ကိုဗစ်ကို တိုက်ဖို့ ရန်ကုန်တိုင်း အစိုးရ ဗျူဟာပြောင်းလိုက်ပါပြီ

ရန်ကုန်မှာ ကိုဗစ်တိုက်ဖို့ ဗျူဟာလာပါပြီ

ယခုအချိန် ရန်ကုန်မှာ ပိုးတွေ့သူက များလာမှာပါ။ ဆေးရုံတက်ရသူကလဲ များလာနိုင်ပါတယ်။ စာရေးသူ ယခင်ကထဲက ရေးခဲ့ပြီးပါပြီ။ လေယဉ်ပေါ်က သတင်းမပို့သူ အကုန်လိုက်ဖမ်းရင်တောင် သူတို့ထဲက ပိုးရှိသူက ပြန့်ပြီးလောက်ပါပြီ။ ဒါက ဆေးပညာသဘောအရ ပညာရှင်တွေကိုမေးပြီး ပြောပြတာပါ။ ဒီအချိန်မှာဘဲ ဆရာဝန်တွေကလဲ ဗျူဟာပြောင်းဖို့ ရေးလာ ပြောလာတာ တွေ့ရပါတယ်။ စစ်ပွဲတွေမှာ ရန်သူက နိုင်နေချိန်မှာ ခံပစ်ရသူများဟာ စိတ်ဖိစီးမှုရှိနိုင်ပြီး အပြန်အလှန် အပြစ်ပုံချတာတွေ ရှိလာနိုင်ပါတယ်။ အချင်းချင်း မှားပြောမိတာ လဲ ရှိနိုင်ပါတယ်။ အထက်နဲ့အောက် ဆက်သွယ်မှု ပေါင်းစပ်ညှိနှိုင်းမှုတွေ လုပ်နေဖို့က ပိုလိုအပ်လာပါတယ်။

စာရေးသူ ယခင်ကရေးခဲ့သလိုပါဘဲ လက်ရှိခြေဥဟာ ဖယ်ဒရယ်စစ်စစ်မဟုတ်ဘဲ ဗဟိုက ချုပ်ကိုင်ထားတာပါ။ ဒီနေ့မှာဘဲ တိုက်တိုက်ဆိုင်ဆိုက် စာရေးသူမနက်ကဆောင်းပါးရေးတင်ခဲ့တဲ့ ဆေး (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးကို ရန်ကုန်ကိုဗစ်တိုက်ဖျက်ရေးအတွက် ညှိနှိုင်းရေး ဒုဥက္ကဌခန့်ပြီး လုပ်နေတယ်ဆိုတာကို သူက စကိုင်းနက် မှာ ပြောသွားတာကို တွေ့ရပါတယ်။ ဒါဟာ အင်မတန်ကောင်းပါတယ်။ သူဟာ ကွီးဖြိုးနဲ့ အတွဲညီသူပါ။

သူက containment strategy ဆက်မပြန့်အောင်ထိန်းမယ့် ဗျူဟာနဲ့သွားမယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ ပိုးတွေ့ပြီး ရောဂါလက္ခဏာမပြသူတွေကို နေရာရွှေ့ပြီး ဖောင်ကြီး၊ ဝေဘာဂီနဲ့ တောင်ဥက္ကလာတို့မှာ ရောဂါလက္ခဏာရှိသူတွေကိုသာထားမယ့် စနစ်သစ်ကိုလဲ ချပြသွားခဲ့ပါတယ်။ တိုက်ပွဲဟာ နှစ်ပတ် သုံးပတ် တိုက်ရမယ်ဆိုတဲ့ တိုက်ပွဲကာလကိုလဲ ပြောသွားခဲ့ပါတယ်။ သူကဆက်ပြီးတော့ ဝန်ထမ်းတွေကို အားပေးစကားပြောသွားပြီး သူက ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို ပြောသွားခဲ့ပါတယ်။ သူတို့ဟာ ဆရာဝန်တွေ Q သမားတွေရဲ့ နေဖို့ စားဖို့ လိုအပ်ချက်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့၊ We Love Yangon တို့နဲ့ ဆက်သွယ်ဆောင်ရွက်နေရသလို ညနေတိုင်းလဲ အစည်းအဝေးလုပ်မယ်ဆိုတာကို ပြောသွားခဲ့ပါတယ်။

