ကိုဗစ်ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့တဲ့ ဆီးချိုဝေဒနာရှင် လူနာအမှတ် ၂၄၄၀ ရဲ့ မှတ်တမ်းအပြည့်အစုံ

လူနာအမှတ် ၂၄၄၀ ကျွန်တော်၏ ကိုဗစ်ကာလ

၂.၉.၂၀ ရက်နေ့ ညမှာ ကြက်ဥရယ် ချမ်းမြေ့ရယ်နဲ့အတူတူ အရက်သောက်ပြီး သူတို့နဲ့ပဲ ညအိပ်ဖြစ်တယ် ၃ ရက်နေ့မှာ မနက်အစောထပြီး အိမ်ပြန် ရေမိုးချိုးပြီး ဆိုဒ်ထဲသွားတယ် ပြီးတော့ စိတ်တိုင်းကျမှာ တီးဆွဲရင်း ကိုရဲဝင်း ကိုထွန်းထွန်းခိုင် ကိုအံကျော် တို့နဲ့ထိုင်တယ် ခနနေတော့ မုံရွာက ကိုမြင့်အောင်ရောက်လာလို့ တူတူထိုင်သောက်ကြတယ် ပြီးတော့ MLCA ရုံးသွားပြီး ကိုရဲဝင်း ကိုထွန်းထွန်းခိုင် ဘိုတောက် ကိုမြတ်ချော တို့နဲ့ အလုပ်ကိစ္စ အစည်းအဝေးလုပ်တယ် အစည်းအဝေးအပြီးမှာ ကြက်ဥကဖုန်းဆက်တယ် သူဖျားနေတယ် မင်းလဲသတိထားအူးတဲ့ အာ့နက် ငါကတော့အေးဆေး ကျန်းမာရေးကောင်းတယ်ပြောတယ် စိတ်ထဲတော့ နဲနဲစိုးရိမ်သွားတယ် ညကျတော့ အပြင်ထွက်မစားချင်တာနဲ့ ဆိုဒ်ကပြန်လာတဲ့ အင်ယာတွေနဲ့ပဲ အိမ်မှာ ထမင်းတူတူစားလိုက်တယ်

4 ရက်နေ့ ကိုရဲဝင်းနဲ့ ဆိုဒ်ထဲသွားတယ် တနေကုန်ဆိုဒ်ထဲပါပဲ နေ့လည်ကျ ကြက်ဥက သူ့သက်သာတယ်တဲ့ ပြောတော့ ခရီးပန်းလို့နေမာပါ အေးဆေးပါလို့ပြန်ပြောလိုက်တယ် ညလဲ အင်ယာတွေနဲ့ပဲ ထမင်းစားတယ်

5 ရက်နေ့ကျတော့ အာခီက နေမကောင်းလို့ swab စစ်တယ် ကြက်ဥလဲ နေကောင်းနေတော့ ကိုယ်လဲအေးဆေးပေါ့ အာ့နေ့မှာ ဆိုဒ်အသစ်မှာ မြေသန့်မင်္ဂလာ လုပ်လိုက်သေးတယ် တနေကုန်အလုပ်လုပ်ပေါ့ နေ့လည်ကျ ကိုအောင်စိုးမိုးလာလို့ သူနဲ့ဆိုဒ်ထဲမှာ စကားပြော အလုပ်ကိစ္စတိုင်ပင်တာပေါ့ ညကျတော့ ထမင်းလဲအိမ်မှာပဲ အင်ယာတွေနဲ့အတူတူစားဖြစ်တယ်

