ကိုဗစ်မျိုးကွဲအသစ်နဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန် အတင်းကြပ်ဆုံး လော့ဒေါင်းချမည်
ကိုဗစ်မျိုးကွဲအသစ်နဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန် အတင်းကြပ်ဆုံး လော့ဒေါင်းချမည်
ယူကေမှာ ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးရိုးဗီဇကွဲထွက်တဲ့ ပိုးအသစ် ထပ်တွေ့သတဲ့.. အင်္ဂလန်ထဲတင် တထောင်လောက်တောင် ကူးပြီးပြီဆိုလားပဲ.. ပိုဆိုးမလားတွေ၊ မြန်မြန်ပိုကူးမလား၊ အခု ကာကွယ်ဆေးနဲ့ ရမလား၊ ကာကွယ်ဆေးက တသက်စာ တခါတည်းလား၊ ပြန်ထိုးရဦးမှာလားတွေ ဘာညာတွေ အစိုးရလည်း မသိသေးလို့ မဖြေတတ်သေးဘူးတဲ့.. အေးတာပဲ..
အဲ့ဒါ သဘက်ခါ လန်ဒန်ရော အနီးတဝိုက်နယ်တွေပါ အတင်းကြပ်ဆုံး Tier 3 lockdown စမယ်.. ခရစ္စမတ်နားကျ တစ်ပတ်ပြန်ဖွင့်ပေးမယ်တဲ့.. အိမ်ထဲမှာ ပိတ်နေလိုက်ပဲ..
သိပ္ပံပညာရှင်တွေနဲ့ ပြည်သူတွေကလည်း သူတို့အစိုးရကို မေတ္တာပို့ချက်ပဲ.. ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက ဘာပြောသလဲဆို ခရစ္စမတ်လည်း ပိတ်လိုက်တဲ့၊ ခုနေ ပြန်ဖွင့်ရင် အီစတာအမီ တတိုင်းပြည်လုံး ကာကွယ်ဆေးထိုးနိုင်တောင် ကြားထဲ လူသောက်သောက်လဲ သေဦးမှာမို့ အစိုးရက ပြန်ဖွင့်မှာကို ကန့်ကွက်တယ်တဲ့..
ပြည်သူတွေကလည်း နင်တို့အစိုးရက ပိတ်လိုက် ဖွင့်လိုက်၊ ခဏနေ ပြန်ပိတ်လိုက်နဲ့၊ ဘာလုပ်နေတာတုန်းတဲ့.. အလုပ်လက်မဲ့နှုန်းတွေကလည်း တလထက် တလ သိသိသာသာ ပိုမြင့်လာ.. အောက်စဖိုဒ့်လမ်းမကြီးက ဆိုင်တချို့တောင် ပြုတ်ကြ ပိတ်ကြ.. စီးပွါးရေးသမားတွေလည်း ရုန်းရကန်ရနဲ့ တတိယလှိုင်းမှာ မျော့နေပြီမို့ အော်ကုန်ကြတာ..
ဘယ်လောက် ဖွံ့ဖြိုးပြီးတဲ့နိုင်ငံဖြစ်ဖြစ်၊ ပြည်သူတိုင်းကတော့ အစိုးရ လုပ်သမျှကို ဘယ်အားရကျေနပ်နိုင်ပါ့မလဲ.. ကိုယ်တွေ ဖဘမှ မဟုတ်ဘူး အမေရိကားရော ယူကေရော ပြည်သူတွေက သူတို့အစိုးရကို အဲ့လိုပဲ ပြောဆိုနေကြတာပါပဲ.. ငါတို့တိုင်းပြည်ချည်း မဟုတ်ဘူးလို့ ဖြေသာရတာပဲ..
ဒီကြားထဲ ကျန်တာတွေ အကုန်ပိတ်ပြီး ကလေးတွေ ကျောင်းတွေကျမှ ကွက်ဖွင့်ထားခိုင်းလို့ကလည်း ပြဿနာတွေ တက်.. လန်ဒန်က Greenwich မြို့နယ်ကောင်စီမှာက လေဘာပါတီကြီးစိုးတော့ သူ့မြို့နယ်ထဲက ကျောင်းတွေကို ပိတ်ပြီး online class ပြောင်း ဖွင့်ခိုင်းတာ.. လက်ရှိအစိုးရက မင်းတို့ပြန်မဖွင့်ရင် တရားစွဲကြမယ်ဆိုပြီး ခု ရာဇသံပေးထားလေရဲ့..
ဒါတောင် တတိုင်းပြည်လုံးစာ ကာကွယ်ဆေး ရပါမယ်ဆိုတာကို မထိုးချင်တဲ့သူတွေက ရှိသေးတယ်.. အေး ကောင်းတယ်၊ မထိုးချင် မထိုးနဲ့ပေါ့လို့ဘဲ ပြောချလိုက်ချင်ပေမယ့် ဒင်းတို့လိုဟာတွေကြောင့် ကာကွယ်ဆေးက မတိုးတော့ရင် ဘယ်နှစ်ကမ္ဘာကြာအောင် အိမ်ထဲ ထပ်ပိတ်နေရဦးမလဲ မသိ.. လူဆိုတာ ကိုယ့်အသက် ကိုယ်မွေးရတာပဲ..
ခုက တနေ့ကို လူသုံးထောင်ကျော် ကေ့စ်အသစ်တိုးနေတာမို့ မကူးအောင် တတ်နိုင်သမျှ နေပေမယ့် ကူးလည်း မတတ်နိုင်ဘူးလို့သာ တွေးထားလိုက်ရတာပါပဲ.. အကောင်းဆုံးကို မျှော်လင့်ထားပေမယ့် အဆိုးဆုံးတွေ ဖြစ်လာရရင်လည်း ရင်ဆိုင်ဖို့သာ ရှိတယ်..
Poe Phyu Thant