မြန်မာ့ထီကို ထိုးသူ တဖြည်းဖြည်းနည်းလာတဲ့ အကြောင်းရင်းနဲ့ ပြည်သူကို ထည့်တဲ့ အောင်ဘာလေဂျင်း

“Probability”ဟူသော ဖြစ်နိုင်ခြေသဘောတရား ရာခိုင်နှုန်းဟူသည့် သင်္ချာသဘော တရားကို အလယ်တန်း ကျောင်းသား ဘဝကတည်းက လူတိုင်းကိုယ်စီသင်ကြားခံ ခဲ့ရဖူးပါ တယ်။ ခြောက်မျက်နှာရှိတဲ့ အန်စာတုံးတစ်တုံးကို လှိမ့်လိုက်ရင် တစ်ဂဏန်းကနေ ခြောက် ဂဏန်းအထိ ဂဏန်းခြောက်လုံးစလုံးဟာ ကျနိုင်ခြေအညီအမျှရှိပါတယ်။ တစ်ဂဏန်း ဖြစ် နိုင်ချေ ၁၆.၆၇ ရာခိုင်နှုန်းရှိသလို ၂၊ ၃၊ ၄၊ ၅၊ ၆ ဖြစ်နိုင်ချေကလည်း ၁၆.၆၇ ရာခိုင် နှုန်းအသီးသီး အညီအမျှရှိပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တရားမဝင်ဘူးဆိုတဲ့ နှစ်လုံးထီမှာ ၀၀ ကနေ ၉၉ အထိ ဂဏန်းအလုံးရေ စုစုပေါင်း ၁၀၀ ပဲရှိတဲ့အတွက် ဂဏန်းတစ်လုံးထဲ ထီထိုးထားရင် တောင်မှ ထီပေါက်နိုင်ခြေ တစ်ရာခိုင်နှုန်းကြီးများတောင်မှရှိပါတယ်။ ဘယ်ဂဏန်းဖြစ် ဖြစ်ပါ။ လေးငါးလုံးထိုးထားရင် ထီပေါက်နိုင်ခြေ ၄.၅ %ရာခိုင်နှုန်း အထိတက်လာပြီး ထီပေါက်ဖို့ ဖြစ်နိုင် ခြေရာခိုင်နှုန်းများလာပါတယ်။

သို့သော်လည်း ဂဏန်းသုံးလုံးရှိတဲ့ ချဲထီ မှာတော့ (၀၀၀) သုည သုံးလုံးကနေ ကိုးသုံးလုံး (၉၉၉) အထိ ဂဏန်းပေါင်း တစ်ထောင်ရှိ လာတဲ့အတွက် ဂဏန်းတစ်လုံးကို ထီထိုးထားမယ်ဆိုရင် ထီပေါက်နိုင်ခြေ Probabilityက ဝ.၁ ရာခိုင်နှုန် ပဲရှိပါတော့တယ်။ ထီဂဏန်း ၁၀ လုံးထိုးထားမှ ထီပေါက်နိုင်ခြေ ၁ ရာခိုင်နှုန်းပဲရှိတော့တဲ့ အတွက် ထီပေါက်ဖို့ အလားအလာနည်းလာပါတယ်။ ဂဏန်း နှစ်လုံးထက် ဂဏန်းသုံးလုံးက ထီပေါက်ဖို့ပိုပြီး ခက်ခဲလာပါတယ်။

