ရင်ထဲကို ထိရှသွားစေတဲ့ အသက် ၇၀ ကျော် ကူးစက်ခံ အဖိုးနဲ့ အဖွား အကြောင်း (မျက်ရည်ကျမိပါတယ်)

ရင်ထဲကို ထိရှသွားစေတဲ့ အသက် ၇၀ ကျော် ကူးစက်ခံ အဖိုးနဲ့ အဖွား အကြောင်း (မျက်ရည်ကျမိပါတယ်)

စင်တာတစ်ခုလုံး ငြိမ်သက်ပြီး ကျစ်ရစ်ခဲ့တယ်။ အခုအချိန်အထိ မနားရသေးတာက ဗော်လန်တီယာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပဲ။ မျက်နှာတွေလည်း မကောင်းကြဘူး ကျူဝင်သူရာနဲ့ချီပြီး Positive တွေ့လို့ စိတ်ထဲမကောင်းဘူးလို့ပြောတယ် ။

ဒီညတော့သန့်ရှင်းရေးလုပ်ပြီးရင် မနက်ဖြန်ညနေအထိသူတို့တွေခဏလေးနားပါမယ် ။ နားနေတဲ့အထိ နောက်ဝင်မဲ့သူတွေကလည်းတန်းစီပြီးစောင့်နေတယ် ။ ဆေးရုံကြီးကလည်းဖုန်းတွေ ဝင်နေတယ် နောက်လာမဲ့လူတွေဆေးရုံကြီးမှာ‌ထား ဖို့နေရာအခက်အခဲရှိတဲ့အကြောင်းပေါ့ ။

ဒီကာလဟာအားလုံး ကြိုပြီးမသိ၊မမြင်နိုင်တဲ့အချိန် ရထားကြီးပေါ်မှာ ကိုဗစ်က ကျနော်တို့အားလုံးကို တင်ပြီး ရှေ့ကိုမောင်းနှင်နေတယ်။

ဒီနေ့အတွက်ရင်ထဲအတော်ထိရှတဲ့ ကျူဝင်သူအဖိုးနဲ့အဖွားအကြောင်းပြောပြချင်တယ် ။ အဖိုးနဲ့အဖွားက အသက်၇၀ကျော်ပြီ ဖြစ်တဲ့ ငယ်လင်ငယ်မယားတွေပါ ။ ဇနီးမောင်နှံ နှစ်ယောက်လုံး အနံ့မရတော့လို့ ဒီကိုရောက်လာတာ။ အဖွားကတော့ ကျန်းမာရေးကောင်းပါရဲ့ ။ အဖိုးကတော့ မျက်စိနှစ်ကွင်းလုံး အလင်းမရတော့သလို လမ်းလည်းကောင်းကောင်း မလျှောက်နိုင်ပါဘူး။

ကျူဝင်သူတွေကို ကျား၊မ ခွဲပြီး ထားရပေမဲ့ အဖွားနဲ့အဖိုးကိုတော့ တစ်ခန်းတည်းပဲ ထားပေးပါတယ်။ အဖိုးရဲ့ စားတာသောက်တာ အိမ်သာသွားတာကအစ အဖွားရဲ့ အကူအညီ မပါလို့ မရသလို အဖွားကလည်း တစ်ခြားသူလက်နဲ့ သူ့လင်သားကိုပြုစုတာ
ကိုစိတ်မချဘူး ။

မျက်ိနှစ်ကွင်း အလင်းမရတဲ့အဖိုးဟာ အဖွားကို အတော်ကြီး အားကိုးယုံကြည်ပုံရပါတယ် ။ကလေး တစ်ယောက်က မိခင်ကိုတွယ်တာပြီး အားကိုးတဲ့ ပုံမျိုးနဲ့ ပြောနေ ဆိုနေတာတွေကိုတွေ့ရတတ်ပါ တယ် ။ ကြင်ကြင်နာနာ ယုယုယယရှိလွန်းတဲ့ သူတို့ လင်းမယားကြား ကျနော်တို့ မသိမမြင်နိုင်တဲ့ ကောင်းတူဆိုးဘက် နေ့တွေ ပျိုနုစဉ်အရွယ်တုန်းက ဘယ်လောက်များများ ရှိခဲ့ပြီးပြီလဲ ။

