ကိုဗစ်ပိုးတွေ့လူနာရဲ့ ဖုန်းကို ခိုးသွားသူအား အကြော်ဆိုင်တွင် ဖမ်းမိ၊ ဆက်စပ်သူအားလုံး Q ဝင်ရ

ကိုဗစ်ပိုးတွေ့လူနာရဲ့ ဖုန်းကို ခိုးသွားသူအား အကြော်ဆိုင်တွင် ဖမ်းမိ၊ ဆက်စပ်သူအားလုံး Q ဝင်ရ

နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံကြီးက ကိုဗစ်ပိုးတွေ့လူနာရဲ့ဖုန်း ခိုးယူသွားသူကို နမ့်စန်မြို့၊ အမှတ် ၃ ရပ်ကွက်က အကြော်ဆိုင်မှာ ဒီကနေ့နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

“သူက ဖုန်းကို တခြားသူတစ်ယောက်ကို ရောင်းပြီးပြီ။ ဖုန်းပိုင်ရှင်ကလော့ခ်ချထားတော့ လော့ခ်လာဖြည်တာ၊ ကျနော်တို့ကလည်း သတင်းပေးထားတယ်၊ အဲ့ဒီလိုလာဖြေရင် ကော်မတီကို ချက်ခြင်းသတင်းပို့ဖို့ပြောထားတော့ ဆိုင်က သတင်းပေးတော့။ လော့ခ်ဖြေသလိုလိုလုပ်ခိုင်းထားပြီး ကျနော်တို့ကို စောင့်ခိုင်းလိုက်တယ်၊ ရောက်တော့မေးတော့ သူကယူတာ မဟုတ်ပါဘူး ဖုန်းပြန်ဝယ်တာ တဆင့်ပေါ့။ ဝယ်ထားတဲ့သူအိမ်က ၇ ယောက်ရှိတယ်။ နောက် တရားခံကို လိုက်ရှာတော့ သူ့အကြော်ဝင်စားနေတဲ့အချိန်တွေ့တာပေါ့။ အကြော်ဆိုင်က အကြော်တို့ အာပူလျှာပူတို့ရောင်းတာ၊ ခဏပဲရှိသေးတယ် သူကဝင်စားတာ။ စားရုံရှိသေး ကျနော်တို့နဲ့တွေ့တာ”လို့ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်ကပြောပါတယ်။

လက်ရှိမှာတော့ အကြော်ဆိုင်ကို ယာယီပိတ်ထားလိုက်ပြီး စတေးဟုမ်းနေထိုင်ဖို့ ပြောဆိုထားကြောင်း၊ ဆိုင်အတွက် ဆုံးရှုံးမှုမရှိစေဖို့ မြို့နယ်ကိုဗစ်ကော်မတီက ငွေကျပ် ၁ သိန်းထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဖုန်းအခိုးခံရမှုကတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့ည ၁ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသီးသန့်ဆောင်မှာ ထားရှိတဲ့ positive လူနာရဲ့ ဗီဗို ဖုန်းအမျိုးအစား ခိုးယူခံခဲ့ရတာ ဖြစ်ပါတယ်။

“ခိုးသွားတဲ့သူက အရင်တုန်းကလည်း ခိုးမှုနဲ့ထောင်ကျပြီး မကြာသေးခင်က မှ ထောင်က လွတ်လာတဲ့သူပဲ ” ဟု အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။

ဖုန်းခိုးသူနှင့် ဖုန်းလက်ခံဝယ်ယူသူ ၂ ဦးတို့ကို မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT(Test kit)ဖြင့်စစ်ဆေးခဲ့ရာ (၂)ဦးလုံး၌ ရောဂါပိုးမတွေ့(Negative)အဖြေထွက်ရှိခဲ့ကြောင်း၊ ယင်းအတွက် အကြော်ဆိုင်ကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်း မြို့နယ် ကိုဗစ် သတင်းနှင့်ပြန်ကြားရေးကော်မတီမှ သိရပါတယ်။

ဖုန်းခိုးယူသူတွင် အတူနေမိခင်ဖြစ်သူရှိပြီး ၎င်းကိုလည်း Home Q တစ်ပတ်၊ ဖုန်းလက်ခံ ဝယ်ယူသူထံတွင် မိသားစုဝင် ၁၈ ဦးရှိပြီး ၎င်းတို့ကိုလည်း Home Q တစ်ပတ်ထားရှိကြောင်း သိရပါတယ်။

လက်ရှိတွင် ၎င်းတို့ ၂ ဦးစလုံးကို ဥပဒေကြောင်းအရ လိုအပ်သည်များ ဆက်လက်စစ်ဆေးနိုင်ရန် နမ့်စန်မြို့မရဲစခန်းတွင် စစ်ဆေးလျှက်ရှိကြောင်း မြို့နယ် ကိုဗစ် သတင်းနှင့်ပြန်ကြားရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page