ဘုရင်အဖြစ် အကြိမ်ကြိမ် လွဲခဲ့ရသူ (သို့) ပျဉ်းမနားမင်းသားကြီး နှင့် ထရံကာမင်းသမီး
မန္တလေးမြို့ ကြေးမြင်ကျောင်းရှေ့က ရေအ်ိုးစင်လေးမှာကပ်ထားတဲ့သချိုင်းကဗ္ပည်းစာကျောက်ပြားချပ်လေးကိုသေချာဖတ်ကြည့်မိတော့ထူခြားချက်လေးတစ်ခုကို သတိပြုမိတာပါ။
ကမ္ပည်းစာကျောက်ချပ်ပိုင်ရှင်တွေက မင်းတုန်းမင်းတရားကြီးရဲ့ သားတော်နဲ့သမီးတော်တွေဖြစ်ကြတဲ့ ပျဉ်းမနားမင်းသားကြီးနဲ့ ထရံကာထိပ်ခေါင်တင်တို့ ဇနီးမောင်နှံဖြစ်ပြီး သူတို့ရဲ့မွေးဖွားခုနှစ် နဲ့ ကွယ်လွန်တဲ့ ခုနှစ်နေ့ရက်တွေကိုလည်း အဲဒီကျောက်ချပ်မှာ ဖော်ပြထားတယ်။
ပျဉ်းမနားမင်းသားသည် ရေနံချောင်းမင်းကြီး၏ သမီး (ကြယ်မြင့်မိဖုရား) နှင့် မင်းတုန်းမင်းမှ မွေးဖွားလာသော သားတော်ဖြစ်သည်။ ပျဉ်းမနားမြို့ကို အပိုင်စားရသည်။
စည်းမျဉ်းခံဘုရင်စနစ်ကို အကောင်အထည်ဖော်ရန် ကင်း၀န်မင်းကြီး တို့ ကြိုးပမ်းစဉ်က အဖိုးဖြစ်သူ ရေနံချောင်းမင်းကြီး မှ ဘုရင်လောင်းအဖြစ် စာရင်းတင်ခံရသူ ဖြစ်သည်။ ထိုစဉ်က အသက် ၈ နှစ်သာ ရှိ၏။ နန်းတွင်းလူ thet ပွဲကြီးတွင် ရေနံချောင်းမင်းကြီး နှင့် ကင်း၀န်မင်းကြီးမှ အကာအကွယ်ပေးနိုင်ခဲ့သဖြင့် အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။ ထိုစဉ်က အသက် ၁၀ နှစ်သာ ရှိသေးသည်။
သီပေါမင်းပါတော်မူပြီးနောက် ကင်း၀န်မင်းကြီးတို့သည် ကုန်းဘောင်မင်းဆက် မပျက်စေရန် ကြိုးပမ်းကြရာ နောက်တဖန် ဗြိတိသျှ သြဇာခံဘုရင်လောင်း အဖြစ် ထပ်မံ စဉ်းစားခြင်းခံရပြန်သည်။
၁၉၄၂ ခုနှစ် ဂျပန်လက်အောက်တွင်လည်းဂျပန်တို့သည် ကုန်းဘောင်မင်းဆက် ကို ပြန်လည် အသက်သွင်းလိုသဖြင့် ဂျပန်များမှ ပျဉ်းမနားမင်းသားကြီး ကို ရှာဖွေကာ ဘုရင်အဖြစ် တင်မြှောက်ကာ ကုန်းဘောင်မင်းဆက် ကို ပြန်လည် အသက်သွင်းရန် စီစဉ်ခဲ့ကြသေးသည်။
သို့သော် ၂ နှစ် အုပ်ချူပ်ပြီးနောက် မဟာမိတ်တပ်များမှ ပြန်လည် တိုက်ခိုက်သဖြင့် ဂျပန်များ တပ်ဆုတ်သွားခဲ့ရာ ထိုအစီအစဉ်မှာ ပျက်သွားခဲ့ရသည်။ ထိုကဲ့သို့ဘုရင်အဖြစ်အကြိမ်ကြိမ် လွဲခဲ့ရတဲ့ပျဉ်မနားမင်းသားကြီးရဲ့ကံကြမ္မာက စိတ်ဝင်စားစရာကောင်းနေပါတယ်။
သူတို့ရဲ့ကွယ်လွန်တဲ့ ခုနှစ် ရက်လတွေကို စစ်ကြည့်တော့ လည်းစိတ်ဝင်စားဖွယ်အချက်တစ်ချက်ကိုတွေ့ရတာပါ။ ဒီဇနီးမောင်နှံနှစ်ယောက်ဟာ 1963 ဇွန်လအတွင်း တစ်ယောက်နဲ့ တစ်ယောက် သုံးရက်ကျော်ကျော်လောက်ပဲခြားပြီး ကွယ်လွန်လွန်ခဲ့တာဖြစ်ကြောင်း အဲဒီကမ္ပည်းစာအရ သိရပါတယ်။
