အရက်၊ ဆေးလိပ်မသောက်တာတောင် ကိုဗစ်ကို အလူးအလဲခံလိုက်ရသူ ပြောပြတဲ့ ကိုယ်တွေ့အတွေ့အကြုံ

အရက်၊ ဆေးလိပ်မသောက်တာတောင် ကိုဗစ်ကို အလူးအလဲခံလိုက်ရသူ ပြောပြတဲ့ ကိုယ်တွေ့အတွေ့အကြုံ

ပထမဦးစွာ ကျေးဇူးတင်စကားအနေနဲ့ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ကျေးဇူးအထူးတင်ပါတယ်။ နောက်ထပ် ကျေးဇူးတင်ရမယ့်သူတွေကတော့ ကိုဆန်းလင်း နဲ့ ကိုမိုးဝေပါပဲ (အားနာလို့ နာမည်တွေတော့ မတဂ်တော့ပါဘူး)။ ကျွန်တော်နဲ့ ပုကျုနဲ့ ကိုဗစ် စ စစ် တဲ့နေ့ကနေ စပြီး အစစ အရာရာ ဂရုစိုက်ပေးခဲ့သော ဧရာဝတီစင်တာမှ ဆရာဝန်၊ ဆရာမ များ ၊ သူနာပြုများ ၊ဗော်လန်တီယာများ နှင့် ဧရာဝတီစင်တာမှ ကိုဗစ်လူနာ ဗော်လန်တီယာများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော့်အတွက် လိုအပ်တာ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ဟာနာ ကုမ္ပဏီ၊ ငှက်သိုက်တွေ တကူးတက ပို့ပေးတဲ့ Happy Agency မှ ရာဇာ နဲ့ မသိရီ ၊ သူ့အဖေအတွက် အစားသောက်တွေပို့ပေးရင်း ကျွန်တော့်အတွက်ပါ ထည့်ပို့ပေးတဲ့ မိုက်ကယ်ကြီး ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံး ကျေးဇူးတင်ရမှာက ကျွန်တော် နေပြန်ကောင်းလာအောင် စိတ်ဓာတ်ခွန်အားပေးတဲ့ ချစ်ရတဲ့မိသားစုနဲ့ ပုကျုလေးပါပဲ။

[ကိုဗစ် နှင့် နဖူးတွေ့ ဒူးတွေ့ကြုံ]

ကျွန်တော် အိမ်မှာ နေမကောင်းဖြစ်ပြီး အသက်ရှူမဝဖြစ်လာတာနဲ့ ကျွန်တော်တို့ လင်မယား ၂ယောက် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဧရာဝတီစင်တာမှာ အောက်တိုဘာလ ၂၀ ရက်နေ့က သွားစစ်ခဲ့ပါတယ်။ ကိုဆန်းလင်းနဲ့ ကိုမိုးဝေတို့ အစစရာရာ ဝိုင်းဝန်းကူညီပေးခဲ့ကြလို့လဲ အဆင်ပြေခဲ့တာပါ။ နေ့လည်ပိုင်းကို ဖေဖေနဲ့ မေမေပါ စစ်ခဲ့ပါတယ်။ ကျွန်တော်တို့ လင်မယား ၂ယောက်က positive အဖြေထွက်ပြီး ကံကောင်းစွာပဲ မေမေနဲ့ ဖေဖေက Negative အဖြေထွက်ခဲ့ပါတယ်။ စသွားကတည်းက အထုပ်ပိုးတွေ ယူသွားခဲ့တာမို့ တခါတည်း ဧရာဝတီစင်တာ ၂ မှာ နေခဲ့ရပါတော့တယ်။

ပထမ တညက ပုကျုနဲ့ ကျွန်တော် အဆောင်တူ အခန်းတူနေရပေမယ့် ကျွန်တော့် အခြေအနေက ညဘက် အဖျားတွေတက် မောဟိုက်လာတာမို့ နောက်တနေ့ မနက် ECG ရိုက်ရတယ်။ လက်ကိုလည်း ဆေးတွေထိုးပါတယ်။ ဒါနဲ့ ၂၁ ရက်နေ့ မနက်ပိုင်း ကျွန်တော့်ကို ဧရာဝတီစင်တာ ၁ ကို အောက်ဆီဂျင်တပ်ထားလျက်နဲ့ ရွှေ့ရပါတော့တယ်။ ဘဝမှာ စိတ်မကောင်းဆုံး အခိုက်အတန့်ကို ကြုံရတာပါပဲ ကိုယ်တိုင်ကလဲ မောဟိုက်နေ၊ ပုကျုလေးကလဲ ငို နေရှာတာ ကျွန်တော့် လာခေါ်တဲ့ ဆေးရုံကားထွက်သွားတဲ့အထိ စင်တာ ၁ မှာ ငေးကျန်ခဲ့ရှာပါတော့တယ်။

