မြောက်ဥက္ကလာဆေးရုံ အရေးပေါ်ဌာနက ဆရာဝန်တဦး အမုန်းခံရေးတဲ့စာ (အောက်ခြေကလာတဲ့ အသံမှန်)

မြောက်ဥက္ကလာဆေးရုံ အရေးပေါ်ဌာနက ဆရာဝန်တဦး အမုန်းခံရေးတဲ့စာ (တာဝန်သိတဲ့ ပြည်သူလူနာတွေကို အားနာပါတယ်တဲ့)

အခုဆို (အဲ့လိုပြောရတာတော့ တာဝန်သိ ပြည်သူလူနာတွေကို အားနာရတယ်) သံသယလူနာစည်းမျဉ်းစည်းကမ်းတွေအရ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ ဆေးရုံကိုလာရတယ် အဖျားလူနာဆေးခန်းတွေပြကြတယ် အများစု ( တစ်ရာလာရင် ဆယ်ယောက်ကပဲ တက်ဖို့လိုတာ) အကောင်းကြီးတွေ ပိုးရှိသံသယဖြစ်တာက လွဲလို့ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေအရ ဆေးရုံမတင်လို့မရဘူး

တင်ရတဲ့အခါကျ ဆေးရုံမှာ နေရာမရှိဘူး ဘာလို့နေရာမရှိတာလဲ ရုံပြည့်ရုံလျှံဖြစ်နေပြီ အရေးပေါ်မှာပဲ ငုတ်တုတ်စောင့်ကြရတယ် နာရီဝက်တစ်နာရီမဟုတ်ဘူးနော် ခြောက်နာရီ ဆယ်နာရီ ဆယ့်နှစ်နာရီ ပလပ်စတစ်ခုံလေးတွေမှာ စောင့်ရတာ ဆေးရုံပေါ်ရောက်ဖို့အတွက်တစ်ခုတည်းပဲ ထမင်းငတ်တယ် ရေငတ်တယ် ခြင်တွေကိုက်တယ် အိမ်သာအခက်အခဲ ရှိမယ် ဒါ့ထက်ပိုတာက ရှိချင်မှ ရှိမယ့် လူက သံသယဖြစ်ခါမှ သံသယလူနာအုပ်ကြီးထဲရောက်တော့ လေထဲက ပျံ့တာလေ အဲ့လူအုပ်ကြီးက သီးသန့်နေရာတွေမရ စုစုဝေးဝေးဖြစ်နေမှတော့ ကူးတော့မှာ

တာဝန်သိပြည်သူလူနာတွေကတော့ လာပြကြတယ် သည်းခံပြီး စောင့်ဆိုင်းကြတယ် တကယ်ပြောတာပါ မနေ့ညကဆို မျက်ရည်ပါဝဲတယ် ဘယ့်နှယ့်ဗျာ မိုးတွေကရွာ မှောင်ကမှောင် ပူပူထူထူကြီးမှာ ညနေသူံးနာရီလောက်ကတည်းက ထိုင်စောင့်နေရကြရှာတာ မနက်နှစ်နာရီမှ နေရာရတယ်

​ကျနော်ဆိုရင်တော့ ရှင်းရှင်းပဲ လူံးဝထိုင်စောင့်မှာ မဟုတ်ဘူး အရမ်းသနားဖို့ကောင်းတယ် အိမ်မှာပဲ နေလို့ရမယ် အိမ်မှာ ပဲ ထားလို့ရမယ် ပြည်သူ ရပ်ကွက် အုပ်ချုပ်ရေး ရဲ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရင် အိမ်မှာပဲ ထားလို့ရပါတယ်

စကားပြန်ဆက်ရရင် အစိုးရဆေးရုံတွေမှာ သည်လူကောင်းပမာတွေအတွက် နေရာတွေ အတော်များများ ဆရာဝန်ဆရာမအင်အားတွေ အတော်များများ ခွဲပေးလိုက်ရတဲ့အခါ တကယ်ကို လိုအပ်ပြီး ဆေးရုံတင်ရမယ့် ကိုဗစ်မဟုတ်တဲ့ လူနာတွေ ပြင်းထန်ကိုဗစ်သံသယလူနာတွေအတွက် နေရာပျောက်လာတယ် သူတို့က တကယ်လိုအပ်ပေမယ့် မလိုအပ်သူတွေနဲ့ ပြည့်နေတဲ့အခါ သူတို့အတွက်ထိခိုက်နာကျင်ဆုံးရှုံးရမှုတွေ ဖြစ်လာတယ်

အဲ့လို ပြည့်ကြပ်ညှပ် ဂျာအေးသူ့အမေရိုက်ပြီး ဘဝပျက်နေတဲ့ လူနာအုပ်ကြီးနဲ့ အစိုးရကျန်းမာရေးဌာနတွေ အဖြစ်ကို ဘယ်ပေါ်လစီMaker ကမှ လာမကြည့်ဘူး ဘယ်လွှတ်တော်အမတ်မှ လာမကြည့်ဘူး ဘယ်တိုင်းအစိုးရလူကြီးတွေကမှ လာမကြည့်ဘူး