အဖိုးရော အဖွားရေနှစ်ယောက်လုံးအဖြေက Positive ပါ ။ ကံကောင်းလိုက်တာလို့ ကျနော့စိတ်ထဲတွေးမိတယ် ။ အဖွားတစ်ယောက်တည်း Negative ထွက်တယ်ဆို ကျနော်တို့တွေ အဖိုးကိုဘယ်လိုမျိုးပြောရပါ့ ။ အဖိုးတစ်ယောက်တည်း Positive ထွက်တယ်ဆို အဖွားကိုနားချပြီး ပြန်ပို့ဖို့ ကျနော်တို့တွေ ဘယ်လိုတွေလုပ်ရပါ့ ။

အခုတော့နှစ်ယောက်လုံး Positive ထွက်လို့နေရာ ပြောင်းရပါတော့မယ်။ ကိုရိုနာဗိုင်းရပ်က ဘာဖြစ်တယ် ၊ ဘယ်လို ကြောက်စရာ ကောင်းတယ်ဆိုတာတွေ အဖိုးရော ၊အဖွားရော ဘယ်သိမှာလဲ ။သူတို့တွေဆီမှာ ဒီပိုးတွေ့တယ်ဆိုတာထက် နေရာခွဲပြီး နေရမှာလားဆိုတဲ့ မေးခွန်းတစ်ခုတည်းပဲ အဖွားက မေးနေတော့တာပါပဲ ။

ကျနော်တို့ဘယ်လို ဖြေရပါ့ ။ အသက်အရွယ်လည်း ကြီးပြီ ၊ ရောဂါအခံတွေလည်းရှိပြီ နှစ်ယောက် လုံးမှာလည်း Positive အဖြေဆိုတာကသေချာပြီ ။ ကားပေါ်မတက်ခင် အဖိုးကခဏလေးနားအုံးမယ် ပြောပြီး အနားက ခုတင်လေးပေါ် ခွေခွေလေးခဏ
အိပ်နေတယ် ။

ကျောင်းတုန်းကဖတ်ခဲ့ဘူးတဲ့ ဘာသာပြန်ဝတ္ထူလေးတစ်ပုဒ်စိတ်ထဲဝင်လာတယ် ။ ဝတ္ထုလေးနာမည်က နှုတ်ဆက်အနမ်းတဲ့ ။ ရောဂါ သည်အဖိုးကို ပြုစုနေရတဲ့အဖွားကြီးလင်မယား အကြောင်းပါ ။

ရောဂါသည်အဖိုးက အိပ်ယာဝင်ချိန်ဆိုအဖွားကို နမ်းပြီးမှအိပ်ယာဝင်လေ့ရှိတယ် ။ ငယ်ရည်းစား ဘဝ ၊နောက်တော့အိမ်ထောင်ရှင်ဘဝရောက်တဲ့အထိ အမြဲတမ်း နမ်းလေ့ရှိတဲ့ ပြုမြဲအလေ့အကျင် တစ်ခုပေါ့ ။

နောက်ဆုံးနာမကျန်းဖြစ်လို့ အိပ်ယာအပေါ်လဲနေတဲ့အထိ ။ဒီလိုနဲ့ ညလေးတစ်ညမှာ အဖိုးဟာရောဂါ သည်းလာပြီး အဖွားကိုတစ်ယောက်တည်းထား သွားခဲ့တယ် ။ အဖွားကသတိရတိုင်းပြောလေ့ရှိတဲ့ အဖိုးနမ်းသွား တဲ့ နှုတ်ဆက်အနမ်းအကြောင်းပေါ့ ။

ဒီညအတွက်တော့ ဒါပါပဲဗျာ ။ အဖွားနဲ့အဖိုးအတွက် ဆုတောင်းပါတယ် ။ ကျနော်တို့တွေ မသိ၊မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ ၊ သစ္စာတရားတွေကို တိုင်တည်ရင်း ဒီညအတွက်တော့ ဒါပါပဲဗျာ …။

Ko Zay Ko Ko

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page