ကာကွယ်ဆေး ထိုးထားသူအချို့ HIV ရှိနေဟု မှားယွင်း ပြသခဲ့မှုကြောင့် သြဇီဆေးစမ်းသပ်မှုကို ဖျက်သိမ်း

ကာကွယ်ဆေး ထိုးထားသူအချို့ HIV ရှိနေဟု မှားယွင်း ပြသခဲ့မှုကြောင့် သြဇီဆေးစမ်းသပ်မှုကို ဖျက်သိမ်း

ဩစတြေးလျမှာ အလားအလာကောင်းတွေ ပြသနေတဲ့ ကာကွယ်ဆေး တစ်မျိုး တီထွင်နေမှုကို အမှားအယွင်း တစ်ခုကြောင့် ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

ကွင်းစ်လန်း တက္ကသိုလ်နဲ့ ဩစတြေးလျ ကုမ္ပဏီ CSLတို့ ပူးပေါင်း ဖန်တီးထားတဲ့ ကာကွယ်ဆေးဟာ စမ်းသပ်ထိုးနှံသူ တချို့မှာ HIV ဗိုင်းရပ်စ် စွဲကပ်နေကြောင်း Positive အဖြေ မှားယွင်း ပြသခဲ့တယ်လို့ ဆိုပါတယ်။ ဒီချွတ်ယွင်းချက်ကို ပြန်ပြင်ဆင်ဖို့ဆိုရင် အချိန် တစ်နှစ်လောက် ယူရဦးမှာ ဖြစ်တဲ့အတွက် ကာကွယ်ဆေး တီထွင်တဲ့ လုပ်ငန်း တစ်ခုလုံး ရပ်ဆိုင်းပစ်လိုက်ဖို့ပဲ CSLက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဩစတြေးလျ အစိုးရဟာ အရင်က အဲဒီ ကာကွယ်ဆေး အောင်မြင်ရင် အလုံးရေ သန်းနဲ့ချီ ဝယ်ယူမယ်လို့ အမှာစာ ပေးပို့ထားပါတယ်။ အခုတော့ တခြား ကာကွယ်ဆေးတွေကိုပဲ အစားထိုး မှာယူသွားတော့မယ်လို့ ဝန်ကြီးချုပ် စကော့တ် မော်ရစ်ဆန်က ပြောကြားခဲ့ပါတယ်။

ကွင်းစ်လန်း တက္ကသိုလ်နဲ့ CSLတို့ ပူးပေါင်း တီထွင်တဲ့ ကာကွယ်ဆေးဟာ ပထမအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ ဒီဆေးဟာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ကို တုံ့ပြန် တားဆီးနိုင်တဲ့ ကိုယ်ခံအား စနစ်မျိုး ထွက်ပေါ်အောင် အမှန်တကယ် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါပေမဲ့ စမ်းသပ်မှုမှာ ပါဝင်သူ တချို့ဟာ HIV ဗိုင်းရပ်စ် ရှိနေတယ်ဆိုပြီး မှားယွင်းတဲ့ Positive အဖြေတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ သေသေချာချာ ပြန်စစ်ကြည့်တဲ့အခါ အဲဒီပုဂ္ဂိုလ်တွေမှာ HIV ဗိုင်းရပ်စ် လုံးဝ မရှိတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီလို ဆေးစစ်အဖြေ မှားယွင်းတာကလွဲပြီး စမ်းသပ်ထိုးနှံသူတွေရဲ့ ကျန်းမာရေး အခြေအနေ တစ်ခုခု ထိခိုက်တာမျိုးတော့ မရှိဘူးလို့ CSLက ထုတ်ပြန်ပါတယ်။ ဖြစ်ပေါ်နေတဲ့ အမှားအယွင်းကို ပြန်ပြင်ဖို့ ကာကွယ်ဆေး ပရောဂျက် တစ်ခုလုံး အစက ပြန်စရမယ့်သဘော ကြုံလာတဲ့နောက် ဆေးတီထွင်နေတဲ့ လုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်ဖို့ပဲ ကုမ္ပဏီက ရွေးချယ်ခဲ့ပါတယ်။

ကာကွယ်ဆေး တီထွင်မှုကို ပူးတွဲ ဦးဆောင်ခဲ့တဲ့ ပေါလ်ယန်းကတော့ ဒီဖြစ်ရပ်အတွက် ဆောက်တည်ရာမရ ခံစားမိကြောင်း ပြောပါတယ်။ သူတို့ဟာ ၁၁ လလုံးလုံး ဒီပရောဂျက်အတွက် စိတ်နှစ်ပြီး အစွမ်းကုန် ကြိုးစားနေခဲ့တာလို့ သူက ပြောပါတယ်။
ဩစတြေးလျ အစိုးရဟာ အခုအခါမှာ အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ AstraZenecaတို့ ပူးပေါင်း တီထွင်နေတဲ့ ကာကွယ်ဆေးကို တိုးမြှင့် ဝယ်ယူဖို့ ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။ ဩစတြေးလျဟာ ကိုဗစ် ကပ်ရောဂါကို အထိရောက်ဆုံး ထိန်းချုပ်ထားနိုင်တဲ့ နိုင်ငံ တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဩစတြေးလျမှာ ပြည်တွင်းကူးစက်မှု ၁ ခုသာ တွေ့ရှိခဲ့ပါတယ်။

လူဦးရေ ၂၅ သန်းလောက် နေထိုင်တဲ့ ဩစ​တြေးလျ နိုင်ငံမှာ လူပေါင်း ၂၈၀၀၀ ကျော်လောက်သာ ရောဂါဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၀၈ ဦး ရှိခဲ့ပါတယ်။ ဒါဟာ တခြား ကမ္ဘာ့နိုင်ငံကြီး အများစုနဲ့ နှိုင်းယှဉ်ရင် ကပ်ရောဂါနဲ့ ပတ်သက်လို့ အရမ်း အခြေအနေ ကောင်းခဲ့တယ်လို့ ယူဆရမယ့် ကိန်းဂဏန်းတွေလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page