တင့်ကားတပ်ကြီးကို တဦးထဲ ရင်ဆိုင်ခဲ့တဲ့ လူမသိတဲ့ အညတရ သူရဲကောင်း တယောက်

လူသိမခံတဲ့ သူရဲကောင်းတစ်ယောက်

နှစ် ၁၀၀ အတွင်း အရေးအပါဆုံးလူသား ၁၀၀ ထဲမှာ ဂန္နီတို့နဲ့အတူအရွေးခံရသူ။ “ရာစုနှစ်ရဲ့ အလွှမ်းမိုးဆုံး လူတွေများ” ထဲမှာ အရွေးခံရသူဟာ ဘယ်သူမှန်းကို မသိရတော့ပါ။

လွန်ခဲ့တဲ့ ၃၁ နှစ်က ဂျွန်လ ၅ ရက်နေ့မနက် ဒီလိုအချိန်မှာ တိုင်းမ် မဂ္ဂဇင်းရဲ့ ဓာတ်ပုံဆရာ ဂျက်ဖ် ဟာ ဘေဂျင်းဟိုတယ်ရဲ့ ၆ ထပ်ရှိ သူ့အခန်းရဲ့ ​လသာဆောင်ကနေ အပြင်ထွက်လာပါတယ်။ အဲ့ဒီနေ့မတိုင်ခင် ဂျွန်လ ၄ ရက်နေ့ မနက်အစောကြီးမှာ တိန့်ရှောင်ဖိန်ရဲ့အမိန့်နဲ့ တီယန်မင်း ရင်ပြင်မှာရှိတဲ့ ကျောင်းသားနဲ့လူထု များစွာကို နှိမ်နင်းခဲ့ပါတယ်။

အားလုံးက တရုတ်စစ်တပ်ရဲ့ ပူပူနွေးနွေး ရက်စက်မှုကို မြင်ထားကြတာမို့ တင့်ကားတွေမြင်ရင် ထွက်ပြေးကြတဲ့အချိန်ပါ။ ဓာတ်ပုံဆရာ ဂျက်ဖ် လှမ်းကြည့်လိုက်တော့ တင့်ကားအစီးပေါင်းများစွာပါတဲ့ တင့်ကားတန်းကြီးဟာ တီယန်မင်း ရင်ပြင်ဘက်ကို ချီတက်လာနေပါတယ်။

အဲ့ဒီအချိန်မှာ ဓာတ်ပုံဆရာ ဂျက်ဖ်ဟာ သူ့မျက်စိကိုသူ မယုံနိုင်အောင် ဖြစ်သွားပါတယ်။ အင်္ကျီအဖြူ ဘောင်းဘီအနက်ဝတ်ထားပြီး လက်နှစ်ဖက်မှာ စျေးဝယ်တဲ့ အိတ်ကိုင်ထားတဲ့ လူငယ်တစ်ယောက်ဟာ တင့်ကားတန်းကြီးရှေ့မှာ ရဲရဲဝံ့ဝံ့ မတ်တပ်ရပ်လိုက်ပါတယ်။

အဲ့ဒီလူငယ်ကို တက်ကြိတ်လုလုအထိ တင့်ကားတန်းကြီးရှေ့တိုးလာခဲ့ပေမယ့် လူငယ်က မတုန်မလှုပ်ပဲ တင့်ကားတန်းကြီးကို အံတုကာ ရပ်တန့်နေခဲ့ပါတယ်။ အရမ်းနီးကပ်လာချိန်မှာ ထိပ်ဆုံးတင့်ကားက ရပ်တန့်သွားပြီး နောက်က တင့်ကားပေါင်းများစွာကပါ ရပ်တန့်သွားပါတယ်။

ထိပ်ဆုံးတင့်ကားရဲ့ သေနတ်သမားနဲ့ အဲ့ဒီလူငယ်က စကားပြောပါတယ်ပြီးတော့ တင့်ကားပေါ် တွယ်တက်လိုက်ပါတယ်။ တင့်ကားအဖုံးပွင့်သွားပြီး အထဲကနေ ခေါင်းဆောင်ထွက်လာပါတယ်။ သူနဲ့လူငယ်ခဏ စကားပြောပါတယ်။ လူငယ်ကပြန်ဆင်းသွားချိန်မှာ တင့်ကားတွေက ဆက်ထွက်ဖို့ လုပ်ပါတယ်။