6 ရက်နေ့ကျ အာခီက ပေါ့စတစ်ထွက်တော့ စိတ်ထဲစပူပီလေ အာ့နက် ကြက်ဥဆီဆက်တော့ သူကအနံပျောက်နေတယ်တဲ့ ချမ်းမြေ့က ဖျားနေတယ်ဆိုတော့ အပြင်မသွားတော့ပဲ အိမ်မှာပဲ ဘာလုပ်ရမလဲ မသိတော့ဘူး ညနေကျ အာခီကို ဆေးရုံတင်လိုက်ပီ ကြက်ဥတို့လဲ swab ယူဖို့ကို ဟော်တယ်မှာမရဘူး ဖျားနေလို့ ဆေးရုံတက်ရမယ်တဲ့ သူတို့လဲ အာ့နေ့ပဲ ဆေးရုံတက်တယ် ကိုယ်လဲစိတ်ညစ် စိတ်ဓါတ်လဲကျနေပီ ပီးတော့ ကျွန်တော်က သွေးတိုး ဆီးချိုရှိတော့ ပိုပီးစိတ်ဓါတ်ကျတယ် ဖေ့ဘွတ်ကနေ ကိုဗစ်သတင်းတွေ ဖတ်တော့ ဆီးချိုသမားတွေဆို ရောဂါပိုဆိုးတယ်တဲ့ တညလုံးလဲ အိပ်မပျော်ပါဘူး တအိမ်ထဲနေတဲ့ အင်ယာတွေတော့ စိတ်ဓါတ်မကျအောင်အားပေး

7 ရက်နေ့ကျ ကြက်ဥတို့က ပေါ့စတစ်ဆိုတော့ ကိုယ်လဲသေချာပီ ဆိုပြီးတော့ နေပြည်တော်ကုတင် ၃၀၀ သွားပြီး swab ယူဖို့စုံစမ်းတော့ ပြင်ပလူနာဌာနက အငေါက်တောင်ခံရသေး အဝေးကစကားပြောပါ အနားမလာပါနဲ့တဲ့ စိတ်ဓါတ်ကျနေပါတယ်ဆိုမှ ပီးတော့ ဒီမှာစစ်လို့မရပါဘူး ကုတင်၁၀၀၀ သွားပါတဲ့

အာ့အချိန်မှာ ဆုံးဖြတ်ချက်ချလိုက်တယ် မကွေးပဲပြန်တော့မယ်လို့ အဓိကက အိမ်မပြန်ချင်တာက မကွေးကလူတွေ ကူးမှာစိုးလို့ပါ ပြန်ဖို့ဆုံးဖြတ်ပီးတော့ ဆရာကြီးဒေါက်တာသောင်းလှိုင်ဆီ အကူအညီတောင်းပါတယ် ပီးတော့ ကိုသူ (သဒ္ဓါရှင်လူမှုကူညီရေးအသင်း) ဆီဆက်သွယ်ပါတယ် လာကြိုပေးပါလို့ တိုးဂိတ်မှာ ပိုက်ဆံပေးရင် ရောဂါကူးမှာကြောက်လို့ပါ အာ့အချိန်မှာ ညနေ ၄ နာရီကျော်ပါပြီး ဆက်သွယ်ပီးတာနဲ့ မကွေးကိုတန်းမောင်းပါတယ် ဘယ်မှကားမရပ်တော့ပါ ညစာလဲမစားတော့ပါဘူး

မကွေးမြို့မရောက်ခင် မူလမြသလွန်ဘုရားရောက်တော့ လာကြိုမယ်အဖွဲ့တွေကို တစ်နာရီလောက်စောင့်ရပါတယ် ဖုန်းတွေလဲဆက်တိုက်လာပါတယ် ဖုန်းတစ်ခုကဆို ဒီည Q ဝင်ဖို့အဆင်မပြေလို့ ဖြစ်သလိုအိပ်လိုက်ပါတဲ့ ဒါပေမဲ့ စည်ဖြိုးသူဖေါင်ဒေးရှင်းက ညီလေးတွေက PPE အပြည့်အစုံနဲ့ လာကြိုပါတယ် သူတို့ကား၂ စီး ရှေ့နောက်နဲ့ မကွေး TTC ထဲက FQ စင်တာကို ရောက်ပါတယ် ရောက်တာနဲ့ အာ့ညီလေးတွေကပဲ ကားအတွင်းအပြင် ပါလာတဲ့ပစ္စည်းတွေ ဆေးဖြန်းပါတယ် တကယ်ကျေးဇူးတင်ပါတယ် FQ မှာကတော့ အိမ်သာတွေညစ်ပတ်လို့ ဟော်တယ်Q ရမလားမေးပါသေးတယ် ဒီတစ်ညတော့ ဒီမှာပဲ အိပ်လိုက်ပါတော့မယ်ပေါ့ ကိုယ်ဘာသာလဲ ရောဂါမဖြစ်ပါဘူး စိတ်ထဲအားတင်းတွေးနေတာပေါ့