သူများနိုင်ငံတွေက အောင်ဘာလေလို အစိုးရထီတွေမှာ ဂဏန်း ၆ လုံးပဲရှိတဲ့အတွက် ၀၀၀,၀၀၀ ကနေ ၉၉၉,၉၉၉ အထိ ဆိုရင် ဂဏန်းအလုံးရေတစ်သန်း၊ ထီအစောင်ရေ တစ်သန်းပဲရှိပါတယ်။ ထီတစ်စောင်ထိုးထားရင် တစ်သန်းမှာ တစ်စောင် ထီပေါက်နှုန်းဖြစ် တာမို့ ရာခိုင်နှုန်းအားဖြင့် ဝ.၀၀၀၁ ရာခိုင်နှုန်းရှိတာမို့ သိပ်မဆိုးလှပါဘူး။ မြန်မာ့အောင်ဘာလေထီမှာ ကျတော့ ပြည်သူတွေကို စေတနာမထားလိုက်ပုံက ဂဏန်းခြောက်လုံးရှေ့မှာ အက္ခရာ ၄၀ လုံးကို ထပ်ထည့်ပါတယ်။ စုစုပေါင်းထီဂဏန်းအလုံးရေအကြမ်းဖျင်း ၄၀ သန်း၊ ထီစောင်ရေ ၄၀ သန်းအထိ ဖောင်းပွများပြားလာ ပါတယ်။ ၄၀ သန်း မှာ တစ် စောင်ဖြစ်တဲ့အတွက် ထီပေါက်ဖို့ ၄၀ ဆပိုမိုပြီး ခက်ခဲသွားပါပြီ။ ထွက်လာတဲ့ ထီပေါက်မဲ က ရောင်းမကုန်တဲ့ ထီလက်မှတ်ထဲက ဖြစ်နေလို့၊ ပယ်တဲ့အထဲကဖြစ်နေလို့ အစားထိုးဆုမဲ ပြန်ပြန်နှိုက်နှိုက်နေရတာလည်း စနစ်မကျ ပုံစံမကျ မမှန်ကန်ပြန်ပါဘူး။

ထီကို တစ်စောင်တည်းထိုးချင်ရင်လည်း လုံးဝမလွယ်ပါဘူး။ သုံးစောင်တွဲ၊ ငါးစောင်တွဲ၊ ဆယ်စောင်တွဲ၊ ထီအစောင်ရေ ၃၀၊ ၄၀ ကျော်ပါတဲ့ မင်္ဂလာစုံတွဲဆိုပြီး ဂျင်းထည့်ခံရပြန် ပါတယ်။ ပေါက်မဲဆုကြီးဆိုတာ ထီလက်မှတ်တစ်စောင်ချင်းစီနဲ့ပဲ သက်ဆိုင်တာဖြစ်ပါတယ်။ သို့သော် ထီကိုတစ်စောင်တည်းထိုးဖို့ဆိုတာ မြန်မာပြည်မှာမလွယ်ကူပါဘူး။ ငါးစောင်တွဲ၊ ဆယ်စောင်တွဲစသဖြင့် ထီရောင်းတဲ့ထီသည် တွဲချင်သလို တွဲထားတာတွေကို လိုက်ထိုးနေ ရပါတယ်။ လွတ်လပ်စွာ ရွေးချယ်ခွင့် အပြည့်အဝမရဘဲ ကန့်သတ်ထားတဲ့ ရွေးချယ်ခွင့် သာရပါတယ်။ ထီသည်တွဲထားတဲ့ ဆယ်စောင် တွဲစတဲ့ အထဲက ကိုယ်ကြိုက်တဲ့ ထီတစ် စောင်တည်း ရွေးထိုးချင်တယ်ဆိုရင် ထီသည်ကမကြိုက်ပါဘူး။ သူတွဲထားတဲ့အတွဲ ပျက် သွားတာကိုး။

