(၁၉၉၃) ခုနှစ်တုန်းက မြန်မာတနိုင်ငံလုံးကို သိမ်းပိုက်ခဲ့တဲ့ ဗဒင်ရဲ့ နေရာ သီချင်းခွေ

လိုက်လို့မရှာလည်း တွေ့တွေ့နေတယ် လှမ်းလို့မခေါ်လည်း ရောက်ရောက်လို့လာတယ် တမ်းတခါမှ အခုတော့ဘယ်မှာ မတွေ့ရတော့ပါ ပျိုပျိုမေရဲ့ …

တစ်နိုင်ငံလုံး သိမ်းပိုက်ခဲ့တဲ့ သီချင်းတွေနဲ့ ဗဒင် ရဲ့ နေရာ.. တစ်ပုဒ် နှစ်ပုဒ် ပေါက်တာမဟုတ်ပဲ Side A, Side B သီချင်း ၁၄ ပုဒ် သီချင်းတိုင်း ပေါက်ခဲ့တဲ့အခွေ …

နိုင်ငံတော်သီချင်းလို့တောင် လူရွှင်တော်တွေ ပျက်လုံးထုတ်ခဲ့ကြတဲ့ သီချင်းခွေ.. ကက်ဆက်ရှိတဲ့ အိမ်တိုင်း မဝယ်မနေရ အမိန့်မထုတ်ရပါပဲ ဝယ်ခဲ့ကြတဲ့ အခွေ.. လက်ဘက်ရည်ဆိုင်တွေရှေ့ ဖြတ်လျှောက်မိရင် ဟိုဘက်ဆိုင် ဒီဘက်ဆိုင် သူ့သီချင်းသံတွေချည်း ဆက်နေအောင် ကြားရတဲ့ အခွေ …

ခရစ်ယာန်ဘာသာဝင်တွေအတွက်လည်း သိုးမည်းတွေအကြောင်း သီချင်းက ပြဋ္ဌာန်း သီချင်းလို ဖြစ်ခဲ့တယ်လို့ ဖတ်ရဖူးတယ် …

၁၉၉၃ ခုနှစ်ဟာ ကျွန်တော်တို့လို သီချင်းချစ်သူတွေကို သီချင်းအကောင်းစားတွေအများကြီး လက်ဆောင်ပေးခဲ့တယ် …

လေးဖြူ ကန္တာရလမင်း
ဇော်ဝင်းထွဋ် နေရာသစ်
မာရဇ္ဇ ပုံရိပ်မဲ့ဂရပ်ဖစ်
ရင်ဂို ကံကောင်းခြင်းလက်ဆောင်
ရဲသွင် နှင်းဆီလှိုင်းများ
မျိုးကျော့မြိုင် ကမ္ဘာကြီးအပြင်ဘက်
စိုးသူ ရာသက်ပန်
ဗလ ယဉ်တစ်ကိုယ် မိုး
တာရာ ပုလဲသီတကွဲစီ
သီရိကိုကို မောင့်ကို
အဲ့ဒီ ၁၉၉၃ ခုနှစ်မှာပဲ ဗဒင် ရဲ့ နေရာ အခွေ ထွက်ခဲ့တယ် …

ဗဒင် က အဆိုတော်အနေနဲ့ အခွေမထွက်ခင်ကတည်းက တေးရေးအနေနဲ့ အောင်မြင်ခဲ့ပြီးသား တစ်ယောက်ပါ.. ဂျေမောင်မောင် ရဲ့ အသည်းစွဲ သီချင်းက သူ့လက်ရာ ဖိုးချို ပြန်ဆိုမှ ပေါက်ခဲ့တဲ့ ရိုးရိုးအေးအေးကြီး သီချင်းက အရင် ဇော်ရည် ဆိုခဲ့ဖူးတယ် … အဲ့ဒီသီချင်းလဲ ဗဒင်ရဲ့ လက်ရာပဲ …

သူရေးထားတဲ့ သီချင်းတွေကို ပလေးဘွိုင်သန်းနိုင် စောခူဆဲ ဂျေညီညီ ဂျေမောင်မောင် ဖိုးချို သားထွေး တို့ ဆိုခဲ့ဖူးတယ် …

