ဦးနေဝင်းခေတ်မှာ အမှန်တကယ် တတ်သိပညာရှင်များကို ချီးမြှင့် မြောက်စားပုံ (မှန်တာပြောရင် ချင်းတောင် ရောက်တယ်)

မဆလ ခေတ်က အဖြစ်အပျက်ကလေး တစ်ခုကို ဥဒါဟရုဏ်ဆောင်ပြီး တစ်ခုလောက်ပြောပါမည်။

မဆလခေတ် ဝန်ကြီးတစ်ပါးက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်ပေါ့ဗျာ၊ နိုင်ငံပိုင်နို့ချက်လုပ်ငန်းတစ်ခုကို ရောက်လာတယ်၊ ထုံးစံအတိုင်း လိုအပ်သည်များကို မှာစားတယ်၊ တိုးတက်ထုတ်လုပ်နိုင်အောင်ကြိုးပမ်းဖို့၊ အလေအလွင့်မရှိဖို့၊ နိုင်ငံတော်အတွက် .. ဘလာ ဘလာ ….

ပြီးတော့ အခက်အခဲ ဘာတင်ပြစရာရှိသလဲပေါ့၊ သတင်းထဲကျရင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြန်လည်ထွက်ခွာသွားသည် လို့က ရေးဦးမှာကိုး ….

အကြီးပိုင်းတွေကတော့ အားလုံးအဆင်ပြေပါသည်ခင်ဗျားပေါ့၊ အဆင်မပြေတာရှိလည်း ပြောမှ မပြောရဲတာ၊ ပြောလည်း ဟိုက လုပ်ပေးနိုင်မှာ မဟုတ်တာပဲ သိနေလို့လား၊ ပြောရင် ပြောတဲ့ကောင် အငေါက်အငမ်း အဆိုအပြောခံရမှန်းသိလို့ အရေထူနေတာလားတော့မသိဘူး၊ ပုံမတော်ရင် အနေအစားပါပျက်သွားနိုင်တာ သိနေလို့လည်း ဖြစ်နိုင်တယ်၊

လူကြီးဆိုတာ သူအလွယ်တကူ လုပ်ပေးလို့ရတာလောက်ပြောရင် ကိစ္စန မရှိဘူး၊ သူ လုပ်မပေးနိုင်တာ သူမလုပ်တတ်တာ သွားပြောလို့ကတော့ ပြောတဲ့ကောင် အငေါက်ခံရမယ်သာမှတ်၊ သူ့အားနည်းချက်ကို ဒီလို အကြောက်တရားနဲ့ ဖုံးပစ်တတ်ကြတာမျိုး။

ဒီတော့ မလုပ် မရှုပ် မပြုတ် နှုတ်ပိတ်နေလိုက်တာက အေးတယ်၊ ဒါက အရေထူ ဝါရင့် သဘာရင့် (ခံပေါင်းများလာလို့) ဝန်ထမ်းကြီးတွေရဲ့ အတွေး။

ဒီအချိန်မှာ မနူးမနပ် ဝန်ထမ်းငယ် တစ်ယောက်ဆီက အသံထွက်လာတယ်၊ သူ့မှာ တင်ပြစရာရှိတယ်ပေါ့လေ၊ သူက အဲဒီစက်ရုံမှာ ပညာရှင်ပေါက်စ၊ နယ်သာလန်လို နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့နိုင်ငံမှာ ပညာသင်ပြီး ပြန်လာသူ၊ လူကလည်း လူငယ်ဆိုတော့ ပညာမာန်လေးကလည်း ရှိမှာပေါ့လေ၊

ပြဿနာက သူသင်လာတဲ့ပညာတွေနဲ့ ဒီစက်ရုံမှာလုပ်နေရတာတွေနဲ့က မကိုက်ဘူး၊ ဘယ်ကိုက်မလဲ၊ မဆလ ဥက္ကဌကြီးက ဒီနေရာမှာ ဒီလိုစက်ရုံဆောက်ပြီး ဒါလုပ်ပါလားကွဆိုရင် feasibility assessment တွေသော ဘာသော လာမပြောနဲ့၊ ချ ပဲ။ ဥက္ကဌကြီး၏ လမ်းညွှန်ချက်အရဆိုရင် ပွဲသိမ်း၊ အခု စက်ရုံလည်း အဲဒီစာရင်းဝင်ပဲလားတော့ မသိဘူး၊

