ဝေဘာဂီဆေးရုံက ဆရာဝန်မလေး တယောက်ရဲ့ ရင်ထဲကလာတဲ့ အမှန်တရား စကား

ဝေဘာဂီက ဆရာဝန်မလေး တယောက်ရဲ့ ရင်ထဲကလာတဲ့ အမှန်တရား စကား

ဆေးတက္ကသိုလ် (၁) ဆေးပညာဌာန ပါမောက္ခ ဌာနမှူး ဆရာကြီး ဦးဇော်လင်းအောင်မှ ဦးဆောင်၍ ၁၃-၉-၂၀၂၀ တွင် ပြုလုပ်သော zoom meeting တွင် ဆေးတက္ကသိုလ် (၁) နှင့် ဆေးတက္ကသိုလ် (၂) ၏ ပါမောက္ခ ဌာနမှူး ပါမောက္ခများ တွဲဖက် ပါမောက္ခ ကထိက အတိုင်ပင်ခံ သမားတော်ကြီးများ လက်ထောက်ဆရာဝန် (ဆေးပညာ) ဆေး ၁ ဆေး ၂ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ်က

ဝေဘာဂီ တောင်ဥက္ကလာ ဖောင်ကြီး ဆေးရုံများတွင် ကိုဗစ် လူနာများကို ကုသရေးတွင် အလှည့်ကျတာဝန်ထမ်းဆောင်နေကြသော လက်ထောက်ဆရာဝန် (ဆေးပညာ) များကို အသိအမှတ်ပြု၍ အသစ်ထပ်ဖွင့်သော လှိုင် ဧရာ သုဝဏ္ဏ ကိုဗစ်စင်တာများတွင် တာဝန်ထမ်းဆောင်ရန် တစ်ခြားသော speciality များကို အကူအညီတောင်းပြီး ဖြစ်၍ ဆေးပညာဆရာဝန်များ ကို မလွှတ်တော့ပါ ဟု ပြောကြားခဲ့ပါသည်

ဆေးရုံတိုင်းတွင် ပုံမှန် ဆေးရုံတက်လူနာ နည်းပါးသည် မှန်သော်လည်း လာသမျှ လူနာတိုင်းသည် အသည်းအသန် လူနာအများစုဖြစ်ကြပါသည်။ ထို့ကြောင့် ဆေးကုသခြင်းတွင် ဝီရိယလျှော့၍ မရပါ။ အရင်လောက် မပင်ပန်းဟု ဆိုသော်လည်း အတိုင်းအတာ တစ်ခုထိ ပင်ပန်းနေဆဲ ဖြစ်ပါသည်။

ကူးစက် လူနာများ၏ အင်အားမှာလဲ တစ်နေ့တစ်ခြား ဆတိုးပွားလာ၍ နေ့စဉ် ရာဂဏန်း နီးပါးဖြစ်လာသည်မှာ မျက်ကွယ်မပြုနိုင်သော အမှန်တရား ဖြစ်ပါသည်။ ဆေးရုံတိုင်း၏ ဆရာဝန် အင်အားတစ်ဝက်ခန့်သည် အထက်ပါ ကိုဗစ် ဆေးရုံ ၃ ခုတွင် အလှည့်ကျ တာဝန်ထမ်းဆောင်နေရပါသဖြင့် လက်ကျန် အင်အား ထက်ဝက်ဖြင့် လည်ပတ်နေရပါသည်

ယခုအခါ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ် ကူးစက်ခံရ၍ ဆေးရုံတက်နေရသူ Q ဝင်နေရသူများကြောင့် လက်ရှိ ထက်ဝက် အင်အား၏ ထက်ဝက်၏ ထက်ဝက် လျော့နည်းနေပါသည်။ SAS ဖြစ်ရန် လက်တစ်ကမ်းအလိုဖြစ်သော ဘွဲ့လွန်ကျောင်းသားများ အပါအဝင် House officer, Assitant Surgeon များလဲ မနိုင်ဝန်ထမ်းနေ၍ အလွန်အမင်း ခြေကုန်လက်ပန်းကျနေကြပါပြီ

သို့ဖြစ်ပါ၍ ဆရာကြီး ဆရာမကြီး များကို အထူး အထူး မေတ္တာ ရပ်ခံချင်ပါသည်။ မိမိတို့၏ သားသမီးများကဲ့သို့ စာနာထောက်ထားစွာဖြင့် အလွန်အမင်း ပင်ပန်းနေပြီဖြစ်သော လက်အောက်ငယ်သားများ၏ ရင်တွင်းစကားများကို ကြားနိုင်စေခြင်းအလို့ငှာ တင်ပြလိုက်ရပါသည်။

အသစ်ထပ်ဖွင့်သော ကိုဗစ် Centre များတွင် တာဝန်ထမ်းဆောင်ရန် ကျွန်မတို့ Medicine ward များမှ အင်အားထုတ်ယူသုံးစွဲရန် အင်အားမရှိတော့ပါကြောင်း ထပ်မံစေလွှတ်ပါက အလုပ်ထွက်ကြ၍ အိမ်တွင်နေရန်သာ ဆန္ဒရှိပါတော့ကြောင်း ရိုသေလေးစားစွာ တင်ပြလိုက်ရပါသည်။

Ei Sandar Nyein

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page