ကားစျေးကျမယ်လို့ သတင်းထွက်နေတဲ့ လက်ရှိ ကားစျေးကွက် အနေအထား
“လက်ရှိ ကားဈေးကွက် အနေအထား” (ဝါရင့် ကားဝယ်/ရောင်း တဦး)
လူ ၁၀၀ မှာ ၁ ယောက်ဝယ်သွားတဲ့ဈေးကိုကြည့်ပြီး အရောင်းအဝယ်လုပ်လို့မရပါဘူး။ လူ ၁၀၀ မှာ ၉၉ ယောက်ဝယ်တဲ့ ဈေးမျိုးမှသာ ရေရှည်ပုံမှန် အရောင်းအဝယ်လုပ်လို့ရတဲ့ ဈေးဖြစ်ပါတယ်။
လက်ရှိနေ့ရက်တွေမှာလဲ တချို့ကားတွေဈေးတက်ခေါ်ရောင်းဝယ်ဖြစ်နေသလို တချို့ကားတွေ ဈေးတန့်နေတာကြာပါပြီ။ တချို့ကားတွေ ပြန်လျှော့ရောင်းကြတာမျိုးလဲရှိပါတယ်။ ဥပမာ Alphard 2003 MZ တွေ ၁၀၀၀ မပြောနဲ့ ၉၀၀ လွယ်လွယ်အရောင်းအဝယ်မဖြစ်သလို MZG လဲ ၁၀၀၀ ကျော်မှာလွယ်လွယ်ရောင်းဝယ်မဖြစ်ပါဘူး။ ဈေးပြင်းပြင်းခေါ်တဲ့သူလက်ထဲ ကားကကြာနေတာတွေ့ရမှာပဲ။
KIA sportage အသစ်တွေ ဝုန်းကနဲ ၂၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ရာကနေ အခု ၂၀၀၀ အောက်မှာ ဖြစ်သွားတယ်။ အဲ့ဒီတော့ ဈေးကွက်ကို တရားသေတွက်လို့မရပါဘူး။ လူအများဝယ်ရင် ပေါက်ဈေးပါပဲ။
ကုန်သည်ရဲ့အလုပ်ဟာ ဈေးကျဖို့မြင်ရင်ကြိုရောင်းရမှာဖြစ်ပြီး ဈေးတက်ဖို့မြင်ရင်ကြိုဝယ်ရပါတယ်။ ဒါကိုဘက်ကန်နေလို့မရပါဘူး။
အခုလဲကားဈေးကျမယ်လို့ တရားသေအတိအကျကြီး ဘယ်သူမှမပြောနိုင်ပါဘူး။ ကောလဟာလတွေထွက်နေတာပဲရှိပါတယ်။ ဒါပေမယ့် ကောလဟာလသတင်းတွေဟာ ကျွန်တော်တို့ဆီမှာတော့ မှန်လာကြတာများပါတယ်။ အရောင်းအဝယ်သမားတွေအနေနဲ့ကတော့ ထိုင်နေလို့မှမရတာဖြစ်တဲ့အတွက် ဈေးနားထောင်ကောင်းရင်ဝယ် မြတ်ရင်ရောင်းနဲ့ပဲ ခရီးဆက်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ကားဈေးအတက်နဲ့အမြတ်ငွေ ရှာတာမဟုတ်ပါဘူး။ ရောင်းလိုက်ဝယ်လိုက်လုပ်ပြီး အမြတ်ငွေရှာတာပါ။ ကျွန်တော်တို့ရဲ့ အသက်မွေးအလုပ်ဖြစ်တာကြောင့်ပါ။
စီးသမားတွေအတွက် ကားရောင်းသင့်လား ဝယ်သင့်လားဆိုတာကြ ဈေးကွက်အတက်အကျက ၅၀% နဲ့ မိမိရဲ့ စီးပွားရေးနဲ့ဘဝအခြေအနေက ၅၀% ထားတွက်သင့်ပါတယ်။ ကားဈေးကျမှာမှန်တယ် ဒါပေမယ့် ကိုယ့်မှာကားမရှိရင်မဖြစ်ဖူးဆိုရင်လဲ ရောင်းလို့မှမရတာခငိဗျာ။ ကားဈေးတက်မှာမှန်ပေမယ့် ကိုယ့်အလုပ် လည်ပတ်နေတဲ့ငွေထုတ်ပြီး ကားဝယ်လို့လဲ မဖြစ်တဲ့ အခြေအနေတွေလဲရှိနိုင်ပါတယ်။ ဒါကိုခြင့်ချိန်စဉ်းစားပါ။
ကားနဲ့မပက်သက်တဲ့ အခြားအလုပ်လုပ်တဲ့လူတွေကိုအကြံပေးချင်တာက မိမိရဲ့အလုပ်သာအဓိကအာရုံထားလုပ်ပါ။ ပြီးရင်ရလာတဲ့ငွေနဲ့ စီးချင်တဲ့ကားပေါက်ဈေးဝယ်စီး။ မစီးချင်ပေါက်ဈေးရောင်းလိုက်။ တက်တာကျတာ ခေါင်းထဲမထည့်နဲ့ ကိုယ့်အလုပ်သာ ပိုကြီးကျယ်အောင်အာရုံစိုက်လုပ် အဲ့လိုပဲအကြံပေးချင်ပါတယ်။ စေတနာနဲ့ရေးတဲ့စာပါ။
Pyi Soe Oo