ရန်ကုန်တိုင်း တခုလုံးအား အလုံးစုံလော့ဒေါင်းချရန် အစီအစဥ် မရှိသေးဟု သမ္မတရုံးပြော
ရန်ကုန်တိုင်း တခုလုံးအား အလုံးစုံလော့ဒေါင်းချရန် အစီအစဥ် မရှိသေးဟု သမ္မတရုံးပြော
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု များပြားနေပေမယ့် ရန်ကုန်တိုင်းကို လတ်တလောမှာ အလုံးစုံလော့ဒေါင်း ပြုလုပ်ဖို့ မရှိသေးဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောကြား လိုက်ပါတယ်။
လာမယ့် တနင်္လာနေ့ကစပြီး ရန်ကုန်တိုင်းကို အလုံးစုံလော့ဒေါင်း ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေမှုနဲ့ ပတ်သက်လို့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုအပေါ် အိမ်တော်သတင်းထောက်များအဖွဲ့ကနေ တစ်ဆင့် ပြန်လည်ဖြေကြားခဲ့တာပါ။
“ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနအနေနဲ့ လတ်တလောမှာ ရန်ကုန်ကို အလုံးစုံ လော့ဒေါင်း လုပ်ဖို့မရှိသေးပါဘူး။ ယခင် ထုတ်ပြန် ထားတဲ့အတိုင်း တင်းတင်းကျပ်ကျပ် Stay Home ကိုပဲ ကြပ်ကြပ်မတ်မတ် လိုက်နာဆောင်ရွက် ခိုင်းထားပါတယ်”လို့ ဦးဇော်ဌေးက ဖြေကြားခဲ့တာပါ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာတွေ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇ၀င် မရှိတဲ့အပြင် ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့လည်း ထိတွေ့ခြင်းမရှိခဲ့တဲ့ လူနာတွေ့ရှိမှုတွေ အချိန်တိုကာလအတွင်း များပြားလာတာကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်အောင် ထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ) ကို Stay at Home အဖြစ် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနက စက်တင်ဘာ(၂၀)ရက်က ထုတ်ပြန်ကြေညာထားခဲ့တာပါ။