လူငယ်က ရဲရဲဝံ့ဝံ့ပြန်ရပ်နေပြန်ပါတယ်။ ပထမဆုံးတင့်ကားက ရှောင်ဖို့ကွေ့လိုက်ပါတယ်။ သူက တင့်ကားရှေ့ကနေ လိုက်ပြီးမတ်တပ်ရပ်ကာ တားဆီးပြန်ပါတယ်။ နောက်ဆုံးမတော့ တင့်ကားအားလုံးရှေ့မတိုးနိုင်ပဲ ရပ်တန့်သွားပါတော့တယ်။ အဲ့ဒီအခိုက်အတန့်လေးဟာ တရုတ်ပြည်ကြီး ဒီမိုကရေစီရဖို့ လက်တစ်လုံးအလိုမှာပါ။ ဖြစ်ချင်တော့ လမ်းဘေးကရပ်နေတဲ့ ပြည်သူတွေက သူနဲ့အတူဝင်မပါပဲ သူ့ကို အတင်းဆွဲခေါ်သွားပါတယ်။

ဘာပဲဖြစ်ဖြစ် အညတရသူရဲကောင်းဟာ တင့်ကားတပ်ကြီးနဲ့လူတစ်ယောက်ကို ကြောက်အောင်ခြိမ်းခြောက်လို့မရဘူးဆိုတာ ရဲရဲဝံ့ဝံ့ပြသွားပါတယ်။ ဒီဓာတ်ပုံဟာ သတင်းဌာနတွေ မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးပုံအဖြစ်အသုံးပြုဆုံး ပုံတစ်ပုံ ဖြစ်လာပါတယ်။ သူဘယ်သူလဲဆိုတာ အခုထိ ဘယ်သူမှမသိရပါ။

တစ်ချို့က သူဟာ သေနတ်နဲ့ပစ်ပြီး စီရင်ခံရတဲ့ ဒါဇင်နဲ့ချီတဲ့ ကျောင်းသားတွေထဲ ပါသွားတယ်လိူ့ဆိုသလို တစ်ချို့ကလည်း သူရဲကောင်းဟာ အေးဆေးနေတတ်သူလို့ဆိုနေပြန်ပါတယ်။ ၁၉၉၀ ခုနှစ်မှာ ကွန်မြူနစ်ပါတီအတွင်းရေးမှုး ကျန်ဇီမင်းကို အင်တာဗျုးမှာမေးခဲ့ရာမှာ ကျန်ဇီမင်းက အဲ့ဒီလူဘယ်သူလဲဆိုတာ သူမသိဘူးလို့ဆိုပါတယ်။

ကွန်မြူနစ်ပါတီရဲ့ အတွင်းသတင်းတွေအရလည်း သူဘယ်သူလဲဆိုတာ မှတ်တမ်းမှတ်ရာ မရှိပါဘူး။ ဘာပဲပြောပြော လူငယ်တစ်ယောက်ဟာ စစ်တင့်ကားတန်းကြီးနဲ့ တက်ကြိတ်မှာ၊ မနေ့ကတင် ပူပူနွေးနွေး ပစ်ပြခဲ့တာကို မကြောက်ပဲ ရဲဝံ့စွာ ဆန့်ကျင်ပြခဲ့ပါတယ်။

လက်ထဲမှာ စျေးဝယ်အိတ်နှစ်အိတ်ကိုကိုင်ထားတဲ့ လူငယ်တစ်ယောက်ဟာ လက်နက်အပြည့်အစုံနဲ့ T59 တင့်ကားတန်းကြီးကို ရပ်တန့်အောင် ဆန့်ကျင်ပြနိုင်ခဲ့ပါတယ်။ ဘေးကလူအုပ်ကြီကတော့ ရပ်ကြည့်နေခဲ့ပါတယ်။ ကျနော်ကတော့ အဲ့ဒီလူအုပ်ကြီးအကြောင်းကို ဆက်တွေးမိနေပါတယ်။ အဲ့ဒီ့လူအုပ်ကြီးသာ..

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page