အတိုချုံးပြောရရင် ပထမပိုင်းရက်တွေ ညပိုင်း အဖျားတွေတက်ပါတယ်။ အိမ်သာလမ်းလျှောက်သွားရင်တောင် တလှပ်လှပ်နဲ့ မောပါတယ်။ အောက်ဆီဂျင် level တွေလဲ ကျပါတယ်။ ဒါ ကျနော် ဆေးလိပ်မသောက်၊ အရက်မသောက် (အရက်ဘီယာ မသောက်တာ ၇ လကျော်ခဲ့ပါပြီ) တာတောင် တော်တော်ခံရပါတယ်။ အောက်ဆီဂျင် level ပြန်တက်လာအောင် နေ့နေ့ ညည အောက်ဆီဂျင်အိုးနဲ့ ရှူခဲ့ရပါတယ်။

ပုကျုကတော့ ပထမ ၁ရက်သာ ဖျားပြီး နေကောင်းတာကြောင့် စင်တာ ၁ မှာ ဗော်လန်တီယာ အဖြစ် ကူညီပြီး ဆင်းတဲ့အထိ ကျန်းကျန်းမာမာပါပဲ။ ကျွန်တော်ကတော့ စင်တာ ၂ ရောက်ပြီး ၄ ရက်လောက်နေမှ နေပြန်ကောင်းလာတယ်၊ အောက်ဆီဂျင် level ပြန်တက်လာတယ်။ ကျွန်တော်ရော ပုကျုရော ဧရာဝတီစင်တာမှာ စုစုပေါင်း ၁၀ ရက်နေ့ခဲ့ရပြီး ဆေးရုံက ပြန်ဆင်းလို့ ဒီနေ့ ပဲ အိမ်ပြန်ရောက်ပါတယ်။

(အိမ်ပြန်ရောက်လို့ နေလည်း ကောင်းနေပါပြီ အားလုံးစိတ်ပူနေကြမှာစိုးလို့ နေပြန်ကောင်းပြီး အိမ်ရောက်မှ တင်တာပါ။ ကျွန်တော် နေကောင်းပါတယ် ကျေးဇူးတင်ပါတယ်)

ကိုဗစ် ဘယ်က ကူးလဲတော့ မမေးပါနဲ့ ကျွန်တော်တို့ လင်မယား ၂ယောက်လုံးလဲ ဘယ်သွားသွား ပြန်လာရင် ဂရုစိုက်ကြတဲ့သူတွေပါ အိမ်မှာပဲ အများအားဖြင့်နေပါတယ် သွားတာဆိုလို့ လမ်းထိပ် စီးတီးမတ်နဲ့ ATM သာ ရှိပါတယ်။ Work from home လုပ်နေတာလဲ ကြာပါပြီ။ အိမ်မှာ လူကြီးတွေရှိလို့ အရမ်းဂရုစိုက်နေတဲ့ ကြားက ဖြစ်တာပါ။ ဆိုတော့ ဘယ်ကကူးတာလဲ ဆိုတာထက် မိတ်ဆွေတို့လဲ မပေါ့ပါနဲ့ အဓိကက ကိုယ်ခံအားကောင်းအောင် မှန်မှန်အိပ် မှန်မှန်စားပါ။ ကိုဗစ်က နေရာစုံက ကူးနိုင်ပါတယ်။

စင်တာမှာ အသက်ကြီးပိုင်းတွေ တော်တော်ရုန်းကန်နေကြရပါတယ်။ တနေ့တနေ့ ရောက်လာတဲ့ လူနာတွေ အများကြီးပါပဲ။ ဧရာဝတီစင်တာမှာ နေ့စဉ်လူပေါင်းများစွာကို ကျွေးမွေး ကုသ ပေးနေရတာ မလွယ်ကူလှပါဘူး။ အလှူရှင် ဧရာဝတီဖောင်ဒေးရှင်းကြောင့်သာ လူနာတွေ သက်သောင့်သက်သာ ကုသနိုင်တာပါ။ အဲ့ဒိတော့ မိတ်ဆွေတို့လည်း တတ်နိုင်သလောက် ဧရာဝတီစင်တာကို ဝိုင်းဝန်း လှူဒါန်းပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့တော့ ကိုဗစ်နဲ့ ကြုံကြိုက်ပြီးသွားပြီ ထပ်ပြီး ကူးစက်မခံရအောင် ဒိထက်ပိုဂရုစိုက်ဖို့ပဲ ရှိတော့တယ်။ ကိုဗစ်ဖိစီးမှုကြောင့် ဝိတ်လဲ ၁၂ ပေါင်လောက် ကျပြီး လူပါ ချောင်လည်လည်ဖြစ်သွားခဲ့ပြီးပြီ။ အားလုံးပဲ ကိုဗစ်ကင်းစင် နေကောင်းကြပါစေ။ လူစုလူဝေး တတ်နိုင်သလောက်ရှောင်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များ အတိုင်းနေထိုင်ကြပါ။ ကိုဗစ်ကို မပေါ့ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။

Myo Han Htun

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page