မော်လမြိုင် ခြံဝန်းတခုအတွင်းမှ ပေါက်ကွဲစေတတ်တဲ့ ဓာတုပစ္စည်းအိတ်ပေါင်း (၈၀၀) နီးပါးဖမ်းမိ
မော်လမြိုင် ခြံဝန်းတခုအတွင်းမှ ပေါက်ကွဲစေတတ်တဲ့ ဓာတုပစ္စည်းအိတ်ပေါင်း (၈၀၀) နီးပါးဖမ်းမိ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၁၄ ရက်)၊ နေ့လယ်ပိုင်းက နေအိမ်ခြံဝန်းအတွင်းမှ ငွေကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ အမိုးနီးယမ် နိုက်ထရိတ် အဖြူရောင်ခဲများ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။
မော်လမြိုင်မြို့နယ်၊ စမ်းကြီးရပ်ကွက်၊ နယ်မြေ(၄) အနောက်ပိုင်းလမ်းရှိ ဦးစည်သူ၊ ၄၁ နှစ် ပိုင်ဆိုင်သော နေအိမ်ခြံ၀န်အတွင်း ဒီဇင်ဘာ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီခန့်က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ဂိုဒေါင်အတွင်း ဦးသိန်းဇော်၊ ၃၃ နှစ်၊ ကျော်ရဲလွင် ၂၉ နှစ်တို့ကို အသင့်တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။
အဆိုပါ ဂိုဒေါင်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ အမိုးနီးယမ် နိုက်ထရိတ် စာသားရေးထားသော အဖြူရောင်ဆာလာအိတ်အတွင်းမှ အမိုးနီးယမ် နိုက်ထရိတ် ဟုယူဆရသော အဖြူရောင်အမှုန့်ခဲ ၆၄၇ အိတ်၊ Diamond စာသားရေးထားသော ကြက်တံဆိပ်ပါ ဖြူပြာကြားဆာလာအိတ်အတွင်းမှ အမိုးနီးယမ် နိုက်ထရိတ် ဟုယူဆရသော အဖြူရောင်အမှုန့်ခဲ ၂၀ အိတ်၊ BMP စာသားရေးထားသော အဖြူရောင်ဆာလာအိတ်အတွင်းမှ အမိုးနီးယမ် နိုက်ထရိတ် ဟုယူဆရသော အဖြူရောင်အမှုန့်ခဲ ၁၀၀ အိတ်၊ စုစုပေါင်းအလေးချိန် ၂၀၉၇၅ ကီလိုဂရမ်၊ ကာလတန်ဖိုး ၁၀၄၈၇၅၀၀၀ ကျပ်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
ဦးစည်သူသည် လွန်ခဲ့သော တစ်လခန့်က ဦးဇေယျာ၊ ၃၅ နှစ်(လိပ်စာမသိ)ဆီမှ ခြံဌားရမ်းခ တစ်လလျှင် ၃ သိန်းကျပ်ဖြင့် ၆ လဌားရမ်းခဲ့ပြီး စာချုပ်ချုပ်ဆိုထားခြင်း မရှိသေးကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ သိရပါတယ်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးစည်သူ၊ ဦးသိန်းဇော်၊ ကျော်ရဲလွင်နှင့် ဦးဖိုးဦးတို့ကို မုပွန်နယ်မြေရဲစခန်း၌ အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။