မိန်းမနဲ့ စကားများပြီး အဆိပ်သောက်ကာ ဆေးရုံရောက်လာသည့် အမျိုးသားတွင် ကိုဗစ်ပိုးတွေ့
မိန်းမနဲ့ စကားများပြီး အဆိပ်သောက်ကာ ဆေးရုံရောက်လာသည့် အမျိုးသားတွင် ကိုဗစ်ပိုးတွေ့
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြိုနယ် (၁၆၈) ရပ်ကွက်အတွင်း ကျူးကျော်နေအိမ်တခုတွင် ဇနီးဖြစ်သူနှင့်စကားများခဲ့၍ အဆိပ်သောက်ခဲ့ပြီး ဆေးရုံရောက်လာသူ အမျိုးသားတဦးကို စစ်ဆေးခဲ့ရာ ကိုဗစ် ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရပါတယ်။
အဆိုပါအမျိုးသားသည် အသက် ၂၃ နှစ်အရွယ် ဖြစ်ပြီးစက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဇနီးဖြစ်သူနှင့် စကားများခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးရုံရှိ ကျန်းမာရေးဝန် ထမ်းများက ၎င်းအား ဆေးစစ်ကြည့်ရာတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၇ ရက် ည ထုတ်ပြန်ချက်တွင်လည်း အဆိုပါအမျိုးသားသည် အတည်ပြုလူနာအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယင်းအမျိုးသား ကိုဗစ် ပိုးကူးစက်ခံရမှုဖြစ်စဉ်မှာ မှန်ကန်ကြောင်း ၁၆၈ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က အတည်ပြုပြောကြားပါတယ်။
“လူနာက အခုစံပြဆေးရုံ မှာပါ။ သူ့မိသားစုဝင်တွေကတော့ လောလောဆယ် ကွာရတင်းဝင်ရမှာပေါ့။ ကျန်တာတော့ကျန်းမာရေးအဖွဲ့တွေ ဆက်လက်လုပ်ဆောင်ပါလိမ့်မယ် “ဟု ၎င်းကပြောပါတယ်။
ထို့အပြင် ယင်းပိုးတွေ့လူနာနေထိုင်ရာနေရာတွင် ကျူးအိမ်ခြေ ၄၀ ခန့်ရှိပြီး ပိုးတွေ့လူနာ နေထိုင်သည့် ကျူးကျော်တဲတွင်လည်း အသက် ၂ နှစ်ခွဲနှင့် အသက် ၄ နှစ်အရွယ်ကလေးငယ်နှစ်ဦး အပါ အဝင် မိသားစုဝင် ၈ ဦးနေထိုင်ကြောင်း အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ပြောပါတယ်။
လက်ရှိတွင် ကိုဗစ် ရောဂါပိုးတွေ့ခဲ့သည့် နေအိမ်ရှိမိသား စုဝင်များအား နေအိမ်ပြင်ပသို့ ထွက်ခွင့်မပြုရန်ညွှန်ကြားထားပြီး Quarantine စင်တာသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း ကျူးတွင်နေထိုင်သူ ဦးစိုးတင့်ကပြောပါတယ်။