မင်းသမီးကြီးက ဇွန်လ ၂ ရက်နေ့မှာကွယ်လွန်ပြီး မင်းသားကြီးက နောက်သုံးရက်ကျော်အကြာဖြစ်တဲ့ ဇွန်လ ၆ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါတဲ့။ အချိန်က သက္ကရာဇ် ၁၂၄၀ ပြည့်နှစ် ဝါတွင်းကာလ မင်းတုန်းမင်းတရားကြီး ကျမ်းမာရေးယိုယွင်းနေတဲ့အချိန်။ တစ်နေ့တော့ မင်းတရားကြီးနံနက်ပွဲတော်တည်ပြီးတဲ့အချိန်မှာ ငယ်ရွယ်တဲ့သားတော်သမီးတော်များကို အခစားဝင်စေပါတယ်။
အသက် ငါးနှစ်နှင့် ဆယ်နှစ်အကြားဖြစ်ကြတဲ့ သားတော်လေးများနဲ့ သမီးတော်လေးများကို တစ်ဖက်စီခြံရံစေပြီး ခမည်းတော်ဘုရင်ကြီးက အနှိပ်တော်ဆက်စေပါသတဲ့။ တကယ်တော့ မင်းတုန်းမင်းတရားကြီးက အညောင်းတော်ပြေစေလိုလို့ အနှိပ်တော်ဆက်စေတာမဟုတ်ဘဲ သားတော်သမီးတော်ကလေးများကို တွေ့ချင်လို့ အခုလို အခစားဝင်ရောက်စေတာဖြစ်မှာပါ။
အနှိပ်တော်အဆက်ခံနေတဲ့ မင်းတရားကြီးက ကိုယ်တော်နဲ့ အနီးကပ်ဆုံးမှာရှိနေတဲ့ တစ်ဖက်တစ်ချက်က သားတော်လေးနဲ့ သမီးတော်လေးနှစ်ပါးကို စူးစူးစိုက်စိုက်ရှုစားတော်မူပြီး တစ်ခုခုကို သဘောကျစွာနဲ့ပြုံးတော်မူသတဲ့။ စိတ်ထဲမှာလည်း သမီးတော်လေးနဲ့ သားတော်လေးနှစ်ပါးကို ကျီစယ်လိုတဲ့စိတ်တွေလည်း ဖြစ်ပေါ်လာတယ်ထင်ပါရဲ့။
မင်းတရားကြီးက လက်ယာဘက်မှာ အနှိပ်တော်ဆက်နေတဲ့ ခုနှစ်အရွယ် ပျဉ်းမနားမင်းသားလေးကို ခေါင်းညိပ်အချက်ပြပြီး ဝဲဘက်က ငါးနှစ်အရွယ် ထရံကာမင်းသမီးလေးကို မေးငေါ့ပြလို့ “သားတော်လေး သူ့ကို သိသလားကွဲ့” လို့မေးတော်မူသတဲ့။
ပျဉ်းမနားမင်းသားလေးက ခမည်းတော်မင်းတရားကြီးရဲ့ အမေးကို နှိပ်နေရင်းက “မြို့လှ ၊ မြို့လှ” ဆိုပြီး တိုတိုတုတ်တုတ်နဲ့ ပြန်ဖြေဆိုလိုက်သတဲ့။ တကယ်တော့ ခမည်းတော်ဘုရင်ကြီးက ရုတ်တရက် အမေးတော်ရှိလိုက်တာမို့ မင်းသားလေးခမြာ ထင့်ထင့်ငေါ့ငေါ့နဲ့ ဖြစ်သွားတာနေမှာပါ။
မင်းသားလေး အဲဒီလိုပြန်ဖြေကို ရည်ညွှန်းခံရသူမင်းသမီးလေးက သဘောကျတော်မမူဘူး။ မင်းသားလေးကို မျက်စောင်းတစ်ချက်ထိုးလို့ စိတ်ထဲမှာလည်း ခမည်းတော်မေးတော်မူတာကို အခုလိုမျိုး မရိုမသေ ဖြေရကောင်းလားဆိုပြီး မကျေမနပ်ဖြစ်လို့နေသတဲ့။
