ကိုဗစ်တိုက်ပွဲမှာ ဘယ်သူတွေ ဘယ်လိုကျကျ အမေ မကျဖို့ အရေးကြီးတယ်

ရန်ကုန်က လူများလို့ ကျလို့မဖြစ်ဘူး မန္တလေးက အချက်အချာကျလို့ ကျလို့မဖြစ်ဘူး အေး အဲ့ဒါတွေထက်.. အိမ်က အမေတစ်ယောက် ကျလို့မဖြစ်ဘူးဘဲ။

ဘာလို့ဆို အမေ ကူးတာနဲ့ တစ်အိမ်သားလုံး ဂိန် ပြီကိုး.. အမေ့လောက် ဘယ်သူမှ ခရီးသွားရာဇဝင်မရှိဘူးရယ်။ လမ်းထိပ်မှာ Ambulance ကားသံမကြားလိုက်နဲ့ ရွှိ ကနဲ အသံလေးပဲကြားလိုက်ရသေး အမေ မရှိတော့ဘူး… အဲ့ရောက်နေပြီ ပြီးရင် အိမ်ခြေ ၄၀ ကျော်က လူစုံစေ့နဲ့ အပြန်အလှန် Information ဖလှယ်တော့တာ။

“ဟဲ့ ဟိုဘက်လမ်းက ကိုတင်ရွှေတို့ ပါသွားပြီ” “အေး သူနဲ့ထိတွေ့ထားတာ အယောက် ၃၀ ကျော်ဆိုပဲ” “ဟိုတလောက စစ်တွေက ပြန်လာတဲ့ ဘွားတော်လေ” “ဖုန်းဆက်တာ မကိုင်ဘူး ပျောက်နေတာ တစ်ပတ်ရှိပြီတဲ့” “ဘုရား ဘုရား ဆိုင်ကယ်ကယ်ရီ လား ဘာလား ဆွဲနေရင်ဒုက္ခ” “Silent Career လောက်တော့ လုပ်ပါအေ”။

သူတို့ စသုံးလုံး အဖွဲ့ဝင်အချင်းချင်းကတော့ ဟုတ်နေရော ထရန်စလိတ် လုပ်ပေးတဲ့သူနဲ့ ပြောတဲ့သူနဲ့။ အပြင်က ပြန်လာရင် အမေ့လက်ထဲ ဆေးတစ်ခုမဟုတ်တစ်ခု ပါလာပြီ ပါလာတာအကြောင်းမဟုတ်ဘူး အကြောင်းက တစ်အိမ်သားလုံး ဆေးစွမ်းပြတော့တာပဲ။

မနေ့ကလည်း အဲ့လိုပဲ စျေးကအပြန် နှာချေဆေးတွေ ဝယ်လာပြီး တစ်အိမ်သားလုံး နာရီဝက်တစ်ခါ နှာခေါင်းထိပ် လာကပ် ရှုခိုင်းတာ… ကိုဗစ်ပိုး နှာခေါင်းထဲမဝင်နိုင်အောင် မောင်းထုတ်တာတဲ့။ သေရချည်ရဲ့… အဘိုးဆို နှာချေတာများလား မများလားမသိ အံကပ်ပါ ဘယ်လွင့်သွားလဲ မမှတ်မိတဲ့အထိ ၄ နှစ်အရွယ်တူမလေးဆို ချေရလွန်းလို့ အားတွေပြတ် ပက်လက်ကလေးလန်လို့ စောဒကတက်ပြန်တော့ ပန်ကန်ပြားပျံပဲ ရတော့ ကြာတော့ အတိုက်အခံလုပ် ပြောမနေတော့ဘူး။

ခုတ‌လော ကိုဗစ်ရောဂါဖြစ်ရင် အနံ့မရတော့ဘူး ဆိုပြန်တော့ အမေတစ်ယောက် ၁၅ မိနစ်ခြားတစ်ခါ တစ်ယောက်ခြင်းဆီ ဂုတ်ကဆွဲ အနံ့ ပေါင်းစုံရှုခိုင်း စစ်ဆေးတာနော်.. ဂျိုင်းနံ့ ချွေးနံ့ ချဉ်စုပ်စုပ်နံ့ အကုန်ရမရ ပြောရတယ် အေး သေချာမပြောနိုင်တဲ့သူ အခန်းထဲထည့်ပစ်တာ အပြင်ကပါ သော့ခတ်ပိတ်ပစ်တာနော် အဘွားရော အဘိုးပါ နားမလည်ဘူး ကြာတော့ အကုန်လုံးက ဘာလေးမေးမေး အနံ့ရတယ်ပဲ.။ ညအိပ်ခါနီး တစ်ကြိမ် မနက်အိပ်ယာထ တစ်ကြိမ် နေ့လည်ဘက် တစ်ကြိမ် ခလေးတို့တဲ့ အုပ်ဆေး နှာခေါင်းမှာတို့ရတယ် အနံ့ခံစွမ်းအား မြှင့်တင်ပေးတယ်ဆိုလားပဲ။

