အစာအိမ်ဆေးနဲ့ ဆံပင်သန်ဆေးမှားပေးမိလို့ စပိန်ကလေး ၂၀ ကျော်တွင် အမွှေးအမျှင်များ ထွက်လာခဲ့

အစာအိမ်ဆေးနဲ့ ဆံပင်သန်ဆေးမှားပေးမိလို့ စပိန်ကလေး ၂၀ ကျော်တွင် အမွှေးအမျှင်များ ထွက်လာခဲ့

စပိန်နိုင်ငံက ကလေးငယ်ပေါင်း ၂ဝကျော်ဟာ ဆံပင်သန်စွမ်းဆေးနဲ့ အစာအိမ်ဆေးကို မှားယွင်းပေးခံခဲ့ရပြီးနောက် ခန္ဓာကိုယ်တွေမှာ အမွှေးအမျှင်တွေ ထူထပ်စွာပေါက်နေကြတယ်လို့ သိရပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ကလေးငယ်တွေရဲ့ အရေပြားပေါ်မှာ အမွှေးအမျှင်တွေက သိသိသာသာရှည်လျားထွက်လာခဲ့ပြီး စပိန်မြောက်ပိုင်းဒေသဖြစ်တဲ့ ကန်တာဘရီယာမှာ နေထိုင်တဲ့ ကလေးငယ်တွေလို့ သိရပါတယ်။

ဒေသတွင်းအရာရှိတွေရဲ့ ပြောဆိုမှုအရဆိုရင်တော့ အစာအိမ်ဓာတ် တုံ့ပြန်ဆေးတစ်မျိုးဖြစ်တဲ့ အိုမီပရာဇိုဆေး အစား ဆံပင်သန်စွမ်းဖို့သောက်သုံးရတဲ့ မီနိုဇီဒိုင်း ဆေးနဲ့မှားယွင်းခဲ့ကြောင်း သိရပါတယ်။ ဆေးနာမည်တွေကို မှားယွင်းစွာနဲ့ ကပ်ထားခဲ့တာလို့ သိရပြီး ဂရန်နာဒါ၊ ကန်တာဘရီယာနဲ့ ဗလန်စီယာမြို့တွေကို ပို့ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒီလိုတွေဖြစ်ပျက်ခဲ့တဲ့နောက် ကလေးမိဘတွေက ဒေါသထွက်နေခဲ့ကြပြီး Andalusia နဲ့ ဗလန်စီယာအသိုင်းအဝိုင်းမှာ ကလေးပေါင်း ၂ဝခန့် အလားတူဖြစ်ရပ်တွေကို ခံစားခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး မမှားသင့်တဲ့ ဆေးဘက်ဆိုင်ရာအမှားဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကုသမှုတွေ ထပ်မံပြုလုပ်ခဲ့ပေမယ့် ခန္ဓာကိုယ်မှာ အမွှေးအမျှင်တွေက ဆက်လက်ထွက်ပေါ်နေတာကြောင့် လျော်ကြေးပေးဖို့ ကလေးမိဘတွေက တောင်းဆိုခဲ့ကြောင်းလည်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းမှာ ဒီအမှားအယွင်းကို ခံစားခဲ့ရတဲ့ မိသားစုတွေကိုယ်စား ရှေ့နေဇာဗီယာက အာဏာပိုင်တွေကို တိုင်ကြားခဲ့လို့ စစ်ဆေးခဲ့ရာမှာ မှားယွင်းတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ တံဆိပ်မှားကပ်မိခြင်း၊ အမှားအယွင်းတွေကို လုပ်မိခဲ့တဲ့ ဓာတ်ခွဲခန်းကို ပိတ်သိမ်းကာ ဆေးများကို ပြန်လည်သိမ်းဆည်းဖို့ အတွက်လည်း ၂လတာအထိ ကြာမြင့်ခဲ့ပါတယ်။

မိသားစုတွေကတော့ ဆေးဝါးတင်သွင်းဖြန့်ဖြူးခဲ့တဲ့ ဆေးဆိုင် ၂ ခုနဲ့ ဓာတ်ခွဲခန်း၊ ကုမ္ပဏီတွေကို တရားစွဲဆိုထားကြပြီး ဒီဖြစ်ရပ်အတွက် တာဝန်ယူပေးဖို့ကို မျှော်လင့်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page