မြန်မာပြည် အခွန်ရုံးတွေမှာပဲ တွေ့ရတဲ့ ထူးခြားဆန်းကြယ်လွန်းတဲ့ အဖြစ်အပျက်များ

မနေ့က ကားအမည်ပေါက် ပြောင်းဖို့ အခွန်ကိစ္စအတွက် လိူင်သာယာအခွန်ရုံးကိုသွားပါသည်။ ဝန်ထမ်းလုပ်ခဲ့တုန်းက လစာထဲကအခွန်ဆောင်ထားတဲ့အခွန်မှတ်တမ်းစာအုပ် နှစ်အုပ်ကို တပါတည်းယူသွားခဲ့သည်။ အလုပ်က နှစ်ခုပြောင်းခဲ့တော့ အခွန်စာအုပ်ကလည်း နှစ်အုပ်ဖြစ်နေသည်။

တအုပ်ထဲက ဆောင်ထားတာနဲ့ ကာဗာမဖြစ်ရင် နောက်တအုပ်က ကယ်ရီလုပ်လို့ရအောင်ဆိုပြီး နှစ်အုပ် လုံးယူသွားခဲ့ခြင်းဖြစ်သည်။ အခွန်ရုံးရောက်တော့ ပထမစာရေးနဲ့တွေ့ပါသည်။ စာရေးကို ကားအမည်ပေါက်ပြောင်းဖို့အတွက် ဆောင်ရမယ့်အခွန်ကို ဒီစာအုပ်ထဲကနေ ဖြတ်ဖို့ပြောပြပါသည်။ စာရေးက စာအုပ်နှစ်အုပ်ကို လှန်ကြည့်ပြီး အဆင်မပြေနိုင်တဲ့အကြောင်း၊ ကြန့်ကြာနိုင်တဲ့အကြောင်းတွေပြောပြီး နောက်စားပွဲမှာထိုင်နေတဲ့ ဘိုးတော်(ဦးစီးလားမသိ)ကိုလှမ်းပေးလိုက်ပါသည်။

အဲဒီဆရာက စာအုပ်နှစ်အုပ်ကို တလှည့် ကျွန်တော့ကိုတလှည့် ကြည့်ပြီး အခုလို ပြောသည်။ “ခင်ဗျား စာအုပ်တအုပ်မှာက အခွန်ဆောင်ထားတာကိုပဲဖြည့်ထားတယ်။ ဘယ်လောက်ပမာဏပေါ်က ဆောင်ထားတာ ဆိုတာကို မပြထားဘူး။ အဲဒီအကွက်ကိုမဖြည့်ထားရင် လုပ်ပေးလို့မရဘူး။” ကျွန်တော် အတွန့်တက်ပြီးမေးလိုက်သည်။ “ဒါက အခွန်ရုံးကပဲဖြည့်ပြီး ဦးစီးမှူးကိုယ်တိုင်လက်မှတ်ထိုးထားတာလေ။ အဲဒီ အကွက်ကိုမဖြည့်ထားရင် အခွန်ဆောင်ထားသူအတွက်အခက်အခဲဖြစ်မယ် ဆိုတာကို သူကမသိဘူးလား”

သူကလက်ကာပြပြီး ဆက်ပြောသည်။ “နေဦး၊ကျွန်တော်ပြောပြဦးမယ်။ နောက်တခုက ခင်ဗျား အခွန်စာအုပ်က နှစ်အုပ်ဖြစ်နေတယ်။လူတယောက်မှာ အခွန်မှတ်တမ်းစာအုပ်နှစ်အုပ်ကိုင်ခွင့်မရှိဘူး” “အဲ့ဒါတော့ကျွန်တော်လည်း မသိဘူးခင်ဗျား။ ကျွန်တော်က အလုပ်နှစ်ခုပြောင်းခဲ့တော့ အလုပ်နှစ်ခုလုံးက အခွန်ဆောင်ထားတဲ့ မှတ်တမ်းစာအုပ် တအုပ်စီပေးခဲ့တယ်။ သူတို့ပေးတာ ကျွန်တော်လည်းယူထားရတာပဲ။”

“အခွန်စာအုပ်ဆိုတာ မှတ်ပုံတင်လိုပဲဗျ။ ခင်ဗျားမှတ်ပုံတင်နှစ်ခု တပြိုင်တည်းကိုင်လို့မရဘူး။ကိုင်ရင် ဒါ ပြစ်မူကျူးလွန်တာပဲ” “ဟိုက်ရှာလဘတ်ရည် ငါတောင်အခန့်မသင့်ပြန်အဖမ်းခံရမယ့်ပုံပါလား” စိတ်ထဲကရေရွတ်မိလိုက်တယ်။ ဒါနဲ့ မထူးတော့ပါဘူးဆိုတဲ့သဘောနဲ့ အသိချင်ဆုံးတခုပဲ မေးလိုက်တော့သည်။ “ဒါဆို ဒီစာအုပ်တွေက ကျွန်တော်သုံးလို့မရတော့ဘူးပေါ့နော်။ဒါတွေက ကျွန်တော်တို့ချွေးနှဲစာထဲက အမှန်တကယ်ပေးထားရတဲ့ပိုက်ဆံတွေပါဗျာ”