စက်ရုံရဲ့တပ်ဆင်လည်ပတ်အားအရဆိုရင် ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ နွားနို့ရရှိမှုက အလွန်နည်းတဲ့အတွက် ဒီစက်ရုံဟာ တွက်ခြေမကိုက်ပါဘူး၊ လည်ရင် ရှုံးပါတယ်၊ မလည်ပဲ ရပ်ထားရင် ဝန်ထမ်းစားရိတ်ပဲရှုံးမှာဆိုတော့ သက်သာပါမယ် တဲ့၊ ပုဂ္ဂိုလ်တော်ကြီး မျက်ခုံး ပင့်ရပြီ၊ မင်းက ဘာကောင်လဲပေါ့၊

စက်ရုံမှူးလည်း မျက်နှာကပျက်နေပြီ၊ အေး .. မကိုက်ရင် ကိုက်အောင်လုပ်ရမှာပေါ့ကွ၊ မင်းတို့ နွားနို့ကုန်ကြမ်းဘယ်ကရသလဲ၊

ရွာနီးချုပ်စပ်က လာသွင်းတာကိုကောက်ပါတယ်၊ ဒါပေမဲ့ ရေထိုးပြီးသားတွေပဲရပါတယ်၊ အဲဒီအတွက် ထုတ်လုပ်ရတာ အလုပ်ပိုသလို ထုတ်လုပ်စားရိတ်ပို ကုန်ပါတယ်၊ လိုသလောက်လည်းမရပါဘူး၊ အဲဒါဆို မင်းတို့စက်ရုံအနေနဲ့ ကိုယ်ပိုင် နွားမွေးမြူရေးခြံထောင်ပေါ့၊

ဟုတ်ကဲ့၊ နို့ရဖို့တစ်ခုတည်းအတွက် နွားမွေးရရင်လည်း မွေးမြူရေးစားရိတ်နဲ့ဆို တွက်ခြေမကိုက်ပါဘူး၊ အခုရနေတဲ့နွားနို့တွေကလည်း နို့စားနွားဆီက ထွက်တဲ့နို့တွေမဟုတ်ပဲ ရွာထဲက ခိုင်းနွားတွေဆီကနေ သားကျတဲ့အခါရတဲ့နွားနို့တွေပါ၊ ဒီတော့ လုံလုံလောက်လောက်မရသလို အရည်အသွေးကလည်း မကောင်းပါဘူး၊

ဒါဆိုလည်း နို့ထွက်ကောင်းတဲ့ နို့စားနွားတွေကို မွေးပေါ့ကွ၊ နို့စားနွားမျိုးကောင်းတွေ စပ်မျိုးတွေက ဒီနေရာ ဒီရာသီဥတုနဲ့ မွေးလို့ မရပါဘူး၊ သူတို့နဲ့ သင့်တော်တဲ့ စားကျက်လည်း ဒီအနီးတစ်ဝိုက်မှာ မရှိပါဘူးခင်ဗျာ၊ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ တိရိစ္ဆာန်ဆရာဝန်တွေ နို့ညှစ်စက် ဝန်ထမ်း ဒါတွေထပ်မံ ဖြည်းဆည်းရမည့် ကုန်ကျစားရိတ်တွေလည်း ရှိပါသေးတယ်၊

အင်း … နည်းနည်းတော့ တင်းလာပြီနော် ..အေးကွာ .. အဲဒါဆိုလည်း ကုန်ကြမ်းပိုရအောင် စက်ရုံကို လာသွင်းတာပဲ ထိုင်စောင့်ကောက်မနေပဲ တခြားရွာတွေအထိ နို့ဆင်းဝယ်ကြပေါ့ကွာ၊ မင်းပြောသလို ကုန်ကြမ်းများများရရင် တွက်ခြေကိုက်မယ် မဟုတ်လား၊