ကျွန်တော် မှတ်မိသလောက် ဖိုးချိုအတွက် သူရေးပေးထားတဲ့သီချင်းတွေ အများကြီး ရှိတယ် … နောက်ပိုင်း ကျန်းမာရေးအရ ဖိုးချို မဆိုဖြစ်တော့လို့ သူကိုယ်တိုင် ဆိုလိုက်ရာကနေ နေရာ အခွေ ဖြစ်လာခဲ့တာ … တဲ့ ဖိုးချိုရဲ့ နောက်ဆုံးအချိန်တွေမှာ ဗဒင်က နေရာ တေးစီးရီးအတွက် အလုပ်များနေခဲ့တယ် “ဗဒင်ကြီးလည်း ဒီလိုပဲကွာ … အင်းလေ … သူလည်း သီချင်းတွေ သွင်းနေတော့ မအားရှာဘူးနဲ့တူပါရဲ့ ကိုယ် တကယ် ဆုတောင်းပါတယ် ကိုယ် ‘ပေါက်’ ခဲ့တာထက် သူ့ စီးရီး ပို ‘ပေါက်’ ပါစေလို့” လို့ ပြောခဲ့ဖူးတယ် …

ဖိုးချို ပြောခဲ့တဲ့အတိုင်းပဲ ဗဒင် အခွေ ပေါက်ခဲ့တယ် … ဒါပေမယ့် အဲဒီအချိန် ဖိုးချိုကတော့ မသိနိုင်တော့ပါဘူး …

ဒီအခွေက မြန်မာသီချင်းခွေသမိုင်းမှာ ရောင်းအားအကောင်းဆုံးလို့ သတ်မှတ်ထားကြတယ် … ကက်ဆက်ခွေ ကာဗာကဒ်ပေါင်း တစ်သိန်းကျော် နဲ့ သီချင်းစာအုပ် ငါးသိန်းကျော် ရောင်းခဲ့ရတယ်လို့ ဖတ်ရတယ် … ဗဒင်က တစ်ကိုယ်တော် ၄ ခွေ ပဲ ထွက်ခဲ့တယ် …

နေရာ (၁၉၉၃)
ဒီနေ့ (၁၉၉၆)
အရှိအတိုင်း (၁၉၉၇)
မမေ့ပါဘူး (၁၉၉၉)

အင်တာဗျူးတစ်ခုထဲမှာ … သီချင်းတွေထဲမှာ လမ်းဘေးဆိုင်ရာဆိုင်ရာ ပြီးတော့ ကျမ်းစာထဲက အသုံးအနှုန်းတွေ အဲဒီစကားလုံးတွေပါအောင် အမြဲတမ်း ရွေးသုံးတယ် … ကျနော်စိတ်ဝင်စားတာ လမ်းဘေးက ဘဝတွေပဲ … လမ်းဘေးက အယူအဆတွေကို စိတ်ဝင်စားတယ် … အဲဒီမှာ လူတွေ မသိတာတွေ အများကြီးရှိတယ် … လို့ ဖြေခဲ့ဖူးတယ် …

ဗဒင် ဟာ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် အသက် (၃၇) နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တယ် … သူ့ သီချင်းသံတွေကတော့ ဒီနေ့အထိ လွင့်ပျံ့နေဆဲ …

မူယာမိုးတွေ ရင်မှာစဲသွားပြီ
မာယာမိုးတွေ ရင်မှာစဲသွားပြီ
တစ်သွင်သွင်စီးကာနေတဲ့ စမ်းချောင်းထဲ နှလုံးသားငယ်လေး
မျောလွင့်သွားပြီ
ပျိုပျိုမေရဲ့ …
[ 01. နောင်တ ]

ကြင်နာသူ မင်းက … ယုံကြည်ပါ ကိုယ့်စိတ်ရှိတဲ့ နေရာ
ကြင်နာသူ မင်းက … ယုံကြည်ပါ ကိုယ့်အသက်ရှိတဲ့ နေရာ
ဒီ ကမ္ဘာမှာ အနေချင်ဆုံး … … အို အို အို့ … …
[ 02. နေရာ (၂) ]

သိပ်ခက်တယ် စိတ်ပျက်တယ် ကိုယ့်ဘဝ ဇာတ်ဆရာရယ်
စိတ်ဓါတ်တွေ အဟောင်းဆိုင်တန်းထဲ … …
[ 03. အဟောင်းဆိုင် ]

လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့
သွားမုန်းတယ် လူကြီးကိုကတဲ့ …
သွား မချစ်ဘူးတဲ့ … …
[ 04. ပျိုပျိုမေ ]

တောင့်တတဲ့စိတ်နဲ့ မွတ်သိပ်တဲ့ အနမ်းနဲ့ စောစောစီးစီး နိုး နိုးနေပြီး
ကားလိုင်းတွေ ပြေးကာစ ကားမှတ်တိုင် ရောက်နေတဲ့
ကိုယ့်ရဲ့အဖြစ်က မင်းရဲ့အချစ်နဲ့ သက်ဆိုင်ပါတယ် …
[ 05. အရာရာ မင်း ]