ဒါပေမဲ့ ငါးစောင်တွဲ၊ ဆယ်စောင်တွဲ ဘယ်လိုပဲထိုးပါစေ သူများနိုင်ငံထက် ထီပေါက် ဖို့အဆ ၄၀ လောက်ပိုပြီး ခက်ခဲနေ တာပါပဲ။ သူများနိုင်ငံရဲ့ ထီတစ်စောင်ပေါက်နိုင်ချေ ရာခိုင်နှုန်းကိုမီချင်ရင် ထွက်သမျှအက္ခရာ ၄၀ လုံးထွက်ရင် ထီအစောင် ၄၀၊ အက်္ခရာ ၅၀ ထွက်ရင် ထီအစောင် ၅၀ လိုက်ထိုးမှသာ တူညီနိုင်၊ မီနိုင်ပါတယ်။ မြန်မာနိုင်ငံ လူဦး ရေ ၅၅ သန်းမှာ ၆၁ ရာခိုင်နှုန်း က မိခင်နဲ့ကလေးတွေလို့ဆိုတယ်။ ဒီလိုဆိုရင် ၃၃.၃၅ သန်းဟာ မိခင်နဲ့ကလေးတွေဖြစ်ပြီး ၂၁.၆၅ သန်းသာ လျှင် အရွယ်ရောက်ပြီး လူကြီးများ၊ ယောက်ျားများလို့ယူဆရပါမယ်။ အိမ်ထောင်ဦးစီးနဲ့အရွယ်ရောက်ပြီးသား ပျိုပျိုအိုအို ယောက်ျား ၂၁ သန်းကျော်မှာ အောင်ဘာလေထီအစောင်ရေက ၄၄ သန်းဝန်းကျင်ပါ။ ကံကိုအားမကိုးလို့၊ ကံမကောင်း တတ်လို့ ထီမထိုးဘူးဆိုတဲ့သူတွေကလည်း အများကြီးပါ။ ဒါကြောင့် ထီလက် မှတ်တွေ လစဉ်ရောင်း မကုန် တာ၊ ပိုလျှံနေတာဟာ မထူးဆန်းပါဘူး။

လူဦးရေ ၇ သန်းရှိတဲ့ စင်ကာပူမှာ အစိုးရထီဟာ ဂဏန်းခြောက်လုံး၊ စောင်ရေ တစ်သန်းပဲထုတ်ပါတယ်။ လူဦးရေ သန်း ၇၀ လောက်ရှိတဲ့ ထိုင်းနိုင်ငံမှာ ဂဏန်းခုနစ်လုံး၊ စောင်ရေ ၁၀ သန်းပဲထုတ်ပါတယ်။ မြန်မာနိုင်ငံလူဦးရေ ၅၅ သန်းမှာ စောင်ရေ ၁၀ သန်း၊ ဂဏန်းခုနစ်လုံးဆိုရင်တောင်မှ လွန်ချင်ချင်ဖြစ်နေ ပါပြီ။ အက္ခရာတွေထပ်ထည့်ပြီး ထီကစားတာဟာ တရားလွန်ပါ တယ်။ ထီရောင်းရငွေကျပြန်တော့ ခေတ်အဆက်ဆက်မှာ တစ်ဝက်လောက်က ၄၀ ရာခိုင်နှုန်း အစိုးရက ယူပါတယ်။ ပိုင်ရှင်မဲ့ ထီဆုတွေ၊ ဆုငွေလာ မထုတ်တဲ့ ထီလက်မှတ်တွေကလည်း တစ်နှစ်တစ်နှစ်မှာ သိန်းပေါင်းသောင်းချီ သိမ်းယူရ ပြန်ပါတယ်။ တကယ်ကတော့ အခွန်ကောက်သလို ၁၅-၂၀ ရာခိုင် နှုန်းလောက်ပဲ အစိုးရကယူပြီး ၈၀ ရာခိုင်နှုန်း ကို ဆုကြေးအဖြစ် ချီးမြှင့်သင့်ပါတယ်။ အခုတော့ ဆင်းရဲမွဲတေမှုလျှော့ချဖို့လိုအပ် နေတဲ့ ဆင်းရဲတဲ့နိုင်ငံမှာ အစိုးရက အမြတ်ကြီးစားသလို ဖြစ်နေပါ တယ်။