ဟုတ်ကဲ့ ….ကျွန်တော်တို့မှာ နို့ကို ကွင်းဆင်းကောက်စရာ ကားမရှိပါဘူး ခင်ဗျာ၊ ဟေ ….. စက်ရုံရှေ့မှာ ရပ်ထားတဲ့ တီအီး အလဲဗင်း ကား၃စီးက ကားမဟုတ်လို့ ဘာတွေလဲကွ၊ မကောင်းရင် ပြင်ကြလေကွာ၊ ပြီးရင် လေးထောင့်သံဖြူပုံးကြီးတွေရိုက်၊ ကားပေါ်တင်ပြီး တစ်နယ်လုံး လှည့်ကောက်ပေါ့ကွ၊ ဒါမှမဟုတ်လည်း သံဖြူဆိုင်တွေမှာ လုပ်ပြီးသား ဆီထည့်တဲ့ အချိန်တစ်ဆယ်ဝင် ပုံးတွေ ဝယ်လို့ရနေတာပဲ၊ အဲဒါတွေနဲ့ သယ်ပေါ့ကွ၊

ဟုတ်ကဲ့ …နွားနို့ဆိုတာ အဲလို သယ်လို့ရတဲ့ပစ္စည်း မဟုတ်ပါဘူးခင်ဗျ၊ သူဟာ ပုပ်သိုးပျက်စီးလွယ်ပြီး အကိုင်အတွယ်မမှန်ရင် လူကိုဥပါဒ်အပေးနိုင်ဆုံး အစားအစာ စာရင်းဝင်ပါခင်ဗျ၊ ဝေးဝေးကနေ သယ်မယ်ဆိုရင် အအေးခံစံနစ်ပါတဲ့ ကားမျိုးနဲ့သာ သယ်ရပါတယ်၊ ရိုးရိုး ဒီလို တီအီးကားတွေနဲ့ ဖြစ်သလိုသယ်လို့မရပါဘူး၊

ဟင်း ….. တင်းဒယ် … တင်းဒယ် ……ဒီငချွတ်ကို လျှော့ပေးလို့တော့မဖြစ်ဘူး၊ နိုင်အောင်တော့ ပညာပြ နှိပ်ကွပ်ခဲ့မှပဲ …..အေး … ဒါလည်း မခက်ဘူးကွ၊ မင်းမှာ တီထွင်ကြံဆတတ်တဲ့ ဦးနှောက် နည်းနည်းလေးမှ မပါဘူး၊ မင်းဘာသာ ဥရောပ မကလို့ ဘယ်က သင်လာလာ ကိုယ့်မှာရှိတာနဲ့ တီထွင်ကြံဆ လုပ်ဆောင်တတ်ရတယ်ကွ၊ ပညာတတ်တိုင်း သုံးရတယ် ထင်မနေနဲ့၊

ဖဲ့ပြီလေ …..မင်း ရေခဲချောင်းသည်တွေ တွေ့ဖူးတယ် မဟုတ်လား၊ သူတို့ရေခဲချောင်းပုံးတွေ မြင်ဘူးသလား၊ အအေးခံအောင် နှစ်ထပ်လုပ်ထားတာ၊ အဲလို သံဖြူနှစ်ထပ်ပုံးကို ကြားထဲမှာ ရေခဲရိုက်ပြီးသယ်ပေါ့ကွ၊ ခေါင်းသုံးစမ်းပါ …….

