ဗြိတိသျှနဲ့ ဂျပန်ကို ကိုဗစ်သေဆုံးနှုန်း အဆ (၂၀) ကျော် ကွာခြားသွားစေတဲ့ အကြောင်းရင်း

ဗြိတိသျှနဲ့ ဂျပန်ကို ကိုဗစ်သေဆုံးနှုန်း အဆ (၂၀) ကျော် ကွာခြားသွားစေတဲ့ အကြောင်းရင်း

ဂျပန်သည် ဤကမ္ဘာမြေပေါ်ဝယ် စနစ်အကျဆုံး နှင့် အသန့်ရှင်းဆုံး ဖြစ်သည်ဟု ထုတ်ဖေါ် ရေးသားလိုက်သူသည် ထိုနိုင်ငံတွင် အီကော်နော်မစ် မဂ္ဂဇင်း၏ သတင်းထောက် အဖြစ် လေးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူပင် ဖြစ်သည်။

အသန့်ရှင်းဆုံးဟု ပြော၍ရသည့် ဂျပန်၏ လမ်းမများပေါ်တွင် အမှိုက်ပုံးဟူ၍ တခု‌တလေမျှပင် ချမထားခြင်းသည်ကလည်း လွန်စွာ အံ့ဩဖို့ ကောင်းနေရသည်။ ကိုဗစ်-၁၉ ကလည်း ထိုအချက်ကို ပုံကြီးချဲ့ပြသွားခဲ့ပြန်သည်။

လက်ရှိ ကမ္ဘာတဝှမ်းလုံး ကိုဗစ်-၁၉ နှင့် သူနိုင် ကိုနိုင် ကြဲနေရချိန်တွင် ဂျပန်တွင် ပထမ နှင့် ဒုတိယလှိုင်းက ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် လူဦးရေ ၁၂၇ သန်းသာ ရှိသော နိုင်ငံတွင် အသေအပျောက်က ၁,၆၀၀ သာ ရှိသဖြင့် လှိုင်းလေး တအိတိ လှုပ် ခတ်သွားသည်ဟု ဆို၍ ရပေသည်။ ဂျပန်တွင် ကမ္ဘာအကြီးဆုံး မြို့ကြီး နှစ်မြို့ ရှိနေသည့် အပြင် လူဦးရေ၏ သုံးပုံတပုံသည် အသက် ၆၅ ကျော်များ ဖြစ်နေပြန်သည်။

ဗြိတိန်တွင်ကား လူဦးရေအားဖြင့် ဂျပန်၏ တဝက်မျှသာ ရှိသော်ငြားလည်း လူပေါင်း ၄၃,၀၀၀ ခန့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ အသက် ၆၅ နှစ် ကျော် အရွယ်များကလည်း ငါးပုံတပုံခန့် ရှိနေပြန်သည်။

ယခုအခါ ဒုတိယလှိုင်းဒဏ် ခံနေရပြီး အသေ အပျောက်က ယခင်ကထက်ပင် များလာနေသည်။ အောက်တိုဘာ ၁၂ ရက်တွင် အင်္ဂလန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်မှ အဆင့်သုံးဆင့် ဖြင့် ကန့်သတ်မှုများ ပြုလုပ် သွားမည်ဟု ကြေညာလိုက်သည်။ ဂျပန်တွင် တော့ ယခုအခါ ပုံမှန် အနေအထားသို့ ပြန် ရောက်လုနီးပါး ဖြစ်လာနေသည်။ ကန့်သတ် မှုများကိုလည်း အတိုင်းအတာ နှင့် သာ ပြုလုပ်ခဲ့ပြီး အစိုးရက မေတ္တာရပ်ခံသည့် နည်းကိုသာ ကျင့်သုံးခဲ့သည်။

အဘယ်ကြောင့် ထိုသို့ ကွဲပြားနေရသနည်း ဆိုသည့် အဖြေကို ကျွနုပ်သည် မတွေးတတ် အောင် ရှိခဲ့ရာမှ ဟိသရိုး လေဆိပ်ကို ခြေချ ခဲ့ချိန်မှာပင် သိရှိသွားခဲ့ရပေသည်။