နောက်ထပ် မင်းသမီးလေးမကျေနပ်တဲ့အချက်က သူဟာ မြို့လှမြို့ကိုစားရတာအပြင် ထရံကာမြို့ကိုလည်း စားနေရသေးတော့ ဖြေရင်လည်း မြို့လှမြို့နဲ့ ထံရံကာမြို့စားမင်းသမီးလို့ ပြည့်ပြည့်စုံစုံ ဖြေပါတော့လားပေါ့။
အခုတော့ သူ့ကိုရည်ညွှန်းပြီး ပျဉ်းမနားမင်းသားလေးဖြေလိုက်ပုံက “မြို့လှ မြို့လှ” တဲ့။ အဲဒီအဖြေကို မင်းသမီးလေးကမကျေနပ်တာနဲ့ နှိပ်နေရင်း ပျဉ်းမနားမင်းသားလေးကို မျက်စောင်းလေးထိုးပြီး နှုတ်ခမ်းကိုလည်း စူထားလိုက်တော့တယ်။ မင်းသမီးလေးဖြစ်နေပုံကို အနှိပ်တော်ဆက်ခံနေတဲ့ မင်းတုန်းမင်းတရားကြီးက သဘောကျတော်မူသွားပြီး ပျဉ်းမနားမင်းသားလေးကို မေးငေါ့လို့ “သမီးတော်လေးက သူ့ကိုရော သိသလားဗျား” လို့မေးပြန်ပါတယ်။
ဒီအခါမှာ ထံရံကာမင်းသမီးလေးက ခမည်းတော်ဘုရားကို လက်အုပ်လေးချီလို့ “ပျဉ်းမနားမောင်မောင်ပါဘုရား” ဆိုပြီး ယဉ်ကျေးသိမ်မွေ့စွာနဲ့ လျှောက်တင်လိုက်ပါတယ် ။ ပြီးတော့မင်းသမီးလေးက “တွေ့လား … ဒီလို ယဉ်ယဉ်ကျေးကျေး လျှောက်တင်တတ်ရတယ်” ဆိုတဲ့ မျက်နှာပေးလေးနဲ့ ပျဉ်းမနားမင်းသားလေးဘက်ကို မျက်စောင်းလေး ထိုးလိုက်သေးသတဲ့။
မင်းတုန်းမင်းတရားကြီးမှာ သူတို့နှစ်ယောက်ရဲ့ ဖြစ်နေပုံတွေကို သဘောကျလွန်းလို့ သားတော်သမီးတော်တွေအကြား အနှိပ်တော်အဆက်ခံနေရင်း တဟားဟားနဲ့ ရယ်မောနေခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနေ့က မင်းသားမင်းသမီးလေးတွေကို ပြန်ခါနီးမှာ ပျဉ်းမနားမင်းသားလေးနဲ့ ထရံကာမင်းသမီးလေးတို့ကို ဘယက်တစ်ကုံးစီနဲ့ ကျန်သားတော်သမီးတော်လေးတွေကိုတော့ ကစားစရာအရုပ်တွေ ချီးမြှင့်လိုက်သတဲ့။
နောက်ပြီး ပျဉ်းမနားသားတော်လေးရဲ့မယ်တော် ကြေးမြင်မိဖုရားကြီးနဲ့ ထရံကာမင်းသမီးလေးရဲ့မယ်တော်ဖြစ်တဲ့ ငါန်းဇွန်းမိဘုရားတို့ကိုလည်း အခစားဝင်ခဲ့ဖို့ မင်းတုန်းမင်းတရားကြီးက အမှာပါးလိုက်ပါသေးတာပါ။ မိဖုရားနှစ်ပါးအခစားဝင်တော့ မင်းတုန်းမင်းတရားကြီးက
“သည်ကလေးတွေ အရွယ်ရောက်လာတဲ့အထိ မောင်တော်နေရတော့မယ်မထင်ပါ့၊ သည်တော့ သင်းကလေးတို့ အရွယ်ရောက်လာရင် လက်ဆက်ပေးလိုက်ကြပါကွယ်တို့” လို့ဆိုပြီး မိန့်တော်မူခဲ့တယ်လို့ ဆိုပါတယ်။ မင်းတုန်းမင်းတရားကြီးရဲ့ အမိန့်စကားဟာ အဲဒီအချိန်ကစပြီး ရွှေနန်းတော် အသိုင်းအဝိုင်းထဲမှာ တီးတိုးသတင်းစကားအဖြစ်နဲ့ ပျံ့နှံ့သွားပါတော့တယ်။
