မန္တလေးမှာ ကိုဗစ်အသေအပျောက်စာရင်း စတက်လာပါပြီ (ကူးစက်လူနာအဖွား တဦး သေဆုံး)
မန္တလေးမှာ ကိုဗစ်အသေအပျောက်စာရင်း စတက်လာပါပြီ (ကူးစက်လူနာအဖွား တဦး သေဆုံး)
မန္တလေးဆေးရုံကြီး၌ တက်ရောက်ကုသနေချိန် ကိုဗစ်ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အသက်(၈၀)ဝန်းကျင်အရွယ် အဖွားတစ်ဦး ယမန်နေ့ စက်တင်ဘာ(၁၆)ရက် ညပိုင်းက သေဆုံးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ သေဆုံးသူ အမျိုးသမီးတွင် ကိုဗစ် ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ(၁၆)ရက် ညပိုင်း ထုတ်ပြန်ချက်တွင် ပါရှိခဲ့ပါတယ်။
သေဆုံးသူသည် အသက်(၈၀)ဝန်းကျင် အရွယ်ဖြစ်သလို ဆီးချိုနှင့် သွေးတိုးရောဂါ အခံရှိသူဖြစ်ကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။
“မနေ့ည (၁၁)နာရီကျော်မှာ ဆုံးသွားတယ်။ အသက်(၈၀)အရွယ် အဖွားပေါ့။ အသက်ကြီးတော့ ဆုံးသွားတယ်။ သူ့မှာ ဆီးချိုရော၊ သွေးတိုးရော ရှိတာပေါ့။ မန္တလေးဆေးရုံကြီးမှာ ဆုံးတာ”ဟု ဒေါက်တာစုစုဒွေးက ပြောပါတယ်။
အဆိုပါ သေဆုံးသူသည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၆၆လမ်းနှင့် ၃၆လမ်းအနီးတွင် နေထိုင်သူဖြစ်သည်ဟု မြို့နယ်ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များနှင့် ဒေသခံ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များက ပြောပါတယ်။
ထိုသို့ ကိုဗစ်အတည်ပြုလူနာ တစ်ဦး သေဆုံးခြင်းသည် မန္တလေးတိုင်းအတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ယနေ့ စက်တင်ဘာ(၁၇)ရက် နံနက်ပိုင်းအချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ (၃,၈၉၄)ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံမှဆင်းခွင့်ရသူ (၉၀၀)ကျော်နှင့် သေဆုံးသူ (၄၆)ဦး ရှိပါတယ်။
ယနေ့ စက်တင်ဘာ(၁၇)ရက်တွင် ကိုဗစ် အတည်ပြုလူနာ သေဆုံးသူ ခြောက်ဦးတိုးကြောင်း ဝန်ကြီးဌာနက ကြေညာထားပြီး အဆိုပါ သေဆုံးသူ စာရင်းတွင် မန္တလေးဆေးရုံကြီး၌ ယမန်နေ့ညက သေဆုံးခဲ့သည့် လူနာ၏ အမည် ပါဝင်ခြင်း မရှိသေးပေ။