Home Stay ကာလ တစ်မိသားစုလုံး အလုပ်မရှိ ဝင်ငွေမရှိဘူးနော် စားဖို့သောက်ဖို့ ပြဿနာမရှိဘူး အမေရှိတယ်။ တစ်ပတ်ကို ၄ ရက်က ကြက်ဥ.. ကြော်တယ် ချက်တယ် အားမရရင် သုပ်တယ်။ ၃ ရက်က ကိုဗစ်ကာကွယ်တဲ့ ဓာတ်စာ.. ကြက်ဟင်းခါးသီးနှစ်ပြန်ချက် တမာရွက်စွပ်ပြုတ် သံပုယိုသီးချဉ်စပ် ရှောက်ရွက်ထောင်းသုပ်..။ သွားတွေကို ကျိန်းနေရောပဲ တစ်လုပ်စားတိုင်း ကြက်သီးထ တုန်တက်တဲ့အထိ။ အမေရေ ကိုဗစ်ဖြစ်လို့ မသေဘဲ အမေ့ ဓာတ်စာ စားမှ မသာပေါ် ကြတော့မယ် ချုံးပွဲချ ငိုမိတယ် အဟုတ်။

အမေ…ရောဂါတွေ အရမ်းကူးနေလို့ အပြင်မထွက်ပါနဲ့ ပြောလည်းမရ ခေါင်းခေါက်ခံရ ဗိုက်ခေါက်လိမ်ဆွဲခံရတာပဲရှိမယ် တစ်အိမ်ကို တစ်ကဒ်ရထားတဲ့ အပြင်ထွက်ခွင့်ကဒ် လည်ပင်းဆွဲ ထွက်လိုက်တဲ့အထွက် သူ့ကိုယ်သူ MOHS က Volunteer လိုလို ဘာလိုလို။ အံမယ် ပြောမယ့်သာပြောတာနော် အမေ့ကိုများ လျှော့မတွက်နဲ့ MOHS မှာ ကွန်းမန့် ဘယ်လောက်ဝင်ရေးလဲမသိ Top Fans တွေ ဘာတွေတောင် ဖြစ်လို့ မနက် ၈ နာရီ နေ့လည် ၁၂ ခွဲ ၂ နာရီ ည ၈ နာရီ/ ၁၀ နာရီခွဲ တက်လာသမျှ ကိုဗစ်ရောဂါစာရင်း အမေ အကုန်သိ အဲ့ သတင်းအောက် အမေ့ Comment တွေ့ရလိမ့်မယ်။ “OK” အဲ့ဒါ အမေတစ်ခုတည်းသော မန့်တတ်တာပဲ။

ဘာကို အိုကေလို့ အိုကေတယ်မှန်းလည်းမသိ ပိုးတွေ့များတာကို ပြောချင်တာလား ဒါမှမဟုတ် ပိုးတွေ့နည်းလို့ တော်သေးတယ် ပြောတာလား ဖတ်တဲ့လူက သူ့ဘာသူ ထရန်စလိတ်လုပ်ရတယ် ဘာပြောပြော အမေကတော့ Top Fans ပဲ Mohs ပို့စ်အောက် မပျက်မကွက် မန့်ပေးတာလေ။ ခုဆို အိမ်သားတွေအားလုံး တကူးတက ဖုန်းဖွင့် ရောဂါဘယ်လောက်တွေ့လဲ ကြည့်စရာမလို အမေ့ဆီက အချိန်နဲ့တပြေးညီ သိရှိနိုင်တာကိုး။

ရောဂါစဖြစ်ကတည်းက တစ်အိမ်သားလုံး အဝတ်မလျှော်ရတော့ဘူး အမေပဲ ဒိုင်ခံလျှော်တာ.. အကောင်းမဟုတ်ဘူး ဘယ့်နှယ့် ရေနွေးပွက်ပွက်ဆူတဲ့အထဲ ထည့်ပြုတ်တာ ရှိသမျှ ပိုးသေအောင်လို့တဲ့လေ ပြုတ်ပါ မပြုတ်နဲ့မပြောဘူး. ခုဟာက တစ်နာရီမက ၂ နာရီ ၃ နာရီပြုတ်တာ ဘယ်လိုလုပ် အဝတ်အစားတွေက ခံနိုင်မလဲ အရောင်အဆင်းတွေမရှိ ရိရွဲကုန်ရော

အငယ်မဆို သနားဖို့ကောင်းတယ် မြန်မာဝမ်းဆက် ချိတ်လေးတွေ မနည်းဘူးပဲ အရောင်ဒီဇိုင်းစုံ ပိုးချိတ် ထိုင်မသိမ်းအစုံအစေ့ အခုအမေ အလျှော်ကောင်းတာနဲ့ ဖြူဖတ်ဖြူရော် အရောင်တွေဖြစ်ပြီး ညောင်ဆယ်ပင်အဓိဌာန်ဝင်ရမလိုတွေဖြစ်ကုန်ရော ကိုယ်တောင် တအားလည်လို့ ရှိတဲ့ Rapper အဝတ်အစား သိမ်းထားလို့ မဟုတ်ရင် PPE ဝတ်စုံလို ဖြစ်နေမလားမသိ။ အိမ်က အမေ့ကို ဂရုစိုက်ကြပါ အမေကျလို့မဖြစ်ဘူး အမေကူးရင် အကုန်ကူးပြီ။ ။

Soe Moe Naing

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page