ပညာသည်ပေါက်စလည်း ပညာမာနလာထိတော့ တင်းပြီ၊

ဟုတ်ကဲ့ပါခင်ဗျ၊ နို့ဆိုတဲ့ အရာကို လေးထောင့်သံဖြူပုံးနဲ့ သယ်လို့ရတယ်လို့ လူကြီးမင်း ဘယ်မှာ မြင်ဖူး ကြားဖူးပါသလဲခင်ဗျ၊ နို့ကို ထောင့်ကျဉ်းတွေရှိတဲ့ထည့်စရာနဲ့ ထည့်လို့မရဘူးဆိုတာ ပန်းဘဲတန်း နို့ဈေးက ကုလားတွေတောင်သိပါတယ်၊ ဆီထည့်တဲ့ အဝကျဉ်း လေးထောင့်သံဖြူပုံးတွေနဲ့ ထည့်လို့မရဘူးဆိုတာလည်း အဲဒီ နို့ကုလားတွေသိတယ်၊ နို့ကုလားတွေသုံးတဲ့ နို့ပုံးကို လူကြီးမင်း မြင်ဖူးပါသလား၊ အဝိုင်း အလုံးကိုမှ ဖင်ကို ချိုင့်ခွက်နေအောင် လုပ်ထားတယ်၊ လည်ပင်းစောင်းချိုးအထောင်ထားပီး အဝအကျယ်နဲ့ လုပ်ထားရပါတယ်၊ အဲဒါတွေအားလုံးဟာ အရည်အသွေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး အားလုံးနဲ့ဆိုင်ပါတယ်၊ နို့ကို စံနစ်တကျကိုင်တွယ်တတ်ဖို့ ကျွန်တော့်လောက်တောင် ပညာတတ်စရာမလိုပါဘူး၊ အဲဒီနို့ကုလားတွေဆီမှာ တပည့်ခံလိုက်ရင်တောင် တတ်ပါတယ်။

ဒါက ဓာတု နဲ့ အဏုဇီဝ သဘောတရားတွေပါ။ ပြီးတော့ နောက်တစ်ခုက နို့လိုအရည်ပစ္စည်းကို ကားနဲ့သယ်ရာမှာလည်း ရူပဗေဒသဘောအရ လေးထောင့်ပုံးနဲ့ မသယ်ရပါဘူး၊ လူကြီးမင်း ဓာတ်ဆီဘောက်ဆာတွေတော့ တွေ့ဖူးမှာပါနော်၊ လေးထောင့်ကန်နဲ့ ဘောက်ဆာကား ဘယ်မှာတွေ့ဖူးပါသလဲ၊ အားလုံး ဘဲဥပုံ လုံးလုံးရှည်ရှည် ဆီကန်တွေချည့်ပဲမဟုတ်လား၊ အဲဒါ ဟိုက်ဒြိုဒိုင်နက်မစ် သဘောတရားလို့ခေါ်ပါတယ်၊ လမ်းခရီးမှာ ဒီအရည်တွေရဲ့ ရွေ့လျားမှုသဘောအရ သယ်ဆောင်တဲ့ယာဉ် မတိမ်းမှောက်စေဖို့အတွက်ပါ။ ကျွန်တော်တို့စက်ရုံအတွက် လူကြီးမင်းရဲ့လမ်းညွှန်ချက်တွေဟာ တစ်ခုမှ အသုံးမဝင်ပါဘူးခင်ဗျ။

ဒီမှာ … တင်းဒယ် … တင်းဒယ် … တင်းဒယ် တင်းဒယ်ဟေ့ …..အေသင်ချိုဆွေလောက်တော့ ပျင်းသနားတယ်၊ ဒီမှာ ဖုနေပြီ၊ အကြီးကြီး တင်းနေတယ် ……… နောက်ဆုံး သတ္တုချလိုက်တော့ အဲဒီခရီးစဉ်အပြီး နောက်တစ်ရက်မှာ ပညာရှင်လေး ချင်းတောင်သို့ ပြောင်းရွှေ့အမိန့်စာ ထွက်ပါတယ်၊ မင်း နို့ညှစ်ချင်သပဆို နွားနောက်တွေသာ လိုက်ညှစ်ပေတော့ဟေ့ …… ပြောသားပဲ၊ မဆလ ခေတ်မှာ ပညာရှင်ဆိုတာ ချောင်မှာချည့်၊ အားလုံး ကောင်းပါသည်ခင်ဗျား ဆိုရင်တော့ ….. မင်းတော်တယ် .. မောင်ပြူး …. အပြန်ကျရင် ဘောက်ဆူးကောင်းကောင်းပေးမယ် .. ပေါ့လေ …..

