စာရင်းထဲကထက် ပိုများနေမယ့် ကူးစက်လူနာဦးရေနဲ့ မြန်မာပြည်ကနေ အမြစ်ဖြတ်ဖို့ မလွယ်တော့တဲ့ ကိုဗစ်
စာရင်းထဲကထက် ပိုများနေမယ့် ကူးစက်လူနာဦးရေနဲ့ မြန်မာပြည်ကနေ အမြစ်ဖြတ်ဖို့ မလွယ်တော့တဲ့ ကိုဗစ်
တွေ့ရှိသူဦးရေဟာ တကယ်ဖြစ်ပွါးနေသူတွေရဲ့ အပေါ်ယံသာဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆို Fever Clinic မရောက်တဲ့သူတွေ ကျနော်တို့လို ဆရာဝန်တွေကိုလာလာမေးပြီး အိမ်မှာ Home Isolation လုပ်နေတယ်ဆိုတာတွေ အများကြီး ရှိတယ်ဆိုတာ သိထားလို့ပါ။
ဒုတိယလှိုင်းက အခုထိန်းပုံနဲ့ ၂ ပတ် ၁ လလောက်နေရင် တဖြည်းဖြည်းလျော့သွားမှာပါ။ တတိယလှိုင်းကတော့ ပိတ်တာပြန်ဖြေလျော့လိုက်တာနဲ့ အရင်မဖြစ်ရသေးတဲ့သူတွေ အိမ်ပြင်မထွက်ဘဲပိတ်နေရာက ပြန်ထွက်တဲ့သူတွေ ဖြစ်တာကနေစမှာပါ။ ဒါမှမဟုတ်ဘဲ နိုဝင်ဘာ ၁၅-ဒီဇင်ဘာ ၁၅ ကြားလောက်ပြန်တက်မယ်ထင်တာပဲ။
ကာကွယ်ဆေးရတဲ့အထိလုံးဝမဖွင့်လို့တော့ ဖြစ်နိုင်မယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆို ကာကွယ်ဆေး အစောဆုံးက သင်္ကြန်နောက်ပိုင်းမှ ဖြစ်မှာမို့ပါ၊ ရခဲ့ရင်တောင် အရေးကြီးလူတွေလောက်ပဲရအုံးမှာပါ။ လူတိုင်းရဖို့အတွက်က နောက် ၂ နှစ်အသာလေးပါပဲ။
အဲ့အထိတင်းတင်းကြပ်ကြပ်ပိတ်ရင် စားသောက်ရေးပြဿနာမှာတင် အတော်တက်မှာမို့ပါ။ ကျန်တာထည့်မတွက်သေးပါဘူး။ ၂ ပတ်ပိတ်ပြီးရင်ပြန်ဖွင့်မယ်ဆိုတဲ့ မျှော်လင့်ချက်တော့ မထားပါနဲ့ အစောဆုံးဖြေလျော့ရင် အောက်တိုဘာလကုန်ပဲဖြစ်မှာပါ။ အဲ့လောက်နဲ့ မှန်းတွက်ပြီး လုပ်သင့်တာလုပ်ထားပါ။
လူတွေ စည်းကမ်းမရှိလို့ ဘာဖြစ်လို့ညာဖြစ်လို့ အရမ်းအပြစ်မတင်သင့်ပါဘူး။ ပိုးကူးတာ အရမ်းလွယ်လွန်းရင် လူတွေ အပြစ်မဟုတ်တော့ပါဘူး။ အစားအစာနဲ့ ရေဝယ်တာကတော့ မလုပ်ဘဲကိုနေလို့ရတဲ့ကိစ္စမဟုတ်လို့ပါ။ လူတွေဝယ်ဖို့ ရောင်းတဲ့သူလဲရှိရမှာဖြစ်သလို သယ်ပေးတဲ့သူလဲရှိရမှာပါပဲ။ နောက်ပြီးကျန်းမာရေးကိစ္စပါ၊ အောင့်ထားလို့မဖြစ်နိုင်တဲ့နောက်တစ်ခုပါ။
ဒီလောက်လူတွေကြားမှာ ပျံ့နေတဲ့ပိုးကို အမြစ်ဖြတ်ဖို့ မဖြစ်နိုင်တော့တာကို လက်ခံလိုက်ပါ။ သဘာဝဟာ သဘာဝပါပဲ။ သဘာဝကို လက်ခံနိုင်လောက်တဲ့သူဖြစ်အောင်သာ ကြိုးစားပါ။
ဒေါက်တာကျော်ကျော်စိုင်း