ရန်ကုန်မြို့မှာ နံနံပင် တစ်ပိဿာ ဈေးနှုန်း ကြက်သား‌စျေးထက် နှစ်ဆ‌ကျော် ကြီး‌မြင့်နေ

အခြေခံစားသောက်ကုန် ဟင်းသီးဟင်းရွက် ရောင်းချသူ ဈေးကွက်ထဲ နံနံပင် တစ်ပိဿာ ဈေးနှုန်းသောင်းချီရှိနေပြီး ကြက်သား တစ်ပိဿာ ဈေးထက်ပင် ကြီးမြင့်နေကြောင်း စားသုံးသူ ဟင်းသီးဟင်းရွက် လက်လီအရောင်းဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။

လတ်တလော စားသုံးသူဈေးကွက်မှာ နံနံပင်တစ်ပိဿာ ကျပ် နှစ်သောင်းမှ ကျပ် သုံးသောင်း အထိပေါက်ဈေးရှိနေပြီး လက်လီဈေးကွက်အတွင်း ကြက်သားတစ်ပိဿာ ကျပ် ၁၃၀၀၀ အထိ ဈေးမြင့်နေပေမယ့် ဟင်းသီးဟင်းရွက် ဖြစ်တဲ့ နံနံပင်ဈေးကတော့ ကြက်သားဈေးထက် နှစ်ဆ ပိုမိုမြင့်မားနေတာဖြစ်ပါတယ်။

“နံနံပင် က အခု အရင်ကလို ၂၀၀ ဖိုးတောင် မရောင်းနိုင်တော့ဘူးလေ။ ဒိုင်မှာတင်ပဲ တစ်ပိဿာ ၂ သောင်းကျော်နေပြီ အချို့ဈေးတွေဆို တစ်ပိဿာ ၃ သောင်းအထိရှိတယ်။ အခု အချိန်က အလှူပွဲတွေ တစ်အားများတဲ့ ပွင့်လင်းရာသီလိုဖြစ်နေတော့ ဝယ်လိုအား များနေလို့ ဖြစ်လိမ့်မယ်” လို့ အင်းစိန်ဈေးအတွင်းဟင်းသီးဟင်းရွက် ရောင်းချသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကာလဟာ ပွင့်လင်းရာသီဖြစ်နေပြီး ပွဲလန်းသဘင်နဲ့ စတုဒီသာ များတာကြောင့် နံနံပင်ဝယ်လိုအားများနေပြီး လိုသလောက်ဝယ်မရတာတွေလည်းရှိနေပါတယ်။ “အရင်က နံနံပင် ၁၀၀ ဖိုးဆို အနည်းဆုံး အပင် ၁၀ ကျော်လောက်အထိ ရနေတာ။ တစ်ခါတလေ ငရုတ်သီးစိမ်းဝယ်ရင်းနဲ့ မှ နံနံပင်ပါအစစ်ဈေးသည်က ထည့်ပေးသေးတယ်။ ဒီမနက်တော့ နံနံပင် ၂ ပင်လောက်ပါတာကို တစ်စီး ၃၀၀ နဲ့ မနည်းတောင်းတောင်းပန်ပန်ဝယ်ခဲ့ရတယ်လေ။ ကုန်ဈေးနှုန်းကြီးချက်ကလည်း ကြောက်စရာပါပဲ” လို့ အင်းစိန်မြို့နယ်အတွင်းက အိမ်ရှင်မတစ်ဦးကပြောပါတယ်။

ပြည်တွင်းမှာ နံနံပင်အသုံးပြုမှု အများဆုံးဟာ မုန့်ဟင်းခါးဆိုင်များဖြစ်ပြီး လတ်တလောမှာတော့ မုန့်ဟင်းခါးဆိုင်တွေအနေနဲ့ ပဲသီးကိုသာ အစားထိုးသုံးစွဲလာနေကြပါတယ်။

နံနံပင်ဟာ ကျောက်ကပ်သန့်စင်မှုအတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာဖြစ်ပြီး သွေးအားကောင်းစေတဲ့ ကျန်းမာရေးအစွမ်းသတ္တိတွေရှိနေတဲ့ အရွက်အမျိုးအစားဖြစ်ကြောင်း သိရပါတယ်။ နံနံပင်ကို မြန်မာနိုင်ငံအနှံ့မှာ စိုက်ပျိုးနိုင်တဲ့ အရွက်အမျိုးအစားဖြစ်ပြီး ပြည်တွင်းမှာတော့စီးပွားဖြစ်အနေနဲ့ မှော်ဘီ ၊ ပြင်ဦးလွင် နဲ့ အချို့သော ဥယျာဉ်ခြံ လုပ်ငန်းလုပ်ကိုင်တဲ့နေရာအများစုမှာ စိုက်ပျိုးကြတယ်လို့ သိရပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသူတွေလည်းရှိတယ်လို့ သိရပါတယ်။ (MP)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page