8 ရက်နေ့ မနက် အိပ်ရာကနိုးတော့ ထူးဆန်းစွာ အနံပျောက်သွားပါပြီ ဒါပေသိ ရောဂါမဖြစ်ချင်တဲ့စိတ်အခံကရှိတော့ တညလုံးပန်ကာဖွင့်အိပ်တော့ နှာစီးနေတယ်ပေါ့ ကိုယ်ဘာသာလိမ်ချင်ပေမယ့် စိတ်ထဲအမှန်တရားကိုလက်ခံပြီး အနံပျောက်တာ သတင်းပို့လိုက်ပါတယ် နေ့လည်စာစားပြီး စည်ဖြိုးသူပရဟိတက ညီငယ်တွေပဲ PPE တွေနဲ့ လာခေါ်ပြီး မကွေးဆေးရုံ ၅ ထပ်ဆောင်ကို ပို့ပေးပါတယ်

ဆေးရုံရောက်တော့ လူနာစမ်းသပ်ခန်းမှာ အကြာကြီး နေရပါတယ် သွေးပေါင်ချိန်တိုင်း လာလုပ်ပါတယ် အခန်းထဲမှာ အိုက်လို့ အပြင်ထွက်တော့ ဆေးသုတ်နေတဲ့ ကလေးတွေရှိလို့ သူတို့ကို ဒီနားမသုတ်ပါနဲ့ပြောလိုက်သေးတယ် အကိုကသံသယလူနာပါလို့ ခနနေတော့ ၅ ထပ်ဆောင်ဆောက်နေတဲ့ အင်ယာခလေးမရောက်လာပြီး ဒီနားမနေနဲ့ အလုပ်လုပ်နေတာလာပြောလို့ အကိုက ကိုဗစ်ပေါ့စတစ်လို့ စကားမှမဆုံးသေးဘူး ခင်ဗျားဗျာဆိုပြီး ရန်တွေ့သွားပါရော အမှန်က ပေါ့စတစ်လူနာနဲ့အနီးကပ်ထိတွေ့ခဲ့တာ အနားမလာနဲ့ပြောမလို့ပါ အာ့လဲပြီးရော နာစ်တွေရောက်လာပြီး လာလာ ခင်ဗျားနေရမယ့်အခန်းပို့ပေးမယ် ငေါက်ခံရပြန်ရော

အခန်းထဲရောက်တော့ အခန်းထဲမှာက ထိုင်းပြန်လူနာနဲ့တခန်းထဲထားတော့ ကိုယ့်ကသံသယရယ် ဖြစ်မှာမဟုတ်ဘူး သူကထိုင်းပြန်ပီးတော့ ထိုင်းမှာလေဖြတ်လို့ ဆေးရုံတက်လာတာ သူဆီက ကူးတော့မှာပဲ စိတ်ညစ်ပါတယ်ဆိုပြီး ဆရာမတွေကို အခန်းသီးသန့်စီစဉ်ပေးလို့မရဘူးလား မေးတော့ မရပါဘူးတဲ့ ညနေကြတော့ swab လာယူပါတယ် တညလုံးအိပ်မရပါဘူး အခန်းတစ်ခုလုံး အလုံပိတ်ထားတဲ့အပြင် အဲယားကွန်းမရှိ ပန်ကါမပါ အသက်ရှုပါကြပ်ပါတယ် တကိုယ်လုံးလဲ ချွေးတွေနဲ့ အိပ်လိုက် နိုးလိုက်နဲ့ပါ

