နယ်စပ်နားက အမေရိကန်တပ်တွေကို စောင့်ကြည့်နေပြီး လိုအပ်ပါက ရုရှားကိုခေါ်မည်ဟု ဘီလာရုစ်သမ္မတပြော

အစိုးရဆန့်ကျင်ဆန္ဒပြမှုများဖြစ်နေတဲ့ ဘီလာရုစ်နယ်စပ်ကို အမေရိကန်တပ်များ ရုတ်တရက်ပြောင်းရွှေ့၊ အမေရိကန်တပ်များကို စောင့်ကြည့်နေဟု ဘီလာရုစ်သမ္မတပြော

အငြင်းပွား သမ္မတရွေးကောက်ပွဲအပြီး အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသော ဘီလာရုစ်နှင့်ပတ်သက်၍ တင်းမာမှုများ ရှိနေစဉ် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် တင့်ကားများသည် စစ်ရေးလေ့ကျင့်မှုအတွက် နှစ်လကြာတပ်စွဲထားရန် ဘီလာရုစ်နယ်စပ်အနီး လစ်သူယေးနီးယားသို့ စက်တင်ဘာ ၄ တွင် ရောက်ရှိလာခဲ့သည်။ သို့သော် ယင်းသည် ရုရှားကျောထောက်နောက်ခံပြု ဘီလာရုစ်ကို သတင်းစကားပေးပို့မှု မဟုတ်ကြောင်း လစ်သူယေးနီးယားအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ကြိုတင်စီစဉ်ထားသော စစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန်တပ်ဖွဲ့ဝင်များအား ပိုလန်မှ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း နေတိုးအဖွဲ့ဝင် လစ်သူယေးနီးယားက စက်တင်ဘာ ၂ ညနေတွင် ကြေညာချက်ထုတ် ပြန်ခဲ့ပါတယ်။ ယင်းသည် ကာကွယ်ရေးသက်သက် လေ့ကျင့်မှုဖြစ်ပြီး ဘီလာရုစ်အပါအဝင် မည်သည့်အိမ်နီးချင်းနိုင်ငံကိုမျှ မရည်ညွှန်းကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

သို့သော် ထိုတပ်ဖွဲ့ဝင်များသည် နိုင်ငံသို့ အစောပိုင်းကတည်းက ရောက်ရှိနေခဲ့ပြီး ဘီလာရုစ်တွင် သြဂုတ် ၉ က သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒပြမှုများမတိုင်မီကတည်းက ရောက်ရှိနေခဲ့ကြောင်း လစ်သူယေးနီးယားအစိုးရက ဆိုခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲတွင် အကြံအဖန်လုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုမှုများအား ပယ်ချခဲ့သော ဘီလာရုစ်ကာလ ရှည်ကြာအုပ်စိုးသူ အလက်ဇန္ဒာလူကာရှင်ကိုက နေတိုးမဟာမိတ်အဖွဲ့သည် နိုင်ငံနယ်စပ်များအနီး စစ်ရေးအင်အား ချဲ့ထွင်နေကြောင်း စွပ်စွဲခဲ့ပြီး လိုအပ်ပါက ရုရှား၏ စစ်ဘက်အကူအညီကို တောင်းခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လစ်သူယေးနီးယားတွင် စက်တင်ဘာ ၄ မှစတင်၍ နိုဝင်ဘာအထိ တပ်စွဲထားမှု၌ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၊ Abrams တင့်ကားနှင့် Bradley သံချပ်ကာယာဉ်များကဲ့သို့ စစ်ဘက်သုံးယာဉ်အစီး ၄၀ တို့ ပါဝင်ကြောင်း လစ်သူယေးနီးယားစစ်ဘက်ပြော ခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

အမေရိကန်သည် စစ်သား ၃၀၀ မှ ၁၀၀၀ အကြား တပ်ရင်းတစ်ရင်းစာအား သီတင်းပတ်နှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှုအတွက် စက်တင်ဘာတွင် စေလွှတ်မည်ဖြစ်ကြောင်း လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီးက ဇူလိုင် ၂၉ တွင် ပြောကြားခဲ့ပါတယ်။ အစိုးရရေဒီယိုနှင့် သြဂုတ် ၄ က အင်တာဗျူးတစ်ခုတွင်လည်း ၎င်းက အလားတူ ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁၄ မှ ၂၅ အထိ ပြုလုပ်မည့် နှစ်ပတ်လည် ထိုစစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်အပြင် ပြင်သစ်၊ အီတလီ၊ ဂျာမနီနှင့် ပိုလန်နှင့် အခြားနိုင်ငံများမှ တပ်ဖွဲ့ဝင် ၁၀၀၀ အထိနှင့် စစ်လေယာဉ်များလည်း ပါဝင်ကြမည်ဖြစ်ကြောင်း လစ်သူယေးနီးယားက ထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page