်တယောက်တည်းရဲ့ အမြင်အရတော့ အစိုးရရဲ့ အစီအစဉ်က ဘာလဲဆိုတာ သေသေချာချာပြောသင့်တယ်။ ဖြစ်လာတာ တနှစ်ပြည့်တော့မယ်။ အစိုးရရဲ့ အစီအစဉ်ကို ကျနော့်ဖြင့် ခုထိ ရုပ်လုံးပေါ်အောင် မမြင်မိသေးဘူး။ ပိတ်တာလား၊ ဖွင့်တာလား။ နောက်ဆုံးတိုက်ပွဲတိုက်နေ တာလား။ Herd Immunity ယူနေတာလား။ ကူးစက်မှုစက်ဝန်းကို ဖျက်နိုင်မှာလား။ မဖျက်တော့ဘဲ ဒီတိုင်းမှေးသွားမှာလား ဘယ်တော့လောက် ကာကွယ် ဆေးရပြီး ဘယ်တော့လောက်ပြန်မတ်နိုင်မလဲ။ အစိုးရရဲ့ အဆင့်လိုက်အစီအစဉ်တွေကဘာတွေလဲ။

အရင်ကတော့ ထားပါတော့၊ ကမ်းမမြင်၊ လမ်းမမြင်ကူးနေ ရသလိုဖြစ်နေလို့၊ အခုက ကာကွယ်ဆေးရောင်နီလည်း သန်းလာပြီ။ အဲ့တော့ ကာကွယ်ဆေးရတဲ့အချိန်အထိ ကြားကာလကို ဘယ်လိုသွားမလဲဆိုတာ အစီအစဉ်တွေ သေချာပြောသင့်ပြီ ထင်တာပဲ။ မပြောတော့ ဘာဖြစ်လဲ ဆိုရင် ဘာမှတော့ မဖြစ်ပါဘူးလေ။

ဒါပေမဲ့ လူတွေကို စည်းကမ်းမရှိဘူးတို့၊ ဘာတို့တော့ သိပ်မပြောစေချင်ဘူး။ လူတွေအားလုံးသာ အလိုလို အသိစိတ်တွေရှိကြ၊ စည်းကမ်းတွေရှိနေကြရင် ဒီလောကကြီးမှာ နိုင်ငံတော်တို့အစိုးရတို့ဆိုတာ ဘာလို့ရှိနေဦးမှာလဲလေ။

Ko Ye

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page