ဂဠုန်ဦစောနဲ့ ‌ရွှေဘိုမြို့က အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ အောင်မြေ

ဂဠုန်ဦစောနဲ့ ‌ရွှေဘိုမြို့က အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ အောင်မြေ

ဂဠုန်ဦးစော ကား ဘုရင်စိတ် ပြင်းပြသူ ဖြစ်သည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ စသော ကုန်းဘောင်ဆက် မင်းများ အစဉ်အဆက် ‘အောင်မြေ’ ဟု သတ်မှတ် ထားသော နေရာတစ်ခု ရွှေဘိုမြို့အဝင် တောင်ဘက်၌ ရှိသည်။

ထိုအောင်မြေ၌ ဦးစော အောင်မြေနင်းခဲ့၏။ အောင်မြေ နေရာကိုလည်း အဆောက်အအုံ တစ်ခုဆောက် ကာ သမိုင်းဝင် ဋ္ဌာနတစ်ခု အဖြစ် ထင်ရှားစေခဲ့သည်ဟု မှတ်သားရသည်။ (ယခု ဝေဘူဆရာတော်ကြီး၏ အောင်မြေ ရိပ်သာ အတွင်း၌ ရှိ၏။)

သူ အင်းစိန် ထောင်ကြီးအတွင်း၌ နေရစဉ် သူ့ကို စောင့် ကြပ်ရသော ပုဂ္ဂိုလ် တစ်ဦးအား သူကိုယ်တိုင် အောက်ပါ အတိုင်း သူ့အမှားသူ ဝန်ခံပြောဆိုသွားခဲ့ဖူး၏။

“ကျုပ်ဟာ နန်းရင်းဝန်ကြီးဘဝနဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့ တယ်။ အဲဒီအချိန်က ရွှေဘိုနယ်မှာ အတော် ထင်ရှား ကျော်ကြားနေတဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ကိုးကွယ်တဲ့ သင်္ကန်းနက်ဘုရား၊ မတ်ရပ် ဆင်းတုတော်ဟာ အတော် တန်ခိုးကြီးတယ်။ ဆုတောင်းပြည့်တယ်။ လိုတ ရတယ်။ ရန်အပေါင်းကို အောင်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် အဲဒီ ဘုရားကို မရ ရတဲ့ နည်းနဲ့ ကျုပ်ယူခဲ့ မိတယ်။

ဒါပေမယ့် ကိုးကွယ်လိုလို့ ကြည်ညိုသဒ္ဓါနဲ့ ပင့်ခဲ့တာ မဟုတ်ဘူး။ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာဘဲ။ ဒီတော့ ဆင်းတုတော်ကို သာမန်မျှသာ ကိုးကွယ်မှု အဆင့်တွင် မဟုတ်ပဲ ကျုပ်ရဲ့ “အဆောင်” သဘောမျိုး ထားခဲ့မိတယ်။ အဲဒါ ကျုပ်ရဲ့ မဟာအမှားကြီးပဲ။ နောက်မှ သိရတာက ဒီ ဆင်းတုတော်ကြီးဟာ တန်ခိုးကြီး သလောက် အလွန်ခိုက်တယ် ဆိုတာ သိရတော့ နောက်ကျသွားပြီ။

အဲဒီ အချိန်က ကျုပ်ဟာ အင်္ဂလိပ် အကျဉ်းသား ဖြစ်လို ဖြစ်ရ၊ သေနတ်ပစ် ခံလို ခံရနဲ့ နောက်ဆုံး အခုအခြေထိ ဖြစ်ခဲ့တာပါဘဲ။ နောက် ကျုပ် ဒီထဲရောက်မှ အဲဒီ ဆင်းတုတော်ကြီးကို ရွှေတိဂုံ စေတီတော် စနေထောင့်မှာ ကျောင်းဆောင်တစ်ခုနဲ့ လှူဒါန်း လိုက်ရတယ်။”

(၁၅.၇.၁၉၇၁ နေ့ထုတ် အိုးဝေဂျာနယ်မှ။ ယခု ထိုရုပ်ပွား ထိုနေရာ၌ မတွေ့ရပါ။) (ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်၏ ဓမ္မဒူတမှ ကောက်နှုတ်ချက်)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page