အဲဒီသတင်းစကားပျံ့နှံ့မှုဟာ ပါတော်မူပြီးနောက်ပိုင်း ပျဉ်းမနားမင်းသားလေးနဲ့ ထရံကာမင်းသမီးလေးတို့ အရွယ်ရောက်လာခဲ့တဲ့အထိ ဆိုပါတော့။ မင်းတုန်းမင်းတရားကြီးရေးခဲ့တဲ့ နဖူးစာရေးကို အင်္ဂလိပ်လက်ထက်ရောက်တဲ့အချိန်မှာ အကောင်အထည် ဖော်လိုက်ကြပါတော့တာပါ။
1902 ခုနှစ် မတ်လ 25 ရက်နေ့ ရန်ကုန်မြို့ကအိမ်တော်မှာ ပျဉ်းမနားမင်းသားနဲ့ ထရံကာထိပ်ခေါင်တင်တို့ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာနဲ့ အင်္ဂလိပ်အစိုးရအရာရှိတွေက ကြီးမှူးပြီး ကျင်းပပေးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ပျဉ်မနားမင်းသားက သက်တော် 30 နှစ်ရှိပြီဖြစ်ပြီး ထရံကာထိပ်ခေါင်တင်က သက်တော် 28 နှစ်ရှိပါပြီတဲ့။
လက်ထပ်ပြီးနောက်ပိုင်းမှာ အင်္ဂလိပ်တို့ရဲ့ မြန်မာမင်းသားတို့အပေါ် ပြုမြဲထုံးစံအတိုင်း ပျဉ်းမနားမင်းသား အိန္ဒိယကိုပို့လိုက်တော့တာပါ။ ဒီတော့ ထရံကာထိပ်ခေါင်တင်လည်း သျှောင်နောက်ဆံထုံးပါဆိုသလို ပျဉ်းမနားမင်းသားကြီးနဲ့အတူ အိန္ဒိယအထိ လိုက်လိုက်ပါခဲ့ရတာပေါ့။
မင်းတုန်းမင်းတရားကြီး၏ ကြောင်းလမ်းချက်ကနေ အစပြုပြီး ပေါင်းဖက်ဖြစ်သွားကြတဲ့ မင်းသားကြီးနဲ့ မင်းသမီးကြီးတို့ ဇနီးမောင်နှံဟာ တစ်ဦးနဲ့တစ်ဦး သိပ်ကိုချစ်ကြတယ်လို့ဆိုတယ်။ မင်းသားကြီးက သူ့ဇနီးထရံကာမင်းသမီးကြီးကို နှမလေး၊ ဘေဘီလေး လို့ ကြင်ကြင်နာနာခေါ်လေ့ရှိသတဲ့။
တစ်ယောက်နဲ့ တစ်ယောက်လည်း မျက်စိအောက်က အပျောက်မခံကြဘူး။ မင်းသားကြီးနဲ့ မင်းသမီးကြီးတို့ ဇနီးမောင်နှံဟာ မြန်မာနိုင်ငံရဲ့ ခေတ်အပြောင်းအလဲ အမျိုးမျိုးနဲ့ ကြုံခဲ့ရတော့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ပြီး ဘဝကိုဖြတ်သန်းခဲ့ကြရတာပါ။ အိန္ဒိယမှာ ဖွားမြင်တဲ့ ပထမသားတော်လေးကို ကြေးမြင်မိဖုရားကမြန်မာနိုင်ငံကို ဆောင်ယူလာပြီး သိပ်မကြာခင်မှာပဲ ဆုံးပါးသွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်ထွန်းကားခဲ့တဲ့ သားတော်တွေကလည်း စစ်ကြီးအတွင်းမှာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ပြန်ပါတယ်။
မင်းသားကြီးတို့ ဇနှီးမောင်နှံ အသက်ကြီးလာတဲ့ အချိန်မှာတော့ မြေးတွေ အချွေအရံတွေနဲ့ပဲ ဘဝနေဝင်အချိန်ကို တစ်ဦးကိုတစ်ဦး မှီထိန်းပြီး ချစ်ကြင်နာစွာနဲ့ နေလာခဲ့ကြတာဖြစ်ပါတယ်။ နှစ်ပေါင်း 60 ကျော်အတွင်း အတူတကွ နေထိုင်လာခဲ့တာဟာ တစ်ဦးနဲ့တစ်ဦး ဘယ်တုန်းကမှ မခွဲဖူးဘူးလို့ ဆိုပါတယ်။