9 ရက်နေ့ကျတော့ ဓါတ်မှန်ရိုက်ပါတယ် အာ့အထိ လူကအကောင်းပါ ချောင်းတောင် မဆိုးပါ အိမ်ကပန်ကာမှာပါတယ် ပန်ကာတချိန်လုံးဖွင့်ထားတော့ ချွေးကလဲတအားထွက်တော့ လူလဲနုံးနေတာကလွဲရင် အကုန်အဆင်ပြေပါတယ် ဆေးရုံက အခန်းထဲမှာ သွေးပေါင်ချိန်တိုင်းတာရယ် သွေးထဲအောက်စီဂျင်တိုင်းတဲ့ Pulse Oximeter ရယ်ထားပေးထားပီး တိုင်းပီး ဖုန်းဆက်ပြောရပါတယ် အိမ်ကနေဆီးချိုတိုင်းတာယူပီး တိုင်းကြည့်တော့ ၁၃၀ တပတ်လည်ပါပဲ အိုကေပါတယ်ပေါ့

10 ရက်နေ့ကျ အိုက်တာ လေမဝင်လို့ မွန်းတာကလွဲရင်ပုံမှန်ပါပဲ ညကျ အိပ်နေတုန်း ည ၂ နာရီလောက်မှာ PPE ဝတ်ထားတဲ့ ဆရာမရောက်လာပြီး လာနိုးတော့ စိတ်ထဲအရမ်းတုန်လှုပ်သွားပါတယ် ဆရာမ ကျွန်တော်ပေါ့စတစ်လားလို့မေးလိုက်တော့ အလုပ်ရှုပ်ရတဲ့ကြားထဲ ဘာတွေလာပြောနေတာလဲ အရေးကြီးလူနာလာလို့ အခန်းရွှေ့ပေးပါတဲ့ အံမလေးဆရာမရယ် နှလုံးရောဂါရှိရင်သေမှာပါပဲလို့ ကိုယ်ပစ္စည်းကိုယ်သိမ်း အခန်းရွှေ့ ပီးတော့ ဟိုလေဖြတ်နေတဲ့ လူမမာပါကူရွှေ့ပေးရပါတယ် အိပ်ချင်စိတ်လဲပျောက်ပေါ့

11 ရက်နေ့ကျ မနက်စာစားပီး ဖေ့ဘွတ်သုံးတော့ မကွေးကအားလုံး နဂတစ်ဆိုတော့ ကိုယ်မှာမျက်ရည်တွေစို့ပီး ပျော်လိုက်တာပေါ့ ပီးမှ ကိုယ်တွေကမပါဘူးတဲ့ ရန်ကုန် NHL ပို့စစ်တာတဲ့ အပျော်လေးတောင် ဘယ်ရောက်မှန်းမသိဘူး

12 ရက်နေ့ကျတော့ မနက်အစောမှာပဲ အချစ်ဆုံးအကိုကြီးက ဖုန်းဆက်ပါတယ် ညီလေး အားတင်းထားပါတဲ့ သိလိုက်ပါပီ အစကထဲကလဲ ထင်နေပီးသားပါ ကိုယ်ဘာသာလိမ်နေတာလဲ ရပ်သွားပါပြီး ရင်ဆိုင်ယုံပေါ့ ခနနေတော့ ဆရာမရောက်လာပီး (ထိုင်းပြန်က နဂတစ်ပါ ) အခန်းရွှေ့ဖို့ပြောပါတယ် အရင်နေခဲ့တဲ့အခန်းပါ ကိုယ့်ပစ္စည်းကိုယ်သိမ်းပြီး အရင်ကုတင်ပါပဲ ပြန်ရောက်ပါပြီ စိတ်ဓါတ်ကျလို့မဖြစ်ဘူး ငါ့နောက်မှာ ငါ့ကိုမှီခိုနေသူတွေအများကြီးပဲ ငါကျရှုံးလို့မဖြစ်ဘူး မာန်တင်းပါတယ် ဒါပေသိ မရပါဘူး စိတ်ဓါတ်ကျပါတယ် တညလုံးလဲ အိပ်မပျော်ပါဘူး အိုက်တာကတမျိုး ပန်ကာလေနဲ့ဆိုတော့ ချွေးနဲ့အအေးပတ်သလိုဖြစ်ပါတယ်

