ပုဂံဒေသမှာ ဘာလို့ ပုဂံခေတ်က သင်းချိုင်းတွေ မတွေ့ရတာလဲ
ပုဂံခေတ် လူမှုဘဝကို အကောင်းဆုံးသိရှိစေမည့် ပုဂံခေတ်ကျောက်စာချပ် ၈၂ ချပ်ပြသထားသည့်ပုဂံရှေးဟောင်း သုတေသနပြတိုက်၏ကျောက်စာပြခန်း ရှိပါတယ်။
ကျောက်စာတွေထဲမှာပါဝင်သည့် သူကြွယ်နာမည်တွေ ကျွန်နာမည်တွေ လယ်မြေ၊ ကျွန်နဲ့၊ အခြားသောရွှေငွေ၊ ကျွဲ၊ နွားတိရိစ္ဆာန်များ၏ အလှူမှတ်တမ်းများက စိတ်ဝင်စားစရာကောင်းလှပါတယ်၊ ကျောက်စာတစ်ချပ်ထဲမှာ နံရံပန်းချီဆွဲတာကိုပါ အလှူအတန်းပြုထားတာတွေပါ တွေ့ရပါတယ်။
ထူးထူးခြားခြားအနေနဲ့ ကျောက်စာတစ်ချပ်ထဲမှာ လင်ဖြစ်သူသေဆုံးလို့ သချိုင်းနေရာမှာ ဘုရားတည်လှူတယ်လို့ ပါရှိတဲ့အတွက် ရှာမတွေ့သေးတဲ့ ပုဂံခေတ်ကသချိုင်းကုန်းတွေဟာ သက်ဆိုင်ရာအလှူရှင်တွေ တည်ခဲ့တဲ့ဘုရားတွေရဲ့ဝန်းကျင်ဒါမှမဟုတ် ဘုရားတွေရဲ့ပန္နက်အောက်မှာများရှိနေမလား တွေးမိပါတယ်။
မီးငြိမ်းကုန်းဘုရားနဲ့ မြင်းပြဂူဘုရားကြားထဲက ဘုရားတစ်ဆူကို ပြန်လည်ထိန်းသိမ်းရာမှာ မြေတိုက်ခန်းအတွင်း အရိုးနဲ့အိုးကွဲတွေတွေ့ရှိခဲ့ရပါတယ်။ အဆိုပါနေရာလေးကို သွားရောက်လေ့လာကြည့်တဲ့အခါ ဘုရား၏ တံတိုင်းအတွင်းဘက်ဘက် တောင့်နေရာလေးမှာ အုတ်ကြမ်းခင်းအောက် မြေတိုက်ခန်းလေးပုံစံပြုလုပ်ထားကြောင်းတွေ့ရှိရပြီး အတိုင်းအတာအားဖြင့် လူတစ်ယောက်ထည့်သွင်းမြုပ်နှံစာလောက်သာ ကျယ်ဝန်းကြောင်းတွေ့ရှိရပါတယ်။
ဒါ့ပြင် စေတီငယ်တစ်ဆူမှာ ဝင်ပေါက်တစ်ပေါက်သာပါရှိပြီး အတွင်းမှာ ဘုရားဆင်းတုသတင်းသုံးရန်အတွက် ပလ္လင်ခုံမပါရှိပဲ စေတီငယ်၏ ဝင်ပေါက်တည့်တည့်နေရာတွင် လွန်စွာကျဉ်းမြောင်းသည့် လှေခါးထစ်ပုံစံတွေ့ရပြီး ကြမ်းခင်းအောက် မြေတိုက်ခန်းတစ်ခုသဖွယ်ပြုလုပ်ထားပြီး အတွင်း၌ တံကဲပုံစံ ပေါင်းမိုးတစ်ခုမှာ အုတ်ခဲကျိုးများအကြား ပေါ်လွင်နေပါတယ်။ အတွင်းတွင် မြေစာနှင့်အုတ်ခဲကျိုးတို့ဖြင့်ရောနှောပိတ်ဆို့နေပြီး လူတစ်ကိုယ်စာအောက်သို့ဆင်းရန်ပင်အတော်ခက်ခဲနိုင်ပါတယ်၊ မည်သည့်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခဲ့သည်ကို မသိရှိနိုင်သော်လည်း စေတီငယ်အတွင်း ဘုရားဆင်းတုတော်ထားရှိရန်ပလ္လင်ခုံမပါရှိသည့်အတွက် သင်္ဂြိုလ်မြုပ်နှံမှုနှင့် ဆက်နွယ်နေမည်လား တွေးတောစရာပင်ဖြစ်သည်။
၄င်းအပြင် အရှေ့ဖွားစောရွာသွားရာလမ်းအနီး ပြဿဒ်ငယ်ဟု ခေါ်ဆိုသော အဆောက်အအုံကို ပြန်လည်ထိန်းသိမ်းရာတွင်လည်း ပြဿဒ်ငယ်အဆောက်အအုံ၏ထိပ်ဆုံး တိုက်မအတွင်းရှိအခန်းငယ်ကြမ်းခင်းအောက်၌ မြေအောက်အခန်းငယ်တစ်ခုကို တွေ့ရှိရပြန်ပါတယ်။
ဒါကြောင့် ပုဂံခေတ် သင်္ဂြိုလ် မြုပ်နှံမှုနှင့်ပတ်သက်ပြီး ပျူခေတ်နှင့် နှိုင်းယှဉ်လေ့လာသည့်အခါ ပျူခေတ်တွင် လူသေကိုမီးရှို့ပြီး အရိုးပြာကို အရိုးအိုးအတွင်းထည့်သွင်း၍ ဘာသာရေးအဆောက်အဦတစ်ခုခု၏ ဖို့မြေအတွင်း မြုပ်နှံသည့်ဓလေ့ရှိခဲ့ခြင်းကြောင့် ပျူခေတ်ဘာသာရေးအဆောက်အုံများထက်လွန်စွာကြီးမားလာသည့် ပုဂံခေတ် ဘာသာရေးအဆောက်အအုံများအတွင်း မြေတိုက်ခန်းများ၊ လျှိုဝှက်အခန်းများ ပြုလုပ်၍ မြုပ်နှံခဲ့ကြသလား တွေးတောစရာပင်ဖြစ်သည်။
(Phyo Haymann)