ဗယာကြော်ဆရာရဲ့ ဗန်းက ဖော်ပြနေတဲ့ ကိုဗစ်စီးပွားရေး နှင့် လမ်းဘေးစျေးသည်တွေရဲ့ ဘဝ

“ကိုဗစ်နဲ့ ဗယာကြော်”

ဗယာကြော်ဆရာရဲ့ ဗန်းက ဖော်ပြနေတဲ့ ကိုဗစ်စီးပွားရေး နှင့် လမ်းဘေးစျေးသည်တွေရဲ့ ဘဝ…

ဗယာကြော်ဆရာရဲ့ ဗန်းက ကိုဗစ်ကာလ သူ့စီးပွားရေးအခြေအနေကို ပြနေတယ်။ အရင်က ဗန်းအသေးလေးတွေထဲမှာ ဗယာကြော်၊ မတ်ပဲကြော်၊ စမူဆာ၊ ပြောင်းဖူးကော်ပြန့်လိပ် စသည် ဖြင့် ပြည့်နေတယ်။ ဘယ်အချိန်မှာ ရုံးဆင်းတယ်။ ဘယ်အချိန်မှာကျောင်းဆင်းတယ်ဆိုတာကို သိတော့ ကြိုပြီးကြော်ထား၊ ဖြည့်ထားလို့ရတယ်။

ကိုဗစ်ဖြစ်တော့ ရုံးတွေပိတ်၊ ကျောင်းတွေပိတ်၊ အရင်လို ဘယ်အချိန်ကြော်ထားရမလဲဆိုတာ တွက် လို့မရတော့ဘူး၊ ပြီးခဲ့တဲ့တစ်လ၊ နှစ်လလောက်ကတော့ ရုံးတွေပြန်ဖွင့်၊ လူတွေ အပြင်ပြန်ထွက် လာတော့ အခြေအနေလေး နည်းနည်းကောင်းလာတယ်။

ဟော အခုတစ်ခါ ပြန်ဖြစ်လာတော့ လမ်းပေါ်မှာလူတွေနည်းသွားတယ်။ ဒါ့ကြောင့် အများကြီး ကြော်ထားလို့မရတော့ဘူး။ ချိန်ပြီး လုပ်နေရတယ်။ တစ်ခါတစ်လေ ဈေးဝယ်ကို ခဏလေး စောင့်ဖို့ တောင်းပန်၊ ဘေးနားမှာရှိတဲ့အသုပ်ဆိုင်က ခုံလေး ဆွဲပြီးထိုင်ခိုင်းရတယ်။ ဒါပေမယ့် လူတွေက ဗယာကြော် ဆိုရင် မစောင့်ချင်ဘူး။ တစ်သက်လုံး ဗန်းထဲကနေ ချက်ခြင်းထည့် ပေးတာနဲ့ ကြုံခဲ့တာကိုး။ သူတို့အပြစ်လည်းမဟုတ်ဘူး။ ဝယ်သူ အလိုလိုက်ရမှာပဲ။

ရောင်းကောင်းလားဆိုရင် ကိုဗစ် မဖြစ်ခင်ကဆိုရင် တစ်နေ့ သုံးလေးသောင်းဖိုးရောင်းရတယ်။ သုံးပုံတစ်ပုံလောက် အမြတ် ကျန် တာပေါ့။ အခုတော့ တစ်နေကုန်တစ်သောင်းဖိုးရအောင် မနည်းရောင်းရတယ်။ ဒါတောင် မိုးမရွာမှ၊ မိုးရွာတဲ့နေ့ဆိုရင် အရင်းပြုတ်မှာတောင် ကြောက်ရတယ်။

တစ်ချို့က လမ်းဘေးဈေးသည်ဘာအရင်းအနှီးမှမလိုဘူး၊ အလုပ်မရှုပ်ဘူးလို့ထင်တယ်။ ဘယ်ဟုတ်မလဲ။ လမ်းဘေး ဈေးသည်လည်း သူ့ဒုက္ခနဲ့ သူပဲ။ လမ်းဘေး ဈေးသည် ဆိုတာ အဝေးက လာရောင်းရတာ၊ ဈေးအသက်သာဆုံးနေရာမှာနေပြီး ရောင်းကောင်းမယ့်နေရာကို လာ ရောင်းရတာ။ အထမ်းတွေ၊ ခုံတွေအပ်ထားဖို့၊ ရေရဖို့၊ တစ်နေကုန်နေရတော့ အပေါ့အပါး သွားဖို့ စီစဉ်ရတာတွေအများကြီးပဲ၊ ငွေပေးရတာရှိတယ်၊ ခင်မင်မှုနဲ့လုပ်ရတာရှိတယ်။

လမ်းဘေးရောင်းလို့ စည်ပင်တစ်ခုထဲကို ကြောက်ရတာမဟုတ်ဘူး။ ကိုယ်ရောင်းနေတဲ့ အနားက အိမ်တွေ၊အခန်းတွေနဲ့လည်း အဆင်ပြေအောင်နေရတယ်။ ကူညီပေးရတယ်။ ကားရပ်တဲ့သူတွေ နဲ့လည်း အဆင်ပြေရတယ်။ ရဲတွေ၊ လမ်းမှူးတွေကိုလည်း မေ့ထားလို့မရဘူး။ ငွေပေးရတယ် လို့ ပြောတာမဟုတ်ဘူး။ သူတို့လိုအပ်လို့ဖယ်ခိုင်းရင် ၊ ရှောင်ခိုင်းရင် ဖယ်ပေးလိုက်ပေါ့။ လမ်း ဘေးဈေးသည်ဆိုတာ အောက်ခြေအကျဆုံးထဲမှာပါတယ်။ အားလုံးနဲ့ အဆင်ပြေအောင် နေရတယ်။ လမ်းဘေးဈေးသည်တွေ အုပ်စုဖွဲ့ပြီး ရန်မူတယ်ဆိုတာ အလွန်ဖြစ်ခဲပါတယ်။ အဲဒီလိုဖြစ်ရင်လည်း အဲဒီတစ်ဝိုက်မှာ လုပ်စားလို့ မရတော့ဘူးပေါ့။

ကျွန်တော် မစောင့်နိုင်လို့ ထပြန်သွားမှာကို စိုးရိမ်ပုံရတဲ့ ဗယာကြော်ဆရာဟာ ဈေးကွက်အခြေအနေနဲ့ လမ်းဘေးဈေးသည်ဘဝကို သေသေချာချာရှင်းပြနေတယ်။ ပါးစပ်က မနားသလို လက်ကလည်း ကုလားပဲနှစ်တွေကို အလုံးလေးတွေလုပ်ပြီး ဆီပူ ထဲထည့်လိုက်၊ ကျက်သွားတဲ့ ဗယာကြော် တွေကို ဆယ်လိုက်နဲ့ အလုပ်ရှုပ်နေတယ်။ တစ်ချက် တစ်ချက် ယပ်တောင် ယပ်ပြီး မီးအား ကောင်းအောင်လုပ်ရသေးတယ်။

သူ့မီးသွေးမီးဖိုလေးက သေးသေးလေးပဲ။ ဒါပေမယ့် အကြော်ဆရာတင်မဟုတ်ဘူး ၊ ကျွန်တော်ပါ ပူလောင်နေတယ်။ (myehtut)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page