ကိုဗစ်ရန်သူကို အပြုတ်တိုက်နိုင်မယ့် နည်းလမ်းများ (တဦးချင်း တယောက်ချင်းစီက အလွန်အရေးကြီးပါတယ်)

ကိုဗစ်ရန်သူကို အပြုတ်တိုက်နိုင်မယ့် နည်းလမ်းများ (တဦးချင်း တယောက်ချင်းစီက အလွန်အရေးကြီးပါတယ်)

ကိုဗစ်က တကယ်ကို ပြင်းအားမြင့်တဲ့ ဗုံးပဲ။ ကျွန်တော်တို့ ကိုယ်ထဲဝင်ပြီး ကျွန်တော်တို့ကို အထိနာကျအောင် ပေါက်ကွဲစေတဲ့ ဖောက်ခွဲရေးသမား။ ဒီတော့ ကျွန်တော်တို့ကိုယ်တိုင်က Mask တပ်ပြီး၊ Face Shield ဝတ်ပြီး၊ လက်ကို မကြာခဏဆေးပြီး လုံခြုံရေး တွေ မြှင့်ထားဖို့ လိုသလို၊ မလိုအပ်ဘဲ အပြင်ထွက်ဘဲ နေဖို့၊ ထွက်ဖြစ်ခဲ့ရင်လည်း အပြင်မှာ ရှိတဲ့အချိန် တတ်နိုင်သလောက် လျော့ဖို့လည်း လိုအပ်တယ်။

နိစ္စဓူဝ ဘဝတွေမှာ အကြောင်းပြချက်တွေ အများကြီးရှိနေမှာပါ။ ဒါကြောင့် အပြင်မသွားရတို့၊ အိမ်ထဲမှာ နေတို့ဆိုပြီး အတင်း မလုပ်နဲ့ဆိုပြီး ဖိအား မပေးလိုပါဘူး။ ဒါပေမယ့် အပေါ်အပိုဒ်မှာ ပြောထားသလို ကိုယ်ရဲ့ ကာကွယ်မှုကို သတိလေး နဲ့ တိုးထားဖို့ တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်တွေ ဖြစ်ပါတယ်။ Mask တွေကို မေးမချိတ်ထားပါနဲ့။ Face Shield ကို နဖူးပေါ်တင်မထားပါနဲ့။ တွေ့ရာ လျှောက်မကိုင်ပါနဲ့။ ရပ်ကွက်တွင်း ဝင်လာတဲ့အခါ ဂိတ်စောင့်က မေးရင် ကောင်းကောင်းပဲ ဖြေပေးပါ။ ဂိတ်စောင့်များ ကလည်း ကောင်းကောင်းမွန်မွန်ပဲ မေးပေးပါ။ (ကန့်သတ်ချက်နဲ့ နေရတာမလို့ စိတ်ဖိစီးနေရပြီး အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ဖြစ်နိုင်တဲ့အပြင် ဒေါသကြောင့် ပေါက်ကွဲရင်း နှစ်ဖက်အကျိုး မရှိတဲ့ ရလဒ်​တွေပါ ရနိုင်တာကြောင့်ပါ။)

ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ရန်သူဟာ အင်အားကြီးလွန်းနေသေးတာကြောင့် အကူတိုက်ပေးနေတဲ့ ဆရာဝန်(မ)တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ကျန်းမာရေး စောက်ရှောက်သူတွေ၊ အစိုးရအဖွဲ့တွေ ခြေကုန်လက်ပမ်းကျ အားနည်းနေပြီ မလို့ပါ။

ကိုဗစ် သံသယရှိလို့ စမ်းသပ်ခံမယ့် သူတွေကို ကူညီပါ။ ကိုဗစ် ကူးစက်ခံရတဲ့ သူတွေကို အားပေးပါ။ အပြစ်တင်နေခြင်းက ကြောက်လန့်မှုနဲ့ ဖိအားကို ဖြစ်စေပြီး ရင်ဆိုင်ရမယ့်အစား ထွက်ပြေးဖို့ လမ်းကြောင်းပေးသလို ဖြစ်စေပါတယ်။ (ရောဂါရှိလျက် ထွက်ပြေးသူတွေဟာ အပြစ်ရှိတယ်လို့ သတ်မှတ်ရင်၊ သူ့ကို လက်တွဲမခေါ်ဘဲ အပြစ်တင်တဲ့ သူတွေက ဆယ်ဆ ပိုပြီး အပြစ်ရှိပါတယ်။)

ရှုံ့ချတာတွေကို ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် မလုပ်ကြပါနဲ့။ သူတို့က ဦးနှောက် မရှိဘူး ဆိုရင်တောင် ဦးနှောက်ရှိတဲ့ သူများက စတင်ပြီး အသိပေးပါ၊ ပူးပေါင်းလုပ်ဆောင် ပေးပါ။ အရင်ဆုံးတော့ ကိုယ်က စပါ။ ကိုယ့်ကိုယ်ကို စစ်သူကြီးအဖြစ်မှတ်ယူပြီး ဒီရန်သူတွေ မလာအောင် ကာကွယ်ပါ။ ကြိုတင်ပြင်ဆင်မှုတွေ ကိုလုပ်ပါ။ ကျွန်တော်တို့ ကိုယ်တိုင်က ဦးဆောင်ပြီး စံပြအဖြစ်နေထိုင်ပြုမှုကြပါ။

ကျေးဇူးတင်ပါတယ်။

မျိုးမြင့်မြတ်သိန်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page