ပုဂံရာဇဝင်ထဲက ထူးထူးခြားခြား လူဝင်စားဘုရင်များ အကြောင်း

ပုဂံရာဇဝင်ထဲက ထူးထူးခြားခြား လူဝင်စားဘုရင်များ အကြောင်း

လူဝင်စားများသည် ယနေ့ခေတ်တွင် ပိုမိုထင်ရှားလာခဲ့သော်လည်း ပုဂံခေတ်ကတည်းကပင် လူဝင်စားများရှိကြောင်း မှတ်တမ်းအများအရ သိရှိရသည်။

ပုဂံကို စတင်တည်ထောင်သူ သမုဒ္ဒရာဇ်မင်းသည်ပင် ပုဂံမင်းဆက် ၅၅ ဆက် ရှိသည့်အနက် ၄၂ ဆက်မြောက် အနော်ရထာမင်း အဖြစ်တစ်ကြိမ် ၊ ၅၀ဆက်မြောက် ကျစွာမင်းအဖြစ် တစ်ကြိမ်ဝင်စားခဲ့သည်ဟု ဆိုသည်။

အလားတူ ပုဂံမင်းဆက် ၃၆ဆက် မြောက်ဖြစ်သူ စလေငခွေးမင်းသည်လည်း ၄၆ ဆက် မြောက် နရသူမင်း အဖြစ် လည်ကောင်း ၊ ၅၂ ဆက်မြောက် နရသီဟပတေ့ အဖြစ်လည်ကောင်းဝင်စားခဲ့သည်ဟု ဆိုသည်။

ထို့အတူ ပျူစောထီးမင်းမှာလည်း ခုနှစ်ဆက်မြောက် သေလည်ကြောင်မင်း ၊ ၄၄ဆက်မြောက် ကျန်စစ်သားမင်း စသည်ဖြင့် ဝင်စားခဲ့သည် ဟု ဆိုပြန်သည်။ ထိုလူဝင်စားမင်းများနှင့် ပတ်သတ်၍ ရှာဖွေတင်ပြလာသူမှာ ညောင်ရမ်းခေတ် သမိုင်းပညာရှင်ကြီး ဦးကုလားပင်ဖြစ်သည်။ ဦးကုလား၏ မဟာရာဇဝင်ကြီးကျမ်းတွင်

‘ပုဂံ၌ သုံးကြိမ်မင်းပြုသော မင်းတို့အမည်များအကြောင်း ။ ။ ဘုရားရှင် တန့်ကြည်တောင်ဖျားထက် ဗျာဒိတ်ထားတော်မူ သောအခါ အင်ဖက် သုံးချပ်ကို ထီးပြု၍ ဘုရားရှင်အား နေကာဖူးသော တောင်စောင့်ဘီလူးကို ဤပြည်၌ မင်းသုံးဆက် ဖြစ်လတ္တံသည် ဟု ဗျာဒိတ်ထားတော်မူသည် နှင့် အညီ စလေငခွေး မင်း တစ်ကြိမ် ၊ ကုလားကျတစ်ကြိမ် ၊ နရသီဟပတေ့ တစ်ကြိမ် သုံးကြိမ်ဖြစ်လာသည်ဟူ၏။’

သမုဒ္ဒရာဇ်မင်း ၊ အနော်ရထာမင်း ၊ ကျစွာမင်း ဤ မင်းသုံးဆက်တို့သည်လည်း တစ်ယောက်တည်းသုံးကြိမ်ဖြစ်သည်။ ‘ပျူစောထီး ၊ သေလည်ကြောင် ၊ ကျန်စစ်သား ဤမင်းသုံးပါးတို့သည်လည်း တစ်ယောက်တည်း သုံးကြိမ်ဖြစ်လာသော ဟူ၏။ ဦးကုလား၏ ရာဇဝင်ကျမ်းက ကျန်စစ်သားသည် ပျူစောထီးမင်း ၊ သေလည်ကြောင်မင်းမှ ဝင်စားသူဟု ဆိုသော်လည်း ရွှေစည်းခုံမွန်ကျောက်စာ၌မူ-

‘ဗိဿနိုးရသေ့သည် ထိုမှ ကွယ်လွန်၍ ဗြဟ္မာလောကသို့ ရောက်လတ္တံ၊ ဗြဟ္မာလောကမှ ကွယ်လွန်၍ အရိမဒ္ဒနပူရ၌ ဖြစ်လာလတ္တံ။ ဂြီတြိဘုဝနာ ဒိတျဓမ္မရာဇ်မင်းဟူသော အမည်ကိုခံ၍ ငါ၏ သာသနာကို ချီးပင့်လတ္တံ’ ဟု တွေရှိရသည်။ ကျောက်စာပါဖော်ပြချက် အရမူ ကျန်စစ်သားသည် ဗိဿနိုးရသေ့မှ ဝင်စားသူ ဖြစ်ပေလိမ့်မည်။

သမုဒ္ဒရာဇ်မင်းသည် ပုဂံကို ပထမဆုံး တည်ထောင်ခဲ့သည့်နည်းတူ အနော်ရထာမင်းမှာလည်း ပထမမြန်မာနိုင်ငံကို စတင်တည်ထောင်ခဲ့သူ အဖြစ်ထင်ရှားသည်။ ကျစွာမင်းမှာမူ အမိန့်တော်ပြန်တမ်းကျောက် စာများ ထုတ်ပြန်စိုက်ထူပြီး နိုင်ငံတော် တိုးတက်စည်ပင်ရေး ၊ သူခိုးသူဝှက်များ ကင်းရေးအတွက် ကြိုးပမ်းနေဆဲကာလမှာပင် နတ်ရွာစံလွန်ခဲ့ရသည်။

စလေငခွေးမင်း ၊ နရသူမင်း နှင့် နရသီဟပတေ့ မင်းတို့ ဖြစ်စဉ်မှာလည်း ဆင်တူရိုးမှားပင် ဖြစ်သည်။ စလေငခွေးသည် ပြည်သူများအား နှိပ်စက်သူ ၊ အငြိုးထားသူ မင်းဆိုးမင်းညစ်အဖြစ်ထင်ရှားသည်။

နရသူ သည်လည်း ခမည်းတော် အလောင်းစည်သူမင်းအား အဝတ်ဖြင့် ဖိသတ်ကာ ထီးနန်းရယူခဲ့သူ ဖြစ်ပြီး အလွန်ဆိုးသွမ်းလွန်းသဖြင့် သူ၏ လက်ထက်တွင် ပြည်သူ ရဟန်းများ အခြားဒေသသို့ ရွှေ့ပြောင်းပြေးကြရသည်။ နရပတေ့သည် ထိုအတိုင်းပင် ၊ အစားကြီးလွန်းသူ ၊ အဆင်အခြင်မဲ့သူ တိုင်းပြည်အား မထိန်းသိမ်းနိုင်သူ မင်းဆိုးမင်းညံ့ အဖြစ်ထင်ရှားလေသည်။

ပျူစောထီး ၊ သေလည်ကြောင်မင်း နှင့် ကျန်စစ်သားမင်းတို့ သုံးဦးစလုံးမှာလည်း တိုင်းပြည်အား တိုင်းပြည်အား အေးချမ်းသာယာအောင် အုပ်ချုပ်နိုင်ခဲ့သည့် မင်းများဖြစ်ကြလေသည်။

ရာဇဝင်ထဲက ဖြစ်ရပ်ဆန်းများ – တင်နိုင်တိုး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page