13 ရက်နေ့တော့ စိတ်ဓါတ်ကအဆုံးစွန်ပါပဲ ထိုးကျနေတာ အားပေးသူတွေတော့ အေးဆေးပေါ့ ထပ်လိမ်ရပြန်ပါတယ် ကိုယ့်ကြောင့် နေပြည်တော်က ထိတွေ့ခဲ့တဲ့ မိတ်ဆွေတွေ ဟော်တယ်Q ဝင်နေရတာလဲ အားနာတယ် တစ်အိမ်ထဲအတူနေခဲ့တဲ့ အင်ယာတွေကတော့ အနီးကပ်ထိတွေ့ခဲ့လို့ ဆေးရုံမှာ Q ဝင်ရတယ် တစ်ကားထဲအတူစီးခဲ့တဲ့ ကိုရဲဝင်းက မကွေးမှာQ ဝင်နေတယ် သူတို့အားလုံးလဲ ကိုယ်ဆီကကူးမှာစိုးတယ် တကယ်စိတ်ဓါတ်ကျတယ်

14 ရက်နေ့ ကိုဗစ်က စဖိုက်ပါပြီ မနက်အစော ၄:၃၀ လောက်မှာ အိပ်နေရာကနေ ထအန်ပါတယ် လူလဲနုံးချိပီး မလှုပ်ရှားချင်တော့ပါဘူး ခနနေတော့ အိမ်သာသွားချင်လို့ သွားတော့ အရည်တွေပန်းပါတယ် ခေါင်းကိုက်တာလဲတအားပါပဲ ၆ နာရီလောက် ဆရာမတွေဖုန်းဆက်မေးတော့ သွေးပေါင်ချိန်တိုင်းတော့ ၁၅၄/၁၀၁ ပါ ဆီးချိုစစ်တော့ ၃၃၃ ပါ ဆရာမတွေကဖျားလားမေးပါတယ် ဒါပေမဲ့ အခန်းထဲမှာ အဖျားတိုင်းတာမရှိလို့ ဖျားလားမသိခဲ့ပါဘူး ဖျားတယ်ထင်တာပါပဲ

ရေသောက်တာနက် ဝမ်းတန်းသွားပါတယ် ဘာစားစား ဝမ်းသွားပါတယ် အစာလဲမဝင်တော့ပါဘူး လူလဲအိပ်ယာထဲ လဲတာပါပဲ အိမ်ကိုကြက်ပေါင်းလုပ်ခိုင်းပါတယ် ဆေးသောက်သလိုသောက်ပါတယ် Brand ငှက်သိုက် ၁၀ ဗူးလောက်သောက်ပါတယ် ဘာစားစား ဝမ်းတန်းသွားပါတယ် ဓါတ်စားလဲသောက်မရပါဘူး ဆီးချိုကတက်နေတော့ အာ့နေမှာစပြီး ခံရပါတယ် ကိုဗစ်က ခန္ဒာကိုယ်ထဲမှာရောက်နေပီး သေချာနေရာယူပီးမှ တိုက်ခိုက်တာပါ တခါထဲအပီကြိတ်တာပါ ဆက်တိုက် ၄ ရက်လောက်ခံလိုက်ရပါတယ်

သောက်ခဲ့တဲ့ဆေးတွေကတော့ ဝမ်းသွားတာက Bioflor ခေါင်းကိုက်ပီး ဖျားတာက ပါရာစီတမော့ Vitacee 500 ; ENAT 400 Vitamin E ; Wellman အားဆေးတွေ သောက်ပါတယ် သွေးတိုးကတော့ Coversyl 5 mg ဆီးချိုကတော့ Metformin Denk 500, Diamicron 30 mg, Atocor 20 mg, Aspilets 80 mg ချောင်းဆိုးတာက Zetex 5 ml အစားပျက်တာက Aminomin သောက်တယ်

