ရုရှားကာကွယ်ဆေး ထိုးလျှင် ယမကာ ၂ လ ဖြတ်ထားရမည်ဟုဆို

ရုရှားကာကွယ်ဆေး ထိုးလျှင် ယမကာ ၂ လ ဖြတ်ထားရမည်ဟုဆို

ရုရှားနိုင်ငံထုတ် ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးမည်ဆိုပါက ဆးမထိုးမီနှင့် ဆေးထိုးပြီးရက်များတွင် ယမကာမသောက်သင့်ကြောင်း ရုရှား ကျန်းမာရေးအရာရှိတစ်ဦးက သတိပေးခဲ့တယ်လို့ သိရပါတယ်။

ရုရှားစားသုံးသူ ကျန်းမာရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အကြီးအကဲအန်နာပိုဗာက ပြီးခဲ့သည့် အဂါင်္နေ့က သူ့နိုင်ငံသားများကို ရုရှားအမျိုးသားရေဒီယို အစီအစဉ် ကတစ်ဆင့်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး Sputnik V ထိုးမည်ဆိုပါက ပထမ ဆေးတစ်လုံးမထိုးမီ ရက်သတ္တပတ် ၂ ပတ် ယမကာမသောက်သင့်ပဲ ထိုးပြီးပါက နောက်ထပ် ၆ ပတ် ယမကာ မသောက်ပါက ကိုယ်ခံစွမ်းအား တုန့်ပြန်မှု အကောင်းဆုံးရလဒ် ရမယ်ဟု ၄င်းက ပြောဆိုသည်။ ထိုးဆေးကို ဆေးပတ်လည်ရန် ၂ ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ပထမ တစ်လုံးထိုးပြီး ၂၁ ရက်အကြာ နောက်တစ်လုံးထပ်ထိုးရမည် ဖြစ်သည်။

“ငါ လက်ခံထားကတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးထက် ပွဲလမ်းသဘင်တွေမှာ ယမကာမသောက်ပဲ ပွဲတက်နေရလို့ စိတ်ဖိစီးတာက ပိုဆိုးပါသေးတယ်” ဟု မော်စကိုတွင်နေထိုင်သူ အယ်လီနာကရဗီဗင်က ရိုက်တာ သို့ပြောကြားခဲ့ကြောင်း သတင်းဖော်ပြထားသည်။

သို့သော် အန်နာပိုဗာ၏ အကြံပေးချက်သည် ပိုလွန်းပါကြောင်း ရုရှားနှင့်အမေရိကန် ကာကွယ်ဆေးကျွမ်းကျင်သူများက ပြောသည်။ ရုရှားကာကွယ်ဆေး ထုတ်လုပ်သူ အလက်ဇန်းဒါးက ကာကွယ်ဆေး Sputnik V သည် ရှန်ပိန်တစ်ခွက်လောက်နဲ့တော့ ထိခိုက်မှာ မဟုတ်မှာပါဘူးဟု ရေးသားခဲ့သည်။

အလက်ဇန်းဒါးက “ဘယ်ကာကွယ်ဆေးပဲထိုးထိုး ထိုးပြီး ၃ ရက်လောက်တော့ ယမကာမသောက်သင့်ပါဘူး” နောက်ထပ် စာတစ်စောင် တွစ်တာတွင် ရေးသားပြန်သည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အမှုဆောင်ဒါရိုက်တာ ဝီလျံမော့စ်ကမူ ဖော်ပြပါ အကြောင်းပြချက်များအတွက် အချက်အလက်များ မရှိပါဘူးဟု ဆိုပြန်သည်။

“ကာကွယ်ဆေးထိုးပြီးရက် နည်းနည်းကြာတာနဲ့ ဘီယာလေး၊ ၀ိုင်လေး တစ်ခွက်လောက် သောက်လိုက်မယ်ဆိုရင် ကာကွယ်ဆေးက ခန္ဓာကိုယ်ရဲ့ တုန့်ပြန်အားကို အနှောက်အယှက်ပေးမယ်ဆိုတဲ့ အချက်ကတော့ သက်သေအထောက်အထား မတွေ့ပါဘူး၊ ဒီအချက်ကို ဒီလိုပြင်းပြင်းထန်ထန် ဖော်ပြလိုက်တော့ ပြည်သူအနေနဲ့ ကျန်းမာရေး ပိုဆိုးသွားမယ်” ဟု အမှုဆောင် မော့စ်က ဆက်လက်ပြောဆိုသည်။

ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ၏ အဆိုအရ အမျိုးသမီးတစ်ဦးသည် တစ်ပတ်လျှင် ယမကာ ၈ ခွက် နှင့်အထက်၊ အမျိုးသားသည် ၁၅ ခွက် နှင့်အထက် သောက်ပါက ကိုယ်ခန္ဓာကို ထိခိုက်စေပြီး နာတာရှည်ရောဂါနှင့် ယမကာ အလွန်အမင်း စွဲလမ်းခြင်းများ ဖြစ်စေနိုင်သည်ဟု မော်စ့်က ပြောသည်။

သုတေသန တွေ့ရှိချက်အရ ယမကာသောက်ခြင်းသည် အူလမ်းကြောင်းကို သက်ရောက်မှုရှိသည်။ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးများကို ရှေ့တန်းမှကာကွယ်ပေးသည့် အူထဲရှိ ကိုယ်ခံအား မြင့်တက်စေသည့် အင်မျူးဆဲလ်များကို ယမကာက ဖျက်ဆီးနိုင်သည်။

အခြားသုတေသန တွေ့ရှိချက်တစ်ခုမှာ ယမကာအလွန်အမင်း သောက်ခြင်းသည် ရောဂါပိုးများကို တိုက်ဖျက်ပေးနိုင်သည့် ကိုယ်ခံအားကောင်းစေမည့် သွေးဖြူဥများကို နာရီပိုင်းအတွင်း ကုန်ခမ်းစေသည်ဟု ဖော်ပြထားသည်။ “ကပ်ရောဂါကာလအတွင်း ကိုယ်ခံအားကောင်းဖို့ အရေးတကြီး လိုအပ်နေသည်။ ထို့ကြောင့် ယမကာ မသောက်ခြင်းသာ အကောင်းဆုံးဟု ပညာရှိစွာဖြင့်အကြောင်းပြခြင်းဖြစ်သည်၊ “တကယ်တေ့ာ သုတေသန တွေ့ရှိချက်က ကာကွယ်ဆေးနဲ့ ယမကာသောက်တာနဲ့ သိပ်ဆက်စပ်တာမဟုတ်ပါဘူး”ဟု မော်စ့်က ထောက်ပြပြောဆိုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page