စစ်တပ်က လုံးဝ အာဏာသိမ်းမှာ မဟုတ်ဘူးလို့ စစ်ဦးစီးချုပ် ပြောကြား (ထိုင်းနိုင်ငံမှာပါ)
စစ်တပ်က လုံးဝ အာဏာသိမ်းမှာ မဟုတ်ဘူးလို့ စစ်ဦးစီးချုပ် ပြောကြား (ထိုင်းနိုင်ငံမှာပါ)
ထိုင်း စစ်ဦးစီးချုပ်သစ်အပေါ် အစဉ်အလာအားဖြင့် မျှော်လင့်ရတာက တိုင်းပြည်ကိုကာကွယ်ဖို့၊ ဗုဒ္ဓဘာသာ၊ ဘုရင်စနစ်နဲ့ ပြည်သူတွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် အခု ဦးစီးချုပ်သစ်ဟာ အရင် ဦးစီးချုပ်ဟောင်းထက် နိုင်ငံရေးအရ ပိုမိုပျော့ပြောင်းပုံတွေ့ရပါတယ်။
ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး နရွန်ပန် ဂျစ်ကျောဝ်ထယ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ တစ်ရက်နေ့ကမှ ဒီရာထူးကိုရရှိခဲ့တာပါ။ သူ ရာထူးရချိန်မှာ အစိုးရအဖွဲ့ကတော့ လူထု ဆန္ဒပြမှုနဲ့ ရင်ဆိုင်နေရပြီး ဘုရင်စနစ်နဲ့အုပ်ချုပ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပါ ပြန်ပြင်ပေးဖို့ တောင်းဆိုခံနေရပါတယ်။
တပ်မတော် ဦးစီးချုပ်ရာထူးဟာ အစဉ်အလာအရ ထိုင်းနိုင်ငံရေးအပေါ် သြဇာလွှမ်းမိုးလေ့ရှိပါတယ်။ ၁၉၃၂ ခုနှစ်မှာ စည်းမျဉ်းခံ ဘုရင်စနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းပြီးကတည်းက ထိုင်းနိုင်ငံရေးမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အကြိမ်ပေါင်း ဒါဇင်နဲ့ချီရှိခဲ့တာက သက်သေပြ နေပါတယ်။
ဒါပေမယ့် အသက် ၅၇ နှစ်အရွယ် ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး နရွန်ပန်ကတော့ “စစ်တပ်က အာဏာသိမ်းမယ့်အလားအလာ သုညမှာပဲရှိပါတယ်။ အာဏာသိမ်းရေးအခြေအနေ ဖန်တီးနေတဲ့အဖွဲ့မရှိဘူး။ အကြမ်းဖက် ပဋိပက္ခခံစားရအောင် ဆောင်ရွက်နေတာမျိုးမရှိဘူး” လို့ အင်္ဂါနေ့မှာ ပထမ ဆုံအကြိမ်ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ သတင်းထောက်တွေရဲ့အမေးကို ဖြေကြားသွားခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး နရွန်ပန်ဟာ ဘုရင်စနစ်လိုလားတဲ့ အရင် စစ်ဦးစီးချုပ်ဟောင်း အပီရက်လို ဆန္ဒပြနေသူတွေအပေါ် တိုက်ရိုက် ဝေဖန်တိုက်ခိုက်ခြင်းမရှိပါဘူး။ ဥပဒေချိုးဖောက်ရင် အရေးယူခံရမယ်လို့သာ ပြောဆိုခဲ့ပါတယ်။
ထိုင်းမှာ ဘုရင်စနစ်ကာကွယ်ရေးဥပဒေအရ ဘုရင်စနစ်အပေါ် ဝေဖန်သူကို ၃ နှစ်ကနေ ၁၅ နှစ်အထိ ထောင်ဒဏ်အပြစ်ပေးနိင်ပေမယ့် အခုချိန်အထိတော့ ဆန္ဒပြ လူငယ်ခေါင်းဆောင် တွေအပေါ် ဒီလိုစွဲချက်တင်တာမျိုး မရှိသေးပါဘူး။ ။