၄ ရက်လောက် ဘာမှစားမဝင်တဲ့အချိန်မှာကတော့ ကြက်ပေါင်းအရည် ဆိတ်စွပ် ငှက်သိုက် အန်ရှုးဝါး အဲဒါတွေနဲ့ အသက်ဆက်ခဲ့တာပါ ကံကောင်းတာရယ် သေနေ့မစေ့သေးလို့ရယ်ကြောင့် ပြန်လည်ကောင်းမွန်လာတာပါ ဆေးရုံတက်နေတုန်းမှာ တအားပူလို့ မခံနိုင်တော့လို့ ရစ်သလိုဖြစ်သွားတာတွေလဲ တောင်းပန်ပါတယ် ဒါပေမဲ့လဲ ပြောလဲမရခဲ့ပါဘူး လေကမဝင် အခန်းကအလုံပိတ် တကယ်ပါ မခံနိုင်အောင် ပူပါတယ် ပူလို့မအိပ်နိုင် မစားနိုင်တာလဲ တကယ်ဒုက္ခတစ်ခုပါပဲ ကိုယ့်ကြောင့် ကိုယ်နဲ့ထိတွေ့ခဲ့သူအားလုံး မကူးစက်ခဲ့လို့လဲ တကယ်ပျော်ရွှင်ရပါတယ်

ဆေးရုံထဲမှာ နေခဲ့စဉ်တုန်းက မိတ်ဆွေအားလုံးက ရတနာသုတ်ရွတ်ပါ ဘုရားစာရွတ်ပါ တရားထိုင်ပါ ပြောကြပေမယ့် တကယ်ဖြစ်နေတဲ့အချိန်ကတော့ ဘာမှမရွတ်ဖြစ်ပါဘူး နေ့လည်ဆို သီချင်းတွေအော်ဆို မောပီး ချွေးထွက်လာရင် ချောင်းတအားဆိုးလာရင်နား ပီးရင် ပြန်ဆို အာပဲလုပ်ခဲ့တာပါ ဟီး တကယ်ဖြစ်တော့ ဘယ်လောက်အားတင်း အားတင်း စိတ်ဓါတ်ကတော့ ကျတာပါပဲ

မိတ်ဆွေအားလုံး မက်စ်တပ်ကြပါ လက်ဆေးကြပါ တကယ်ဆိုးတဲ့ရောဂါပါ လက်တွေ့ခံစားခဲ့ရတော့ ဘယ်သူမှ မကြုံတွေ့စေချင်ပါဘူး လူနာစောင့်မရှိ ကိုယ့်ဘာသာရင်ဆိုင်ရတာပါ ကိုဗစ်ကသေချာနေရာယူပီးမှ အပိုင်တိုက်ခိုက်တာပါ ရောဂါဝင်လာတာနက် သူရဲ့ လက္ခဏာတွေဖြစ်တဲ့ အနံပျောက်တာ ချောင်းဆိုးတာ ဝမ်းသွားတာတွေ ဖြစ်နေပေမယ့် လူကောင်းလိုပါပဲ အဲ ပီးရင်တော့ သေချာနေရာယူပီးရင် တစ်ခါထဲ အပြီးဆော်တာပါ အားလုံး ဂရုစိုက်ကြပါ

ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းပြီး အိမ်မှာတစ်ပတ် သီးသန့်ခွဲနေရမယ်ဆိုလို့ ပိုပြီးသေချာအောင် ဟော်တယ်Q မှာ တစ်ပတ်နေခဲ့ပါပြီ တစ်ပတ်ပြည့်ရင် ဆေးရုံပြန်ပြရမယ်ဆိုတာလဲ ပြန်ပြခဲ့ပါပြီ သွေးရည်ကြည်လဲ လှူဖို့ပြောခဲ့ပါတယ် ရောဂါခံစားနေရစဉ်အတွင်း ပြောမှားဆိုမှားရှိခဲ့ရင်လဲ တောင်းပန်ပါတယ်

ရောဂါသံသယဝင်တဲ့အချိန်ကနေ ပျောက်ကင်းတဲ့အထိ ဂရုတစိုက်ကုသပေးခဲ့တဲ့ မကွေးဆေးရုံကြီးမှ ဆရာဝန် ဆရာမများကို ကျေးဇူးအထူးတင်ပါတယ် ကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့များ မိတ်ဆွေများအားလုံး ဖုန်းနဲ့ရော မက်ဆေ့နဲ့ရော သတင်းမေးခဲ့တဲ့မိတ်ဆွေအားလုံး တကယ်စိတ်ထဲကနေ ကျေးဇူးတင်ပါတယ်

Aung Thu

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page