သူက TV ပေါ်ထွက်ပြောတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအရ ခေါင်းဆောင်မှုမှာ ကွီးဖြိုးက ပေးနိုင်ပေမယ့် ဆေးပညာဘက်က တာဝန်ခံပြီး ပြောမယ့်သူမရှိရင် အခြားဆရာဝန်တွေက ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလားနဲ့ တိုက်ပွဲမှာ ရန်သူကို ခံမချနိုင်ဘဲ ဖြစ်သွားနိုင်လို့ပါ။ အထူးသဖြင့် ရန်ကုန်မှာက ဆရာဝန်တွေရဲ့ ဆရာကြီးတွေနေတဲ့ မြို့ပါ။ တော်ရုံဆရာဝန်လောက်က လူကြီးတက်လုပ်ရင် အခြားဆရာကြီးတွေကြားထဲ ခေါင်းဆောင်မှုပေးရခက်ပါမယ်။

မြန်မာပြည်က ဖက်ဒရယ်မဟုတ်လို့ အမေရိကန်လို အင်္ဂလန်လို surgeon general တွေ chief medical officer တွေ မရှိပါ။ ယခုကတော့ ဆရာဇော်ဝေစိုးက ဆေး (၁) ရဲ့ ပါချုပ်၊ တက္ကသိုလ်များရဲ့ ဥက္ကဌမိုလို့ ဆရာဝန်တွေရဲ့ လေးစားချင်း ခံရသူမိုလို့ သူပြောပြရင် ဆရာဝန်တွေက ပိုနားဝင်မှာပါ။ ပြည်သူကလဲ ပညာရှင်ပြောရင် နားထောင်မှာပါ။ ကွီးကလဲ သူလုပ်ချင်တာ ပြောပြတိုင်ပင်လို့ရသလို သူကလဲ ဆရာဝန်တွေကိုယ်စား အစိုးရကို သူတို့ရဲ့ လိုအပ်ချက်တွေကို တင်ပြနိုင်ပါမယ်။

ရန်ကုန်မှာ ယခုဆရာဇော်ဝေစိုးနဲ့ ကွီးဖြိုးတို့က နည်းဗျူဟာသစ်နဲ့ တိုက်ဖို့စပါပြီ။ အောင်မြင်မယ်လို့လဲ ယုံကြည်ပါတယ်။ အောင်မြင်နိုင်ပါစေ။

စာရေးသူ ယခင်ကရေးခဲ့သလိုပါဘဲ နောက်နှစ်ပတ်မှာ ပိုးတွေ့တာ ဆက်ရှိနေပြီး ဆေးရုံတက်လူနာတွေလဲ ရှိနေမှာပါ။ ဒါပေမယ့် ရန်ကုန်မှာ ဆေး ၁ ပါချုပ်နဲ့ ကွီးဖြိုးတို့ရဲ့ ဦးဆောင်မှုနဲ့ ကိုဗစ်ရန်ကို ကျော်နိုင်မယ်လို့ ထင်ပါတယ်။

ပြည်သူတွေက ကိုဗစ်ကိုနိုင်ဖို့ (၁) အိမ်ထဲမှာနေပါ။ (၂)လက်ဆေးပါ။ (၃) နှာခေါင်းစည်းတပ်ပါ

အားလုံးအတူ ဒီတိုက်ပွဲကို တိုက်ရမှာပါ။ ပြည်သူသာ အဓိကပါ။

Myat Tun Oo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page