ရန်ကုန်ပြန် လူလိမ်တယောက်ကြောင့် ပဲခူးဆေးရုံတခုလုံး ဗြောင်းဆန်သွားခဲ့ရတဲ့ ဖြစ်ရပ်

ရန်ကုန်ပြန် လူလိမ်တယောက်ကြောင့် ပဲခူးဆေးရုံက ဆရာဝန်၊ ဆရာမတွေ ဌာနတခုလုံး Q ဝင်လိုက်ရတဲ့အဖြစ်

ပဲခူးဆေးရုံကြီးက သူနာပြုဆရာမလေးတစ်ယောက် ရင်နင့်ကြေကွဲစွာ ရေးတဲ့စာပါ

အတ္တသမားတစ်ယောက်ကြောင့် ……..တဲ့ မနေ့ကပဲခူးက Positive ထွက်တဲ့လူနာ ၂ ယောက်မှာလူနာ တစ်ယောက်က ရာဇဝင် လိမ်ခဲ့ပါတယ်။ ဆရာဝန်၊သူနာပြုတွေဆိုတာ ဘယ်သူ့ကို မဆို အပြစ်တင်တာ မလုပ်ခဲ့ဖူးပါဘူး။

ဒီလူနာကတော့ တော်တော်ဆိုးဝါးလှပါတယ်၊ ရန်ကုန်က ပြန်လာတယ်၊Q ဝင်ခိုင်းတာကိုဒေါသထွက်ပြီး မှန်ကို လက်သီးနဲ့ထိုးတယ်တဲ့။ မှန်ကို လက်သီးနဲ့ထိုးဖူးတဲ့ လူတွေ သိမှာပါ၊ သွေးဘယ်လောက် ထွက်သလဲ ဆိုတာ ဆေးရုံရောက်လာတော့ ရှေ့ရနေတာပါ။ အရေးပေါ်ဌာနက မေးတဲ့အခါ ပန်းကန်ပြားကို လက်သီးနဲ့ ထိုးတယ် လို့ ပြောပါတယ်။

အရိုးဆောင်ရောက်လာပါတယ်၊ အရိုးဆောင်မှာ မေးတော့လဲ ဆက်လိမ်ပါတယ်၊ ဒါပေမယ့် သွေးထွက်လွန်ပြီး ဖြူဆုတ်နေတဲ့ လိမ်ညာပြောတဲ့လူနာကို သွေးပေါင်ပြန်တက်အောင် ဆေးသွင်း၊ သွေးအဖြေရအောင် သွေးတွေ အမြန်ပို့ပေးခဲ့ရတာပါ။

မကြာခင် သူ့အမျိုးတစ်ယောက်က ဂျူတီခန်းထဲမှာသူ့အကြောင်းတွေအကုန် လာ ပြောပြမှ သိခဲ့ကြရတာပါ။ သူ့အမျိုးကယောက်ျားလား မိန်းမ လား ဆိုတာ မပြောတော့ပါဘူး ရန်ရှာမှာစိုးလို့ပါ။ လာပြောပြတဲ့ သူ့အမျိုးကိုလဲလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

အရိုးဆောင်က အကုန်လုံးကတော့ level 2 တောင် မဝတ်ထားကြပါဘူး၊ ခြေကျိုး လက်ကျိုးလို့ တက်နေတဲ့ လူနာတွေကိုလည်း ထိတွေ့မှု ရှိခဲ့တဲ့ ဆရာဝန်တွေ ဆရာမတွေဝန်ထမ်းတွေပဲ လုပ်ပေးခဲ့ကြတာပါ။ ကလိဆေးရုံကိုရော သီးသန့်ဝါဒ်ထဲကိုရော ဆရာဝန်တွေ ဆရာမတွေ ခွဲပေးထားရလို့လူ အင်အားနည်းနေပါတယ်၊ အခုတော့ လိမ်ညာပြောခဲ့တဲ့ လူနာတယောက်ကြောင့် Q ဝင်ရတော့မယ်ဆိုတော့ လူအင်အား ထပ်လျော့သွားပါပြီ။

ကျွန်မတို့ကနိုင်သလောက်တော့ လုပ်ပေးနေဦးမှာပါ။ အခုတော့ လူနာတွေ လူနာစောင့်တွေကရော ဘယ်လိုတွေ ဖြစ်ကုန်ကြမလဲ၊သူသာ စောစောစီးစီး ပြောပြခဲ့ရင် ထိတွေ့မှုက ၅ ယောက်ထက် မပိုပါဘူး။ အခုတော့ အရိုးဆောင်ကဆရာဝန် ဆရာမ ဝန်ထမ်း လူနာ လူနာစောင့်အရေးပေါ်ဌာနက ဆရာဝန်ဆရာမ ဝန်ထမ်း၊လူနာ လူနာစောင့်ရဲ ဆေးရုံက လုံခြုံရေးကအစ ဘယ်နှစ်ယောက်လဲတောင်မရေနိုင်တော့ပါဘူး။

ကျန်တဲ့သာမန်လူနာတွေရဲ့လူနာစောင့်တွေလဲဘယ်တွေလျှောက်သွားမလဲ ဆိုတာမသိနိုင်ပါဘူး။ ကိုယ့်ရဲ့ အတ္တကြီးပြီး ထိတွေမှုရာဇဝင် လိမ်လည်ပြောမှု တစ်ခုကြောင့် ပဲခူးဆေးရုံတစ်ခုလုံး၊ ပဲခူးတစ်မြို့လုံး ဒုက္ခရောက်သွားနိုင်ပါတယ်။