သက်တော် 90 ၊ 90 ကျော်လာတာတောင်မှ အတူမခွဲဘဲ ကုတင်တစ်လုံးတည်းမှာသာ အိပ်စက်တော်မူသတဲ့။ သို့သော်လည်း တစ်ချိန်မှာတော့..။ 1963 ခုနှစ် ဇွန်လ 3 ရက်နေ့ထုတ် လူထုသတင်းစာမှာ “မင်းတုန်းမင်း၏ သမီးတော် အသက်တော် 90 ရှိ ထရံကာထိပ်ခေါင်မင်းသမီးကြီး ကံတော်ကုန်ရှာပြီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ နာရေးသတင်တစ်ခု ပါလာပါတယ်။
အဲဒီနာရေးသတင်းမှာ.. ”မင်းတုန်းမင်းတရားကြီးရဲ့ သားတော် သမီးတော်အရင်းနှစ်ပါး မန္တလေးမြို့မှာ ရှိနေသေးရာမှာ အသက်တော် 90 ရှိပြီဖြစ်တဲ့ ထရံကာထိပ်ခေါင်တင်မင်းသမီးကြီးဟာ ဇွန်လ 2 ရက်နေ့ ည 7 နာရီအချိန်မှာ လူကြီးရောဂါနဲ့ ကံတော်ကုန်ခဲ့ပြီဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ 7 ရက်ခန့်က မြေးတော်များကို သင့်သလို ရှင်ပြုနားသ အလှူတော်ပြုပြီးနောက် အနည်းငယ် နေမကောင်းဖြစ်ရာမှ ညနေ 7 နာရီအချိန်လောက်မှာ ပုတီးစိပ်ရင်း ကံတော်ကုန်သွားခြင်းဖြစ်ကြောင်း” ဖော်ပြပါရှိတယ်လို့ ဆိုပါတယ်။
ထရံကာမင်းသမီးကြီးရဲ့ နာရေးကြေညာပါပြီးနောက် လေးရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ7ရက်နေ့ လူထုသတင်းစာမှာ “ပျဉ်းမနားမင်းသားကြီးပါ ကံတော်ကုန်ရှာပြီ” ဆိုတဲ့ ခေါင်းကြီးသတင်းတစ်ပုဒ် ပါလာပြန်တော့ မန္တလေးမြို့နေလူထုကြီးဟာ အထိတ်တလန့် တအံ့တတသြမှုတွေ ဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။
မင်းသားကြီးဟာ နှမတော်ကံတော်ကုန်ပြီဆိုတာနဲ့ အကြီးအကျယ်စိတ်ထိခိုက်ပြီး ငယ်စဉ်ကကိုင်ခဲ့တဲ့ သေနတ်ကိုသာရှာနေပြီး နှမတော် ဒီလိုဖြစ်မယ်မှန်းသိရင် မနေ့ကတည်းက ငါ့ကိုယ်ငါသတ်သေတယ် လို့သာ ပြောနေကြောင်း၊ သလွန်တော်ပေါ်မှာ ပြင်ထားတဲ့ မင်းသမီးကြီးရဲ့ အလောင်းအနားကိုသွားသွားပြီး မျက်ရည်မဆည်နိုင်ပဲ ငိုနေကြောင်း၊ “သူမရှိရင် ငါနေလို့ကော ဘာကျေးဇူးရှိအုံးမှာလဲ” ဆိုပြီး မိန့်တော်မူကြောင်း၊ မင်းသမီးကြီး ကံတော်ကုန်တဲ့ညကစပြီး ပျဉ်းမနားမင်းသားကြီးဟာ ပွဲတော်လည်း ကောင်းကောင်းမတည်တော့ကြောင်း၊ ညဘက်ဆိုလည်း တခြားကုတင်မှ ပြောင်းမအိပ်ဘဲ မင်းသမီးကြီးနဲ့ အတူစံတော်မူတဲ့ (မင်းသမီးကြီး ကံတော်ကုန်တဲ့ကုတင် ) ကုတင်မှာသာ လဲလျှောင်းနေကြောင်းတွေကို ဖော်ပြထားတယ်လို့ သိရပါတယ် ။