ကျွန်ုပ်၏ မျက်စိထဲတွင် များပြားလှစွာသော ပါးစပ်နှင့် နှာခေါင်းပေါက်များက အကာအကွယ် မဲ့နေကြသည်ကို တွေ့ လိုက်ရ သည်။ လေဆိပ်ရှိ ဂျပန် ပတ်စ်ပို့ အရာရှိများသည် နှာခေါင်းစည်းများအပြင် မျက်နှာကိုပါ အကာအကွယ်လုပ်ထားကြသော်လည်း ဗြိတိသျှ အရာရှိများကမူ သူတို့မျက်နှာတွင် ဘာမှ မတွေ့ရပေ၊ ရှေ့တွင်တော့ ခရီးသည်များထံမှ အကာအကွယ်ရရန် ပလပ်စတစ် မှန်များ ကာရံထားသော်လည်း သူတို့ ဟိုသွားဒီသွားလုပ်ချိန်တွင်တော့ ဘာမှ တပ်ထားခြင်းမရှိပေ။ ခရီးသည်များ ကြည့်ပြန်လည်း နှာခေါင်းစည်းများကို တပ်သူတပ်၊ မေးစေ့တွင် ချိတ်ထားသူ ချိတ်ထား၊ လည်ပင်းရောက်နေသူများ အစရှိသဖြင့် အဆင်ပြေသလို သွားလာနေကြသည်။

နောက်ရက်များ အတွင်း လန်ဒန်၌ ထိုသို့သော မြင်ကွင်းမျိုးက ထပ်ခါတလဲလဲ တွေ့လာနေရပြန်သည်။ ကလေး အင်ဒိုးကစားကွင်း၊ ရေကူးကန်၊ ကော်ဖီဆိုင်များ တွင်လည်း အလားတူပင် ဖြစ်သည်၊ ဗြိတိသျှအစိုးရမှ စက်တင်ဘာ ၂၄ မှစ၍ နှာခေါင်းစည်းများကို မတတ်မနေရ အမိန့်ထုတ်ပြန်ထားသော်လည်း လူများ အဖို့က လိုလိုလားလား လိုက်နာကြခြင်း မရှိပေ။

ဂျပန်တွင်ကား မူလတန်းကျောင်းသားအရွယ် မှစ၍ သက်ကြီး ရွယ်အိုများအဆုံး အကုန် စနစ်တကျ တပ်ဆင်ထားကြသည်ကို တွေ့ရသည်။ ထိုသို့ တပ်ဆင်ထားခြင်းဖြင့် မိမိကိုယ် ကာကွယ်နိုင်သည်သာမက အခြားလူများထံ မကူးစက်နိုင်အောင်လည်း အဟန့်အတားဖြစ်သည်ကို ကောင်းစွာသိရှိထားကြသူများပင် ဖြစ်သည်။

ဂျပန်သည် ၁၉၇၀ ကျော် လေထုညစ်ညမ်းမှု စတင်လာချိန်ကစ၍ အလေ့အကျင့် ဖြစ်လာ ခဲ့ပြီး နောက်ပိုင်း နျူကလီယား ဓါတ်ပေါင်းဖို မတော်တဆမှု များကြောင့်လည်း နှာခေါင်းစည်း နှင့် ယဉ်ပါးနေခဲ့ပြီး ဖြစ်သည်။

မည်သူကမျှလည်း မိမိတို့ ကိုယ်ပိုင် လွတ်လပ် ခွင့်ဟူ၍ အခြေအတင် ပြောဆိုလာခြင်းမျိုး မရှိပဲ ယဉ်ကျေးမှုအရ လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေ နေတတ်သူများ ဖြစ်သည်။

ထိုသို့ ယဉ်ကျေးမှု မျိုး မရှိသည့် အီတလီမှာ ပင် ၈၅% က နှာခေါင်းစည်းများ တပ်ထားကြ သည်။ ဗြိတိန်တွင် ၂၀% ပင် မပြည့်ချင်၊

