၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံး မုန်တိုင်း မိုခါး (Mocha) နှင့် အပူပိုင်း ဆိုင်ကလုံး မုန်တိုင်း ဖြစ်ပေါ်လာပုံ

အပူပိုင်း ဆိုင်ကလုံး မုန်တိုင်းတစ်ခု ဖြစ်တည်ခြင်း / ဖြစ်ပေါ်လာပုံ

ဆိုင်ကလုံးဆိုတဲ့ ဝေါဟာရဟာ ၁၈ ရာစုလောက်က အိန္ဒိယကို သိမ်းပိုက်ထားတဲ့ ဗြိတိသျှကိုလိုနီတို့ စပြီးမှည့်ခေါ်ခဲ့တဲ့ အမည်ဖြစ်ပြီး၊ ဂရိဘာသာစကားမှ ဆင်းသက်လာတဲ့ ဝေါဟာရတစ်ခုဖြစ်ပါတယ်။ စက်ဝိုင်းတစ်ခုအတွင်း ရွေ့လျားခြင်း (Moving in a circle) လို့ အဓိပ္ပါယ် ရပါတယ်။ နောက်ပိုင်းမှာတော့ တောင်ပစိဖိတ် နဲ့ အိန္ဒိယသမုဒ္ဒရာတို့မှာ ဖြစ်ပေါ်တတ်တဲ့ အပူပိုင်း မုန်တိုင်းတွေကို ဆိုင်ကလုံးမုန်တိုင်းလို့ သတ်မှတ်ခေါ်ဆိုလာကြပါတယ်။ ၂၀၂၃ ခုနှစ်အတွက် အိန္ဒိယသမုဒ္ဒရာရဲ့ ပထမဆုံးဖြစ်ပေါ်မည့် ဆိုင်ကလုံးမုန်တိုင်းကိုတော့ ရီမင်နိုင်ငံက တင်သွင်းထားတဲ့ မိုခါး (Mocha) ဆိုတဲ့ ကော်ဖီအမည်ကို မှည့်ခေါ်ပေးရမှာ ဖြစ်ပါတယ်။

အပူပိုင်း ဆိုင်ကလုံးမုန်တိုင်းရဲ့ အစဟာ ပူခြင်းပဲ ဖြစ်ပါတယ်။ မတ်လ ၂၁ ရက်နေ့ကစလို့ ကျနော်တို့ နေထိုင်ရာ အရပ်ဒေသပေါ်ကို နေရောင်ခြည် တည့်မတ်စွာကျရောက်ပြီး ပူနွေးလာပါတယ်။ အပူကို စုပ်ယူနိုင်စွမ်းရှိတဲ့ ဖန်လုံအိမ် ဓါတ်ငွေ့များလည်း လေထုထဲမှာ များနေလေတော့ အစွမ်းကုန်ကို ပူပြင်းလာပါတော့တယ်။ ထိုအပူကြောင့် လေ နဲ့ ရေ တို့ဟာ ပွပြီး အထက်သို့ ဆန်တက်ကြပါတယ်။ ထိုအခါမှာ လေရဲ့ဖိအားတွေ လျော့နည်းသွားတာမို့ လေဖိအားနည်း ရပ်ဝန်းတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ လက်ရှိအချိန်မှာ Depression လို့ခေါ်တဲ့ လေဖိအားနည်း ရပ်ဝန်းတစ်ခုဟာ ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းမှာ အစပြုလို့ နေပြီပဲ ဖြစ်ပါတယ်။ ဒီအဆင့်ကို အစပျိုးခြင်း အဆင့် လို့ သတ်မှတ်ပါတယ်။