မင်းသားကြီးဟာ မင်းသမီးကြီး အလောင်းတော်ပြင်ထားတုန်းမှာ မျက်ရည်တရွှဲရွှဲနဲ့ ဖြစ်နေပြီး ကောင်းကောင်းလည်း မအိပ်စက်နိုင်ဘူးလို့ ဆိုပါတယ်။ ဇွန်လ 3 ရက်နေ့ကတည်းက အအိပ်ပျက် အစားအပျက်နဲ့ စိတ်ထိခိုက်မှုတွေကြောင့် နေမကောင်းဖြစ်လာတဲ့အခါ မြေးများ ချွေးမများက ဆရာဝန်ပင့်မယ်လို့ လျှောက်တင်ပေမယ့် မပင့်ခိုင်းဘူးတဲ့။
5 ရက်နေ့ရောက်တော့မှ ဆရာဝန်ပင့်ခိုင်းပါတယ်။ ဆရာဝန်များကလည်း ဘာရောဂါကိုမှ ရှာမတွေ့ဘူးတဲ့။ ဆရာတော်တွေကြွလာပြီး စိတ်ချမ်းသာအောင်နေဖို့ မင်းသားကြီးကို တရားပြပါတယ်။ ညနေပိုင်းရောက်တော့ ပုတီးစိပ်တယ်။ တကိုယ်လုံးလည်းအေးစက်နေတယ်၊ သူ့ကို ကိုင်ကြည့်တော့ “မင်းတို့အသားတွေပူတယ် မကိုင်နဲ့” လို့ ဆိုပြီး ယပ်သာခတ်ခိုင်းသတဲ့။
ဒီလိုနဲ့ပဲ မင်းသားကြီးဟာ နံနက်လေးနာရီလောက်မှာ ကံတော်ကုန်ပါတော့တယ်။ မနက်ရောက်တော့ စံအိမ်တော်မှာ ထံရံကာမင်းသမီးကြီးရဲ့ အလောင်းတော်ပြင်ထားတဲ့ သလွန်နဲ့ယှဉ်ပြီး ပျဉ်မနားမင်းသားကြီးရဲ့ အလောင်းတော်ကို ပြင်ထားလိုက်ရပါတော့တယ်။
ပျဉ်းမနားမင်းသားကြီးနဲ့ ထရံကာမင်းသမီးကြီးတို့ရဲ့ ရုပ်ကလပ်ကို သုံးလကျော်ကြာပြီးဖြစ်တဲ့ အောက်တိုဘာလ 12 ရက်နေ့မှာမှ ဂူသွင်းမြုတ်နှံခဲ့တယ်လို့ သိရပါတယ်။ ဂူသွင်းမြုတ်နှံခဲ့တဲ့နေရာက ကြေးမြင်မိဖုရားကြီးရဲ့သချိုင်းတော်ဝင်းမှာပါ။ မင်းသားကြီးတို့ ဇနီးမောင်နှံနှစ်လောင်းကို အုတ်ဂူတစ်ခုထဲမှာသွပ်သွင်းပြီး အပေါ်မှာမှ ပြသာဒ်နှစ်ခုကို ခွဲလုပ်ခဲ့ပါသတဲ့ ။
မန္တလေးမြို့ကြီး တိုးတက်ပြောင်းလဲလာတော့ ကြေးမြင်မိဖုရားသချိုင်းတော်ဝင်းဟာ လူနေရပ်ကွက်ထဲကို တစ်ဖြည်းဖြည်းရောက်လာခဲ့တာမို့ ဆွေတော်မျိုးတော်တွေက အုတ်ဂူများကိုတူးဖော်ပြီး ရွှေ့ပြောင်းလိုက်ရတယ်လို့ သိရပါတယ်။
သချိုင်းပြောင်းတဲ့အချိန်မှာ ကြေးမြင်ကျောင်းဆရာတော်က ပျဉ်းမနားမင်းသားကြီးနဲ့ ထရံကာမင်းသမီးကြီးတို့ရဲ့ အုတ်ဂူက ကဗ္မည်းကျောက်စာချပ်တွေကို သိမ်းထားပြီး သူ့ကျောင်းက ရေအိုးစင်အောက်ခြေမှာထည့်သွင်းထားတာပါ။ ကြေးမြင်ကျောင်းမှာ မြင်ခဲ့ရတာဟာ အဲဒီကျောက်စာချပ်တွေပဲဖြစ်ပါတော့တယ်။
စာကိုး ။ ကုန်းဘောင်အလွန် / ဒုတိယအုပ် (မောင်သန်းဆွေ – ထား၀ယ)