ကိုဗစ်ကပ်ရောဂါ အဆိုးဆုံး အနေအထားကို ရောက်လာဦးမယ်လို့ ဘီလ်ဂိတ် ပြောကြား

ကိုဗစ်ကပ်ရောဂါ အဆိုးဆုံး အနေအထားကို ရောက်လာဦးမယ်လို့ ဘီလ်ဂိတ် ပြောကြား

အမေရိကန်နိုင်ငံကို ဒီဇင်ဘာ (၁၄) ရက်နေ့မှာပဲ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး ရောက်ရှိလာပြီဖြစ်လို့ လူတွေ ဝမ်းသာနေချိန်မှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပူးတွဲထူထောင်သူ သူဋ္ဌေးကြီးဘီလ်ဂိတ်က အားလုံးစိတ်ဓာတ်ကျသွားစေမယ့် စကားပြောလိုက်ပါတယ်။

ဘီလ်ဂိတ်က ကိုဗစ်ရောဂါပိုးအကြောင်း လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ကြိုသိခဲ့ပြီး နောက်လာမယ့် လေးလနဲ့ ခြောက်လကြား ကာလအတွင်း ဒီဗိုင်းရပ်စ်ဒုက္ခပေးမှုက အဆိုးဆုံးအနေအထားကို ရောက်လာဦးမယ်လို့ ဒီဇင်ဘာ (၁၃) ရက်နေ့က စီအန်အန် နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ရပ်မှာ ပြောခဲ့တာဖြစ်ပါတယ်။

“ဝမ်းနည်းစရာပါပဲ။ နောက်လေးလနဲ့ခြောက်လအတွင်း ကိုဗစ်ကပ်ဆိုးဟာ အဆိုးဆုံးအခြေအနေ ရောက်လာဦးမှာပါ။ ကျန်းမာရေးစမ်းစစ်တွက်ချက်မှုနဲ့အကဲဖြတ် အင်စတီကျုဖြစ်တဲ့ The IHME ရဲ့ကြိုတင်ခန့်မှန်းချက်မှာ နောက်ထပ် နှစ်သိန်းကျော် ထပ်ပြီးသေဆုံးရဖို့ ရှိတယ်လို့ သိရတယ်။ မက်စ်တွေတပ်မယ်။ လူစုလူဝေးမလုပ်ဘူး။ စည်းကမ်းတကျ နေမယ်ဆိုရင်တော့ သေဆုံးနှုန်း ဒီထက်လျော့နည်းမှာပေါ့။” လို့ ဘီလ်ဂိတ်က ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ကိုဗစ်ရောဂါကို ကောင်းကောင်း စီမံကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဘီလ်ဂိတ်ကပြောခဲ့ပြီး ဗိုင်းရပ်စ်က မျှော်လင့်ထားတာထက် ပိုပြင်းထန်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုဗစ်ကပ်ဆိုးကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စီးပွားရေးအကျိုးသက်ရောက်မှု ဆိုးရွားခဲ့တာက လွန်ခဲ့တဲ့ငါးနှစ်က ခန့်မှန်းထားတာထက် အများကြီးပိုဆိုးသွားစေခဲ့တယ်လို့လည်း ဘီလ်ဂိတ်က ပြောပါတယ်။

ဘီလ်ဂိတ်ဟာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ဒီနေ့လိုအချိန်မျိုးမှာ လက်နက်တွေထက် ပိုပြင်းထန်တဲ့ ရောဂါကပ်ဘေး ကြီးမားစွာဆိုက်လိမ့်မယ်လို့ ကြိုပြောခဲ့ပြီး ထိခိုက်နိုင်မယ့် ကမ္ဘာ့စီးပွားရေးအခြေအနေကို ကြိုတင်တွက်ဆခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာ ဆေးပေါ်စပြုလာပြီ ဖြစ်လို့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ပုံမှန်လူသားဘဝတွေကို ပြန်ရမယ်လို့ မျှော်လင့်နေကြပေမယ့် ဘီလ်ဂိတ်ကတော့ ပုံမှန်ဘဝတွေပြန်ရဖို့ အကြာကြီးစောင့်ရနိုင်တယ်လို့လည်း ထပ်ပြီး သုံးသပ်ပြောဆိုပါတယ်။

“၂၀၂၂ နှစ်ဆန်းပိုင်းအထိပဲ ထားပါတော့။ ကျွန်တော်တို့က အခြားနိုင်ငံတွေမှာ ကိုဗစ်တိုက်ဖျက်ရေးကို မကူညီနိုင်ဘူးဆိုရင် ကိုယ့်နိုင်ငံထဲ ကာကွယ်ဆေးတွေ အကုန်ထိုးပေးနိုင်တယ်ဆိုရင်လည်း အဆင်မပြေနိုင်ပါ ဘူး။ ရောဂါပိုးက အပြင်ကနေ တစ်ကျော့ပြန် မိတ်ဆက်ဝင်ရောက်လာ ဦးမှာပါပဲ။ ဒီလိုဆို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေကလည်း ထပ်ကျဆင်းတာနဲ့ အမေရိကန်ရဲ့ စီးပွားရေးဟာလည်း အချိုးတူ ထိခိုက်သွား စေမှာပါပဲ။”လို့ ဘီလ်ဂိတ်က သတိပေး သုံးသပ်သွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page