“ခင်ဗျားကိုသုံးလို့ မရဘူးလို့ ကျွန်တော်မပြောဘူးနော်။ အရင်ဆုံးခင်ဗျား ပထမစာအုပ်ကိုဆောင်ထားတဲ့ လိူင်မြို့နယ်ရုံးကိုသွား။ လိုနေတဲ့အကွက်ကို ဖြည့်ခိုင်း။ ပြီးရင် အဲဒီစာအုပ်ကိုယူပြီး နောက်စာအုပ်ကိုဆောင်ထားတဲ့ ဗိုလ်တ ‌‌ထောင်မြို့နယ်ရုံးကို ထပ်သွား။ သူတို့စာအုပ်ထဲက ဟာကို ဒီစာအုပ်တအုပ်ထဲမှာပဲ ပေါင်းပြီးရေးခိုင်းလိုက်” လုပ်ရမယ့်နည်းလမ်းတော့ပြောပြသည်။ ဘိန်းစားဘွန်ဟောင်းကို အနောတတ်အိုင်က ကြာပန်းသွားချိုးခိုင်းတဲ့အပေါက်မျိုးဖြစ်သည်။ ကျွန်တော် လည်းအဲ့လောက် ဒုက္ခမခံချင်တော့။ ဟိုဟာလို‌ေသးတယ် သွားယူဦး၊ဒီဟာက မပြည့်စုံသေးဘူးနဲ့ သံသရာရှည်မယ့်အရေးလည်းတွေးမိလာသည်။ အဲဒါကြောင့်ပြောလိုက်သည်။

“ဆရာရယ် အဲဒီစာအုပ်တွေကို နောက်အလျဉ်းသင့်မှပဲ သုံးပါတော့မယ်။ အခု ကိစ္စအတွက် ငွေသားနဲ့ပဲဆောင်လိုက်ပါတော့မယ်။” “မရဘူးလေ။ ခင်ဗျားစာအုပ်နှစ်အုပ်ကိုင်ထားတဲ့အတွက် စည်းကမ်းနဲ့မညီတဲ့အတွက် တအုပ်ကိုကျွန်တော်က သိမ်းကိုသိမ်းရတော့မှာ။ အဲဒီတော့ ကျွန်တော်ပြောသလိုပဲ လိူင်ရုံးကိုအရင်ဆုံးသွားပြီး ကျန်နေတဲ့ဟာလေးတွေဖြည့်ခိုင်းလိုက်” ငါကိုက ရှည်မိတာ။ အစကတည်းက ငွေနဲ့ဆောင်လိုက်ရင် ပြီးနေတဲ့ဟာကို။ ခက်ချေပြီ။ ဆုပ်လည်းစူး စားလည်းရူးတော့ဖြစ်ပြီ။ လူလည်းပင်ပန်းနေပေမယ့် စထားတဲ့ဇာတ်လမ်းလေး ဆုံးအောင်တော့လုပ်လိုက်မဟဲ့ လို့စိတ်တင်းပြီး လိူင်မြို့နယ်အခွန်ရုံးကို ဟိုမေး ဒီမေးနဲ့ ရှာဖွေစုံစမ်းပြီးသွားလိုက်ပါသည်။

လိူင်မြို့နယ်ရုံးရောက်တော့ အကျိုးအကြောင်းပြောပြပြီး အခွန်ဆောင်ရသည့်ငွေပမာဏအကွက်ကို ဟိုဖက်ရုံးက ဖြည့်ခိုင်းလိုက်သည့်အကြောင်းပြောပြပါသည်။ ထိုရုံးကလူက ကျွန်တော့်ကို‌ အမောဆို့သွားစေနိုင်သည့် စကားတခွန်းပြောဖို့ သိပ်တုန့်ဆိုင်းမနေပါ။ “အဲ့ဒါက ကျွန်တော်တို့ဖြည့်လို့မရဘူးဗျ။ ကုမ္ပဏီက ဖြည့်ရမှာ” ဒီ‌ဇာတ်လမ်းကို ဒီမှာပဲအဆုံးသတ်လိုက်ပါတော့မည်။ Happy ending မဖြစ်နိုင်တဲ့ ဇာတ်ကိုဆက်ကနေလျှင်လည်းကျွန်တော့လောက် မိုက်တဲ့သူရှိတော့မည်မထင်။

Kyawmin Aung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page