ကျန်းမာရေးဝန်ကြီးဌာနမှာလည်း ကျန်းမာရေးပညာရှင်မဟုတ်သူ ဝန်တစ်ပါး အတိတ်မှာ ရှိခဲ့ဖူးသဗျ၊ စောနက ပြောသလို တတ်ကလည်း မတတ်၊ သို့သော် ဆရာက လုပ်ချင်သေး၊ ငါ ဝန်ကြီးကွ မင်းတို့ဆရာဝန်တွေလောက်တော့ အေးဆေးပါဆိုတဲ့ အပေါက်မျိုး ချိုးချင်တာ၊ မင်းတို့တတ်တာလောက်တော့ ငါလည်းသိပါတယ်ကွ ဆိုတာမျိုး တစ်ပွဲတိုးအပေါက်တွေ လုပ်သေးတာ၊ ဆေးရုံတွေ ကွင်းဆင်းကြည့်တယ်ဆိုရင် ဆရာဝန်တွေကို စာပြန်မေးသေးတာ၊ တတ်လား မတတ်လား စစ်ဆေးတာလေ .

ဆရာဝန်အငယ်တွေ ဟောက်ဆာဂျင်တွေလောက်ဆို စာတတ်မတတ် သူက စစ်သေးတာ၊ ကဲ .. ဒါ ဘာကေ့စ်လဲ၊ စမ်းပြစမ်းပါဦးပေါ့၊ သူက ကွင်းမဆင်းခင် ဒေဗီဆန်တွေ မက်ကလောက်တွေ ကြိတ်ဖတ်လာတာ၊ သူဖတ်တတ်သလောက်နေမှာပေါ့၊ သူကတော့ သူဖတ်တယ် တတ်တယ် လို့ အထင်ရောက်နေမှာပေါ့လေ၊

သူဖတ်လာတာတွေနဲ့ ပရော်ဖက်ဆာတွေရှေ့မှာ အငယ်တွေကို ဆရာလုပ်တော့ ဆရာကြီးတွေခမျာ ရယ်ခိုးကြရသတဲ့၊ ကိုယ် သေသေချာချာတတ်တာလည်းမဟုတ်တဲ့ပညာ တစ်ခုနဲ့ ပညာရှင်တွေကို ဆရာလာလုပ်တော့ လူရယ်စရာဖြစ်ပြီပေါ့။ သူကလည်း ခေသူမဟုတ်လေ၊ ဥရောပနိုင်ငံတစ်ခုမှာ သံအမတ်လုပ်ပြီး အခု ဝန်ကြီး လာဖြစ်နေတာလေ၊ သံအမတ်ကတော့ တပ်မှာဆက်ထားလို့မရလို့ ပို့လိုက်တာ ဆိုလားပဲ၊ ရန်သူ့ဆီ လက်နက်ပါသွားလို့ ဆိုလား သူကိုယ်တိုင် POW ဖြစ်ခဲ့လို့ဆိုလားပါ၊

ကောက်ချက် (တစ်) ကိုယ်တကယ်မသိဘဲ မတတ်ဘဲ သိတဲ့ တတ်တဲ့သူကို ငါကဘော့စ်ပဲဆိုပြီး ဆရာသွားမလုပ်နဲ့၊ အဖဲ့ခံရတတ်တယ်၊ အနည်းဆုံးတော့ ကွယ်ရာမှာ ရယ်ပွဲဖွဲ့ခံရမယ်၊

ကောက်ချက် (နှစ်) စီမံခန့်ခွဲသူတာဝန် ယူထားသူတစ်ဦးသည် နည်းပညာပိုင်းဆိုင်ရာ ပညာရပ်ပိုင်းဆိုင်ရာကိစ္စရပ်များတွင်အလွန်အမင်းပါဝင်ဆောင်ရွက်ခြင်း မပြုသင့်၊ ထဲထဲဝင်ဝင် ပါလေ လုပ်ငန်းမအောင်မြင်လေ၊

Pein Nyaung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page