“ခက်ထန်အကြမ်းတမ်းဆုံး အတွေ့အကြုံက အင်အားကို ထုတ်ယူနိုင်တယ်” (ဒေါ်အောင်ဆန်းစုကြည်)

“ခက်ထန်အကြမ်းတမ်းဆုံး အတွေ့အကြုံက အင်အားကို ထုတ်ယူနိုင်တယ်” (ဒေါ်အောင်ဆန်းစုကြည်)

ကျွန်မ နေအိမ်မှာ အကျယ်ချုပ်နဲ့ အဖမ်းခံထားရစဉ် ကာလမှာ အဖိုးထိုက်တန်ဆုံး သင်ခန်းစာကို ရာဘင်ဒြာ နတ်တဂိုး သီကုံးဖွဲ့ဆိုထားတဲ့ ကဗျာတစ်ပုဒ်ကနေ ကျွန်မ ရယူနိုင်ခဲ့ပါတယ်။

ဘာသာပြန်ဆိုထားချက်က ကျေနပ်လောက်စရာ မရှိပေမယ့် တဂိုးရဲ့ကဗျာတွေဟာ ကျွန်မတို့ကိုယ်တိုင် အမြဲတမ်း စူးစမ်းနိုင်စွမ်း မရှိတဲ့၊ ဆုပ်ကိုင်လို့မရတဲ့ စိတ်ဓာတ်ရေးရာ အတွင်းအကျဆုံး အပိုင်းအထိ မီအောင် လှမ်းထားပါတယ်။

ကဗျာအမည်က “မင်းတစ်ကိုယ်တည်း လျှောက်ပေတော့” တဲ့။ နာမည်က ရွှင်လန်းစရာမရှိသလို စာသားကလည်း အားတက်စရာ မရှိပါဘူး။

မင်းခေါ်လို့ သူတို့… မလိုက်ရင် မင်းတစ်ကိုယ်တည်း လျှောက်ပေတော့။ ကြောက်ဒူးတုန်လို့ နံရံဘက်လှည့်ပြီး သူတို့ နှုတ်ဆိတ်နေရင် မင်းကံဆိုးတာပေါ့။ စိတ်ရှင်းရှင်းနဲ့ တစ်ကိုယ်တည်းသာ ပွင့်ပွင့်လင်းလင်း ပြောပေတော့။ တောကြီးမျက်မည်းထဲ ဖြတ်သန်းနေတုန်း မင်းကို သူတို့စွန့်ခွာသွားရင် မင်းကံဆိုးတာပေါ့။

ဆူးငြောင့်ခလုတ်တွေ ချေနင်းရင်း သွေးစွန်းတဲ့လမ်းမှာ မင်းတစ်ကိုယ်တည်း လျှောက်ပေတော့။ မုန်တိုင်းထန်တဲ့ညမှာ မီးအိမ်ကို သူတို့မကိုင်ရင် မင်းကံဆိုးတာပေါ့။ ဝေဒနာမီးလျှံနဲ့ မင်းနှလုံးသားကို ထွန်းညှိပြီး တစ်ကိုယ်တည်း တောက်လောင်ပါစေတော့။

ဒီကဗျာထဲမှာ စိတ်သက်သာစရာ စကားလုံး တစ်လုံးမှ မပါဘူး။ ခရီးအကြမ်းဆုံးမှာ အေးချမ်း ကြည်နူးစရာ တွေ့ရတာလည်း မဟုတ်ပါဘူး။ အပေါ်ယံ ဟန်ဆောင်မှုလည်း မရှိပါဘူး။ ကိုယ်ကခေါ်လို့ လိုက်မယ့်သူမရှိရင်၊ တောကြီး မျက်မည်းထဲမှာ စွန့်ပစ်ခံရမယ်ဆိုရင်၊ မုန်တိုင်း ထန်တဲ့ညမှာ မီးအိမ်ကို ကိုင်မယ့်သူမရှိဘူးဆိုရင် ကံမကောင်းတာပဲလို့သာ ဆိုပါတယ်။

ဒီကဗျာမှာ စိတ်သက်သာရာ ဘာမှမရှိပါဘူး။ ဒါပေမဲ့ ခက်ထန်အကြမ်းတမ်းဆုံး အတွေ့အကြုံက အင်အားကို ထုတ်ယူနိုင်တယ်၊ ဒုက္ခဆင်းရဲကိုအခြေ ခံပြီး ကြီးမားတဲ့ခံနိုင်ရည်ကို တည်ဆောက်နိုင်တယ် ဆို တာကို ဒီကဗျာက သင်ခန်းစာပေးထားတာပါ။ မိမိနှလုံးသားကို ဒုက္ခမီးလျှံနဲ့ တောက်လောင်အောင် လုပ်နိုင်သူဟာ ဘယ်တော့မှ အညံ့ခံမှာမဟုတ်ပါဘူး။ ဘ၀မှာ အခက်ခဲဆုံး သင်ခန်းစာတွေကို ရယူနိုင်စွမ်းရှိသူတွေကသာ အောင်ပွဲခံမှာပါ။

ဒေါ်အောင်ဆန်းစုကြည် – “ခရီးကြမ်းကို ဖြတ်သန်းခြင်းအနုပညာ”
Eternal Light Magazine (June 2018)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page