ဆုကြေးတွေကိုလည်း ခေတ်ကာလနဲ့အညီ ပြောင်းလဲရမှာပါ။ ကလေးကလား ကျပ်ငွေငါးသောင်းဆု (ဒေါ်လာ ၃၀) တော့ မလုပ် သင့်ပါဘူး။ ငါးသောင်းဆုပေါက်လို့ နီးစပ်ရာထီဆိုင်မှာ ပြန်ရောင်း ရင် ထီဆိုင်က လမ်းစရိတ် သုံးလေးငါးထောင် ဖြတ်တဲ့ အတွက် ထီပေါက်သူက မစို့မပို့ငွေကလေး ၄၅,၀၀၀ လောက်ပဲရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ဆုကြေးထုတ်ပေး ရာဌာနကို လာဖို့ဆိုတာကလည်း အချိန်ရော ငွေပါကုန်တာမို့ ငါးသောင်းဆုနဲ့တော့ မလာကြ တာများပါတယ်။ တကယ် တော့ ခုခေတ်ငွေတန်ဖိုးကျဆင်းပုံအရ ဆိုရင် အနိမ့်ဆုံးဆုကြေးဟာ ငါးသိန်းဆုလောက်ဖြစ်ရမှာပါ။ ငါးသောင်းဆု ဆုပေါင်း တစ်သိန်းအစား ငါးသိန်းဆုစောင်ရေ ၅,၀၀၀ ဆိုတာမျိုး စသည်ဖြင့် လုပ်ရမှာဖြစ်ပါတယ်။

ကိုယ့်အိတ်ထဲက ပိုက်ဆံထုတ်ပေးရတာမဟုတ်ဘဲ ခေတ်အဆက်ဆက် အောင်ဘာလေထီဌာန တာဝန်ရှိသူတွေဟာ ပြည်သူတွေ အပေါ် တာဝန်မကျေခဲ့၊ စေတနာမထားနိုင်ခဲ့ကြပါဘူး။ ထီပေါက်ဖို့ အက္ခရာတွေနဲ့ ခက်ခဲအောင်လုပ်ရုံသာမက ၂၀၀ တန်ထီလက်မှတ်ကို ၂၀၀ နဲ့ထိုးနိုင်အောင်၊ ၅၀၀ တန်ထီလက်မှတ် ကို ၅၀၀ နဲ့ထိုးနိုင်အောင် လုပ်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

ချဲထီကို တရားမဝင်၊ မကောင်းပြောပြီး ချဲထီထက် အမြတ်ကြီးစားနေတာ၊ ဆိုးနေတာ အောင်ဘာလေထီ ဖြစ်နေပါတယ်။ ထီရောင်းကောင်း တဲ့လကျပြန်တော့ ထီစောင်ရေကုန်ရင်ကုန်သလို အက်္ခရာသစ်တွေ ထပ်တိုးပြီး အက်္ခရာ ၅၀ ကျော်အထိ ထပ်ပြီးရိုက်ထုတ်ရောင်းစား ပါသေးတယ်။ အဲဒီတော့ ထီပေါက်ဖို့ ရာခိုင်နှုန်းပိုပြီး ကျဆင်းလာပါ တယ်။ သန်း ၄၀ မှာ တစ်စောင်ရမယ့် ထီဆုကြီးတွေဟာ သန်း ၅၀ မှာ တစ်စောင်ဆိုတာမျိုး ဖောင်းပွလာပါတယ်။

ကိုယ့်အိတ်ထဲက ပိုက်ဆံမပေးရဘဲနှင့် ပြည်သူတွေအပေါ် စေတနာနည်းပါးလွန်းတယ်လို့ အောင်ဘာလေထီဌာနက တာဝန်ရှိ လူကြီးတွေကို ထင်မြင်ယူဆပါတယ်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေက အစိုးရတွေ ရပ်တည်လည်ပတ်နေတာဟာ အခွန်ဘဏ္ဍာငွေနဲ့ ဖြစ်ပါတယ်။ ထီဆိုတဲ့လောင်းကစားက ငွေရှာပြီး အစိုးရအဖွဲ့လည် ပတ်နေတာ မဟုတ်ပါဘူး။

တိုင်းပြည်ဘဏ္ဍာအတွက်ဆိုသော်လည်း ကစားပွဲတစ်ခုအနေနဲ့ မျှမျှတတ “Fair Play” ဖြစ်ဖို့လိုပါတယ်။ ထိုင်းနဲ့စင်ကာပူက ထီနည်းစနစ်တွေကို လေ့လာအတုယူ ကြဖို့၊ ပြုပြင်ပြောင်းလဲဖို့ အောင်ဘာလေထီဌာနက တာဝန်ရှိသော လူပုဂ်္ဂိုလ်များကို တိုက်တွန်းလိုပါတယ်။

ထွန်းမြတ်ချို (Freeman)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page