ဗြိတိန် နှင့် ဂျပန်တွင် ကွာခြားမှုများက နှာခေါင်းစည်း တခုတည်းကြောင့်တော့ မဟုတ်ပေ၊ ဂျပန်တွင် တဦးကို တဦး လက်ဆွဲ မနှုတ်ဆက်ကြပဲ ပေအနည်းငယ်ခွာက ဦးညွှတ် နှုတ်ဆက်လေ့ရှိသည်။ ထို့အပြင် ဂျပန်တို့က စကားကို အော်ကြီးဟစ်ကျယ် ပြောဆိုကြလေ့ မရှိပေ၊

ဂျပန်တို့ အဖို့က အခြားသော နိုင်ငံများရှိ လူများသည် အဘယ်ကြောင့် နှာခေါင်းစည်း များ မတပ်ပဲ သွားလာနေကြသနည်းကို နား မလည် နိုင် ဖြစ်နေကြသည်။ ဇွန်လ ၁၉ ရက် နေ့က နာမည်ကြီး အဝတ်အထည် ဆိုင်ကြီး ဖြစ်သော UNIQLO မှ ထုတ်လုပ်သော နွေရာသီ အပူဒဏ်ခံ မျက်နှာစည်းများကို ဂျပန် တို့ တန်းစီ ဝယ်ယူနေကြသည်မှာ လူတန်းကြီးက တမျှော်တခေါ်ကြီး ဖြစ်နေပေသည်။

ဂျပန်သည် လောလောဆယ်တွင် နိုင်ငံပေါင်း ၁၅၉ နိုင်ငံမှ လူများကို ပြည်ဝင်ခွင့် ပိတ်ပင် ထားဆဲ ဖြစ်သည်။ ဝင်ခွင့်ပြုသည့် နိုင်ငံခြားသား အနည်းငယ်နှင့် နိုင်ငံသားမျာအားလည်း ရောဂါပိုး ရှိမရှိ စမ်းသပ်ပြီးမှ ဝင် ခွင့် ပြုပေသည်။

ဂျပန်သည် အခြား ပြစ်ချက်များတော့ ရှိနေ ပြန်သည်၊ ဤသည်က လူချင်း ခပ်ခွာခွာ နေ ရမည်ကို တင်းတင်းကျပ်ကျပ် လိုက်နာခြင်း မရှိသည့် အပြင် စမ်းသပ်မှု များအားလည်း လုံလောက်သည့် အတိုင်းအတာ အထိ ပြုလုပ်ခြင်း မရှိသည်ကို တွေ့ရသည်။

ကျောင်းများက ယခုအခါ ပြန်ဖွင့်နေပြီး စီး ပွားရေး လုပ်ငန်းများလည်း ပြန်လည် လည် ပတ်နေပြီ ဖြစ်သည်။

နှာခေါင်းစည်း တပ်ဖို့ အရေးသည် မည်သို့မျှ အပန်းမကြီးလှပဲ မည်မျအထိ ထိရောက်သည် ဆိုသည့် သက်သေသက္ကာရ များက တောင်ပုံရာပုံ မက တွေ့နေရ၍ ကျွနုပ် အဖို့ကတော့ ဂျပန်တို့၏ အကျင့်ကို နမူနာယူ၍ ဆက်လက် ထိန်းသိမ်းသွားမည်သာ ဖြစ်သည်။

(နောက်ထပ်ရရှိတဲ့ သတင်းအရ ကနေဒါနိုင်ငံသား ၅၄% က ကာကွယ်ဆေး ထွက်ပေါ် လာပါက မထိုးမနေရ ‌ဆိုသည်ကို ကန့်ကွက် နေကြပြီး မိမိသဘောအလျောက် ဆုံးဖြတ် ပိုင်ခွင့် ပေးရမယ်လို့ ပြောဆိုနေကြောင်း စစ်တမ်း ထွက်ပေါ်လာ‌ပေသည်။)

လှစိုးဝေ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page