ခေါင်းကိုမော့ကာ သူ့ဆံပင်လေးတင် သပ်လိုက်တာကိုက
ဆွဲဆောင်မှု့ တစ်ခုလေလား
ချစ်အသည်းကျော်မလေးရေ့ … …
[ 06. ချစ်အသည်းကျော်မလေး ]

တော်တန်ရုံ ရင်မခုန်တတ်တဲ့ ကြမ်းတမ်းတဲ့ နှလုံးသား
သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် …
သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် …
တိုက်တိုက်ဆိုင်ဆိုင် … …
[ 07. တိုက်တိုက်ဆိုင်ဆိုင် ]

မင်း ဆိုးလို့ ဝ,ရင် မင်း မိုက်လို့ ဝ,ရင်
ဘုရားကျောင်းထဲ မင်းလည်း လိုက်လာနော်
သိုးမည်းဟောင်းကြီးတွေ ပြေးထွက်လာပြီး မင်းကို ကြိုနေမယ် … …
[ 08. သိုးမည်းတွေအကြောင်း ]

နေမယ် မနေဘူးကတော့ မင်းရဲ့ သဘောပါ
သေချာတဲ့ နေရာက ရှိခဲ့ပြီ … …
[ 09. နေရာ (၁) ]

မြင်တယ် …
အိပ်မက်ထဲလည်း မြင်တယ် …
စိတ်ကူးထဲလဲ မြင်တယ် …
အကြင်နာရဆုံးရယ် … …
[ 10. သိပ်ချစ်တာပဲ ]

ခြေသံတွေကြားတိုင်း သူလာနေသလား
ထင်ရောင်ထင်မှားနဲ့ နှလုံးသားထဲက လွမ်းမောလာ
အဆင်မပြေတဲ့ဘဝက ကြင်နာသူတွေကြား
ကန့်လန့်ခံ ဝင်နေဆဲလား … …
[ 11. ပြန်လာမယ် ပြန်ချစ်မယ် ]

လူတွေစုံတဲ့ ယမကာဆိုင်တွေ ရုပ်ရှင်ရုံတွေ
နိုင်ငံတကာ သာယာတဲ့ ပန်းခြံတွေ
ကိုယ်လေ မပျော်နိုင်ပါ
ကိုယ်လေ မနေချင်ပါ
ကိုယ်နေချင်တာ မင်းရဲ့ အနားမှာ … …
[ 12. ချစ်တာ မင်းတစ်ယောက်တည်း ]

ရင်ခွင်ကို လာမှန်နေသော အလွမ်းတွေကို
အချိန်ကုန်ခံ နာကျင်စေဖို့လည်း မလိုတယ်
ညားတိုင်းလည်း မချစ်
ချစ်တိုင်းလည်း မညား
အဲ့ဒီအဖြစ်တွေ ကျော်လွန်နိုင်စေဖို့ …
ဒီအတိုင်းပဲ ဆင်းလာခဲ့ …
ဒီအတိုင်းပဲ ဆင်းလာခဲ့ … …
[ 13. ဒီအတိုင်းပဲ ဆင်းလာခဲ့ ]

အခြေအနေတွေတိုင်းကို ဆင်ခြင်လိုက်တိုင်းမှာ
မေးခွန်းတွေ အပြည့်နဲ့ ဒွိဟတွေရယ်
ကြင်နာသူ အကြည့်တွေ
ဘာသာပြန်ဖို့ အခုထက်ထိတိုင် မလွယ်ကူတော့
အချစ်လမ်း နံဘေးက အလွမ်းရွာရောက်ခဲ့ပြီ … …
[ 14. ဘာသာပြန် ]

ဗဒင် – နေရာ ( ၁၉၉၃ )
IRON CROSS / LYNN
မူပိုင် ခင်ထိုက်ထိုက်ကို Music World Recording

ဤစီးရီးဖြစ်မြောက်ရေးအတွက် မထင်မရှား ကျွန်တော့ရဲ့ဆန္ဒတွေကို မထင်မရှားတဲ့နေရာမှ အမြဲဖြည့်ဆည်းပေးနေသော အဖ တစ်ဦးမှ အစပြု၍ မေတ္တာဖြင့်ကူညီသော မူပိုင် ခင်ထိုက်ထိုက်ကို မိသားစုများ သူငယ်ချင်း အောင်သူဝင်း မိသားစုများ Iron Cross မှ ညီအစ်ကိုများ Lynn ( လင်း ) မှ ညီအစ်ကိုများ Harmony ကူညီ သီဆိုပေးသော Ywama Baptist Church မှ ကိုမင်းတင် ကိုခိုင်မင်းထူး ကိုကျော်သူရခိုင် ကိုမိုးဆွေတို့ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ရင်းနှီးမှု့များစွာဖြင့်..

ဗဒင် သီချင်းတွေထဲက နိုင်ကျော် (28.04.2023)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page