ငွေကြေးအကုန်အကျ မများဘဲ မွေးမြူနိုင်တဲ့ ဉာဏ်ရည်မြင့် မြန်မာခွေးတွေရဲ့ အရည်အချင်းများ

ငွေကြေးအကုန်အကျမများဘဲ မွေးမြူနိုင်တဲ့ Well rounded ဖြစ်သော မြန်မာခွေး (သို့) ဗမာခွေးလေးများ

မြန်မာခွေး (သို့) ဗမာခွေး လို့ ခေါ်တဲ့ ခွေးလေးတွေဟာ လွန်ခဲ့သော နှစ်ပေါင်း ၄၅၀၀ ခန့်ကတည်းက ရှိခဲ့တာပါ။ ဗမာခွေး လို့ ခေါ်ပေမယ့် မြန်မာမျိုးရင်းတော့ မဟုတ်ပါဘူး။ အိန္ဒိယ မျိုးရင်း Indian Pariah dog လေးတွေပါ။ မြန်မာတင်သာမကဘဲ နိုင်ငံတော်တော်များများကိုလဲ ပျံနှံ့ရောက်ရှိ နေကြပါတယ်။ အကောင်ရေ အလွန်အကျွံတိုးပွားလာတဲ့အတွက် ပိုင်ရှင် လုံလုံလောက်လောက်မရှိဘဲ ကမ္ဘာ့နိုင်ငံအနှံအပြားမှာ လမ်းဘေးခွေး၊ ခွေးလေခွေးလွင့် ဖြစ်နေတာက များပါတယ်။

Primitive Breed တွေဖြစ်တဲ့ Basenji, Australian Dingo, New Guinea Singing Dog တို့နဲ့ ရုပ်ရည်ချင်း ဆင်ပါတယ်။ သို့သော် မြန်မာခွေးလေးတွေက အခြားသော ဘယ်ခွေးမျိုးစိတ်နဲ့မှ မတူတဲ့ ကိုယ်ခံအားကို ပိုင်ဆိုင်ထားကြပါတယ်။ ပိုင်ရှင်မဲ့အရေအတွက် ပိုများတဲ့ ဒီခွေးလေးတွေက အသက်ရှင်နိုင်ဖို့ ခက်ခက်ခဲခဲရုန်းကန်ရတာတွေကြောင့် အခြားသော Breed တွေထက် ကိုယ်ခံအား ပိုမြင့်စေပုံပေါ်ပါတယ်။ သဘာဝ အန္တရာယ်တစ်ခုခုကြောင့်မှ မဟုတ်ရင် အတိုင်းအတာတစ်ခုထိ အသက်ရှည်နိုင်ကြတဲ့ထိ Survival Skill မြင့်ပါတယ်။

ဉာဏ်ရည် အတော်မြင့်တဲ့ မြန်မာခွေးလေးတွေဆိုရင် သခင် မရှိသော်ငြားလဲ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် လူတွေကို ဘယ်လိုချဉ်းကပ်ပြီး ပေါင်းသင်း ရမယ်ဆိုတာကို ကောင်းကောင်းကြီးသိပါတယ်။ တစ်ခါအစာကျွေးဖူးရင်လဲ ကျေးဇူးကောင်းကောင်း သိတတ်တဲ့ ခွေးလေးတွေပါ။

Breed Standard မရှိတဲ့အတွက် ကိုယ်လိုချင်တဲ့ ရုပ်ရည်နဲ့စိတ်ထားအပြင် ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်နိုင်တဲ့ မြန်မာခွေးလေးတစ်ကောင် ရနိုင်ဖို့ကတော့ မလွယ်ပါဘူး။ တချို့သော မြန်မာခွေးလေးတွေက ဒေါင်ကောင်းလွန်းတာရှိသလို တခါတလေမှာ တချို့သော ဈေးကြီးခွေးတွေမှာတောင် မရှိတဲ့ ဉာဏ်ရည်မျိုး ရှိနေတတ်ပါတယ်။

နောက်တစ်ချက်က ငယ်တုန်းမှာ ချစ်စရာကောင်းလို့ ယူမွေးလိုက်ပေမယ့် ကြီးလာတော့ အိမ်နဲ့အဆင်မပြေလို့ ပြန်စွန့်ပစ်လိုက်ရတဲ့အခါ လမ်းဘေးခွေးတစ်ကောင် တိုးသွားတာပဲ အဖတ်တင်ပါတယ်။ လမ်းဘေးခွေးလေးတွေ အရေအတွက် တိုးလာခြင်းက ပတ်ဝန်းကျင်ကို အနည်းနဲ့အများ ထိခိုက်ပါတယ်။ ဒါကြောင့် မြန်မာခွေးလေးတွေကို တန်ကြေးမရှိဘူး ဆိုပြီး အလွယ်စိတ်နဲ့ မစွန့်ပစ်စေချင်ပါဘူး။‌ ဂေဟာတွေကိုလဲ လွယ်လွယ်နဲ့ မပို့စေချင်ပါဘူး။ လူနဲ့အရမ်းနီးစပ်တဲ့ ဗမာခွေးလေးတွေက သခင်ပေါ်ကို ဘယ်လောက် တွယ်တာတယ်ဆိုတာ မွေးဖူးသူတိုင်းသိကြမှာပါ။

ခွေးတစ်ကောင်ချင်းစီအလိုက် ဉာဏ်ရည်နဲ့ ကိုယ်ပိုင်စရိုက်တော့ ကွာဦးမှာပါ။ ဗမာခွေး လေးတွေဟာ ပိုက်ဆံတန်ကြေးအရ ‌ဈေးမရှိဘူးဆို‌သော်ငြားလဲ တန်ဖိုးဆိုတာ ကိုယ်ဘယ်လောက် အမြတ်တနိုးထားလဲဆိုတာပေါ် မူတည်ပါတယ်။ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် ကျွေးပေးတဲ့စရိတ်၊ accessories ပစ္စည်းလေးတွေရဲ့၊ ကုန်ကျစရိတ်ကရှိဦးမှာပါ။

မြန်မာခွေးလေးတွေလဲ သင်ပေးရင် တတ်လွယ်တယ်၊ ဉာဏ်ကောင်းပါတယ်။ စကားလုံးတော်တော်များများရဲ့ အဓိပ္ပါယ်ကို မှတ်နိုင်ကြပါတယ်။ ပိုက်ဆံပေးလိုက်ရင် မုန့်ဝယ်စားတတ်လို့ Social Media ပေါ်မှာ နာမည်ကြီးနေတဲ့ အောင်နိုင်စိုးက အကောင်းဆုံးဥပမာပါပဲ။

လမ်းဘေးခွေးဖြစ်မယ့်ထဲက ကိုယ်တတ်နိုင်သလောက် ကယ်တင်ပြီး သေချာဂရုတစိုက်မွေး‌ထားပေးတဲ့ သူတွေ အကုန်လုံးကိုလဲ ကျေးဇူးတင်ရပါတယ်။

Phenomenal Planet

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page