ဘာအခက်အခဲတွေရှိပါသလဲ ဘာတွေလိုအပ်ပြီး ကျနော်တို့ဘာလုပ်ပေးရပါမလဲ လာမမေးဘူး အာဏာသာ လာလာပြကြတယ် ယုတ်အစွဆုံး ဆေးရုံအုပ်ကြီးတွေတောင် အရေးပေါ်ဌာနကို လာရောက်ကြည့်ရှုပေးတာမရှိဘူး (တကယ်လုပ်နေတဲ့ အုပ်ကြီးတွေ တောင်းပန်ပါတယ်)

လူနာနေရာရရေးစီစဉ်မှုတွေက ကုသရေးလုပ်နေရတဲ့သူတွေရဲ့ အလုပ်မဟုတ်ပေမယ့် ဝင်လုပ်နေကြရတယ် ခေါင်းခံနေကြရတယ် လူနာတွေက ကိုယ်နဲ့တိုက်ရိုက်တွေ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုပဲ မကျေမနပ်ပေါက်ကွဲလာကြတယ်

ကျနော့်ဆန္ဒကတော့ ပိုးသံသယရှိတယ်ထင်ရင် လာပြပါရတယ် ပြီးရင် တို့ဖတ်ယူမယ် အဲ့လူနာကို သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေးအဖွဲ့ ရဲ ပြည်သူတွေနဲ့ ပူးပေါင်းပြီး အိမ်မှာပဲ စောင့်ကြည့်ကုသမှုပေးမယ် ရောဂါရှိနေတော့လည်း ဘာမှမဖြစ်ရင် အိမ်မှာပဲထားမယ် ထမင်းကျွေးထားဦး ရသေးတယ် (Q centre မှာလည်း ဒါပဲ လုပ်တာလေ) ဒါဆိုရင် ဆေးရုံတက်ဖို့ တကယ်လိုအပ်နေတဲ့ လူနာတွေနေရာရလာမယ် အသက်တွေ ပိုရှင်လာမယ် လိုအပ်တဲ့ ပြုစုကုသမှုတွေကို အားပြည့်အင်ပြည့်နဲ့ လုပ်လာနိုင်မယ်

Q centre တွေ သိပ်မလိုတော့လို့ရင် အဆောင်ကနေနှင်ချခံနေရတဲ့ နေရာစရာမရှိ လူစုနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ နေစရာရလာရင် အချင်းချင်းပိုးကူတာတွေ လျော့ချနိုင်မယ် အိမ်ကမိသားစုကို ပိုးကူးမှာ ကြောက်မနေရတော့ပဲ အလုပ်တွေကို အာရုံစူးစိုက်မှု အပြည့်နဲ့ လုပ်လာနိုင်မယ်

ကျနော် အမုန်းခံပြီး ရေးပါတယ် ကျနော် မကြောက်မရွံ ကျနော့်အမြင် တင်ပြအပ်ပါတယ် ကျနော်တို့ ပြတ်လုပြတ်ခင် အနေအထားလေးပါ စာရွက်တွေပေါ်က ဂဏန်းတွေကိုပဲ မကြည့်ပါနဲ့ မြေပြင်ကို ကြည့်ပေးပါ အငယ်တွေရဲ့ အသံတွေကို နားထောင်ပေးပါ တင်ပါ့ဘုရားတွေ နားထောင်ကောင်းသလို ကျနော်တို့တွေကိုလည်း နားထောင်ကြည့်ပေးပါ

ဘာနဲ့အဖြစ်တူနေသလဲဆိုတော့ စစ်အစိုးရလက်ထက် လောင်စာဆီလိုအပ်ချက်အတွက်ဆိုပြီး ကြက်ဆူပင်တွေ စိုက်တယ် အိမ်တိုင်း မစိုက်မနေရဆိုလားပဲ စိုက်တယ်။ မဖြစ်နိုင်မယ် သိပေမယ့်လည်း မတတ်နိုင်ဘူး စိုက်နေရတယ် ပေါ်လစီကိုး။ ပေါ်လစီချထားတော့ စိုက်ရတာပဲ။ နောက်ဆုံးတော့ ခြုံထူတာပဲ အဖတ်တင်တယ်လေ။ ငွေအားတွေ လူအားတွေ မြေနေရာတွေ

ကျေးဇူးပါ

ယခုပေါ်လစီက ယခင်အခြေအနေအတွက် ကောင်းခဲ့ပေမယ့် ခုအချိန်မှာတော့ ကျနော်တို့ လူနာတွေရော ကျန်းမာရေးဝန်ထမ်းတွေရော အထူးဘေးကြပ်နံကြပ်ဖြစ်နေပါပြီ။ အထူးတလည် ပြန်လည်စဉ်းစားသုံးသပ်ပေးကြပါခင်ဗျား

Zaw Thiha

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page