အပေါ်သို့ ဆန်တက်သွားကြတဲ့ လေပူတွေရဲ့နေရာကို အေးပြီးခြောက်သွေ့သော လေများက ဝင်ရောက် နေရာယူ (တနည်း) တိုက်ခတ်ကြပါတယ်။ အပေါ်ကိုတက်သွားတဲ့ လေပူ ရေပူ (ရေခိုးရေငွေ့) တို့ကလည်း ကြီးမားတဲ့ မိုးတိမ်တောင်များအဖြစ် စုဖွဲ့လာကြပါတယ်။ ထိုသို့ အရည်စုဖွဲ့ခြင်းမှလည်း အပူကို ထပ်မံရရှိခြင်းကြောင့် စွမ်းအားတွေပိုကောင်းလာပါတယ်။ ဆန်တက်တဲ့ လေအားကောင်းလာခြင်းနှင့် အတူ တိမ်တိုက်များဟာ ငွေ့ရည်ပေါင်း များစွာနဲ့ ထူထပ်ပြီ လေးလံလာကြတယ်။ ရေမှုန်စက်တွေ ထိတွေ့ပွတ်တိုက်ကြရာမှ လျှပ်စစ်ထွက်လာကြပြီး တိမ်တိုက်ထဲမှာ လျှပ်စစ်မိုးကြိုးတွေပါ စီးဆင်းလင်းလက် လာပါတော့တယ်။ ဒီအဆင့်ကိုတော့ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (တနည်း) မုန်တိုင်းငယ် (Deep depression) လို့ သတ်မှတ်ပါတယ်။

ကမ္ဘာကြီးရဲ့ လည်ပတ်ခြင်းမှ ရရှိတဲ့ ကိုရိုးလစ် အားသက်ရောက်မှုဟာ မုန်တိုင်းကို ခရုပတ်ပုံ ရစ်ခွေသွားစေပါတယ်။ အီကွေတာရဲ့ မြောက်ဘက်ခြမ်းမှာဖြစ်လို့ နာရီလက်တံ ပြောင်းပြန်ပုံစံ လှည့်ပတ်ပါတယ်။ မုန်တိုင်းဟာ ရင့်မာလာပြီး မုန်တိုင်းမျက်စိ (ဗဟိုချက်) နေရာလည်း ထင်ပေါ်လာပါတယ်။ ထိုနေရာဟာ ဖိအားအနည်းဆုံး (တနည်း) လေတိုက်ခတ်မှု အားအကောင်းဆုံးနေရာ ဖြစ်ပါတယ်။ မုန်တိုင်းတစ်ခုလုံးရဲ့ လေတိုက်ခတ်မှုအားဟာ မုန်တိုင်းမျက်စိရဲ့ လေဖိအားပေါ်မူတည်ပြီး ပြောင်းလဲပါတယ်။ ဒီအဆင့်ကို ရင့်ကျက်သော မုန်တိုင်းအဆင့် လို့သတ်မှတ်ပြီး လေတိုက်နှုန်းအနည်းအများအလိုက် အဆင့်/အရောင် သတ်မှတ်ကြပါတယ်။

မုန်တိုင်းကျရောက်နေတဲ့နေရာမှာ လေရောမိုးပါ ပြင်းပြင်းထန်ထန် တိုက်ခတ်ရွာသွန်းပြီး မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများလည်း ဖြစ်ပေါ်နိုင်ပါတယ်။ မိုးရွာနိုင်တဲ့ တိမ်လွှာတန်းတွေဆီက မိုးအဓိကလာတာမို့ တခါတရံ မိုးမရွာပဲ လေပြင်းကျတာမျိုးလည်း ရှိတတ်ပါတယ်။ မုန်တိုင်းလာမည့်အခြေအနေကို ကြိုတင်သိမြင်ခြင်းဖြင့် မုန်တိုင်းတစ်ခု မဝင်ရောက်လာခင်မှာ ကြိုတင်ကာကွယ် ပြင်ဆင်ထားခြင်း လုပ်ငန်းများ ဆောင်ရွက်ထားနိုင်ပါတယ်။ မုန်တိုင်းနှင့်အတူ ဒီရေလည်း တိုးလာနိုင်တာကြောင့် မြစ်ဝ၊ ပင်လယ်ကမ်းစပ်အနီး နေထိုင်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာများ ကြိုတင်ရှာဖွေထားရန်၊ အရေးပေါ် ရေနှင့် အစားအစာတို့ စုစောင်းထားရန်၊ မိမိတို့နေအိမ်အနီး ပြိုလဲနိုင်သော၊ ပျက်စီးနိုင်သော အရာများအား ရှင်းလင်း ဖယ်ရှားထားရန်၊ မှန်ကန်သော သတင်းမီဒီယာမှ မုန်တိုင်းသတင်းကို မပြတ်နားစွင့်ထားရန် လိုအပ်ပါတယ်။

အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page