ဘေရွတ်ပေါက်ကွဲမှုပြီး တလခန့်ကြာတွင် အပျက်အစီးများအောက်၌ အသက်ရှင်နေသူများ လက္ခဏာတွေ့ရှိ
ဘေရွတ်ပေါက်ကွဲမှုပြီး တလခန့်ကြာတွင် အပျက်အစီးများအောက်၌ အသက်ရှင်နေသူများ လက္ခဏာတွေ့ရှိ
သြဂုတ် ၄ ရက်နေ့က ပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့တဲ့ ဘေရွတ်ဆိပ်ကမ်းအနီး ပြိုကျ အဆောက်အအုံတွေထဲက တစ်ခုအောက်မှာ ကြာသပတေးနေ့က အသက်ရှင်ကျန်သူတွေ ရှိနေသေးတဲ့ လက္ခဏာတွေ တွေ့ခဲ့ရတယ်လို့ ကယ်ဆယ်ရေုးလုပ်သားတွေက ပြောဆိုခဲ့ပါတယ်။
အနံ့ခံခွေးတွေ ပါဝင်တဲ့ ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ဟာ ဂျမေဇာ ဧရိယာရှိ ပြိုကျအဆောက်အအုံတစ်ခု အောက်ကနေ လှုပ်ရှားမှုလက္ခဏာတွေ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ကြာသပတေးနေ့ညနေပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။
ယင်း ဧရိယာဟာ လူ ၁၉၀ သေဆုံးကာ ၆၀၀၀ ခန့်ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုကြီးုဖြစ်ခဲ့ချိန်က အဆိုးဝါးဆုံး ပျက်စီးမှုဖြစ်ခဲ့တဲ့ နေရာတွေထဲမှာပါဝင်ပါတယ်။
အပူချိန် အာရုံခံကိရိယာမှာပြတဲ့ ဒီလက္ခဏာ (အသက်ရှုခြင်း၊ သွေးခုန်ခြင်း) တွေဟာ အသက်ရှင်သူတွေ ရှိနေနိုင်တယ်ဆိုတဲ့ လက္ခဏာဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်သား အက်ဒီ ဘစ်တာ က အခင်းဖြစ်နေရာမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
အပြိုအပျက်တွေကို နာရီအတော်ကြာ တူးဖော်ခဲ့သေးပေမယ့် အဆောက်အအုံရဲ့ လုံခြုံမှု အရမ်းစိတ်မချရတော့ဘူးလို့ ယူဆရတာကြောင့် ကယ်ဆယ်ရေးအစီအစဉ်ကို ရပ်ခဲ့ရကြောင်း သိရပါတယ်။ အပြိုအပျက်တွေကို လုံခြုံဘေးကင်းစွာနဲ့ မချီထုတ်ဖို့အတွက် ဧရာမ စက်ယန္တရားမျိုး လိုအပ်ကြောင်းနဲ့ မနက်ပိုင်းအထိတော့ ယင်းစက် ရောက်မလာနိုင်သေးကြောင်း ကယ်ဆယ်ရေးလုပ်သားတစ်ဦးဖြစ်တဲ့ မစ်ချယ် အီလ်မာရ်က ပြောဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့အတွက် အရမ်းအန္တရာယ်များပါကြောင်း ဒီနေရာမှာ ကယ်ဆယ်ရေးသမား ၁၀ ဦးရှိနေပြီး သူတို့ထဲက တစ်ယောက်ကိုမျှ အန္တရာယ်အဖြစ်မခံနိုင်ကြောင်း သတင်းထောက်တွေကို ၎င်းက ပြောခဲ့ပါတယ်။