အခုလို ပဲခူးဆေးရုံကြီးကို ရောက်လာခဲ့တဲ့ ရာဇဝင် လိမ်ညာတဲ့ လူတွေကိုအရေးယူပေးစေချင်ပါတယ်။ အခုတော့ ထိုင်ဆုတောင်းနေရုံမှ တစ်ပါးမတတ်နိုင်တော့ပါ။ကိုယ့် ကိုယ်ကိုထက် ကိုယ်ချစ်ရတဲ့လူတွေကိုပိုစိတ်ပူတယ် တချို့ဆိုရင် ကလေးငယ်လေးတွေနဲ့ပါ။ Positive ထွက်တယ်ဆိုတဲ့ အချိန်မှာ အိမ်က Duty လာတက်တဲ့ အမတစ်ယောက်ကငိုပါတယ်၊ သူ့ကလေးနဲ့ မခွဲနိုင်ဘူးတဲ့ ကျွန်မတို့ကို မသနားရင် နေပါ ကျွန်မတို့ရဲ့ မိသားစုဝင်တွေကိုတော့ သနားပေးကြပါရှင် (Ma Ma Kyaw)

ဖြစ်စဥ်နဲ့ ပတ်သက်တဲ့ သတင်းဖော်ပြချက်

ရန်ကုန်မှပြန်လာသည်ကို မပြောဘဲ ဆေးကုသမှုခံယူသည့် လူနာတွင် ကိုဗစ် တွေ့၍ ပဲခူးဆေးရုံမှ သူနာပြု၊ ဆရာဝန်၊ ဆေးရုံဝန်ထမ်း ၂၃ ဦး Q ဝင်ရ

ရန်ကုန်မှပြန်လာသည်ကို မပြောဘဲ ဆေးကုသမှုခံယူခဲ့သည့် လူနာတစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိရ၍ ပဲခူးဆေးရုံကြီးမှ သူနာပြု၊ ဆရာဝန်နှင့်ဆေးရုံဝန်ထမ်း ၂၃ ဦး Q ဝင်နေရကြောင်း ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနကသတင်း ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီကျော်တွင် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ လက်မောင်းတွင် ရရှိသောဒဏ်ရာဖြင့် အသက် ၃၄-နှစ်အရွယ် အမျိုးသား တစ်ဦး ရောက်ရှိလာပြီး သွေးထွက်လွန်နေကြောင်း၊ အရေးပေါ်ဌာနတွင် ခရီးသွားရာဇဝင်မေးသော်လည်း လူနာရှင်များက မပြောကြားဘဲ ပုံမှန်ထိခိုက်မှုသာဖြစ် သည်ဟုဖြေကြားခဲ့ပြီး အရိုးကုသဆောင်တွင် ရောက်ရှိချိန်တွင်မှ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှ ပြန်လာသူဖြစ်သည်ကို သိရှိခဲ့ရကြောင်း၊ ယင်းနောက် သီးခြားခွဲထား၍ Swab ယူ စစ်ဆေးခဲ့ရာ စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် ရောဂါပိုးတွေ့ရှိကြောင်း ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါကိုဗစ်လူနာနှင့်ထိတွေ့ခဲ့သူ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်း စုစု ပေါင်း ၂၃ ဉီး(စိစစ်ဆဲ)အား FQ ထားရှိ၍ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Swab နမူနာယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ၎င်း၏ လူနာစောင့်အား ပဲခူး တက္ကသိုလ် တွင် FQ ထား၍ လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူနာသည် သနပ်ပင်မြို့နယ်၊ စဉ့်အိုးဘိုရွာတွင် နေထိုင်သူဟု သိရှိရပြီး အခြား Contact များကိုလည်း ရှာဖွေ၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“ကျနော်တို့သိတာက အဲဒီပိုးတွေ့ရတဲ့ လူနာက ရန်ကုန်ကပြန်လာတာ။ Q ဝင်ရမှာကို မဝင်ဘဲနဲ့ သူ့ကို Q ဝင်ခိုင်းရမလားဆိုပြီး ပြတင်းပေါက်ကို လက်သီးနဲ့ထိုးတယ်လို့ပြောတယ်။ အဲဒီမှာ လက်ရှပြီး ဆေးရုံရောက်လာတယ်။ ဆေးရုံရောက်တော့လည်း ရန်ကုန်ပြန်ဆိုတာ မပြောဘဲနဲ့ ဆေးကုသမှု ခံယူတာ။ အဲဒါ ဘေးက ရန်ကုန်ပြန်ဆိုတာ ၀ိုင်းပြောလို့ ဆေးရုံက Swab ယူပြီးစစ်မှ ပိုးတွေ့တာ။ အခု ပဲခူးဆေးရုံက သူနာပြု၊ ဆရာဝန်၊ ဆေးရုံဝန်ထမ်းတွေပေါ့။ ထိတွေ့မှုရှိသူတွေ အကုန် Q ဝင်ရတယ်။ သူ့ကို အရေးယူဖို့ ကျနော်တို့ကတော့ တောင်းဆိုနေတယ်။ ဒီလို လိမ်ပြောပြီး အားလုံး အခက်အခဲဖြစ်စေတာပဲ” ဟု ပဲခူးတိုင်းတွင် ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ်ရေး စေတနာ့ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page