ဘောလုံးအင်္ကျီတောင် မဝတ်နိုင်ရှာတဲ့ အာရှကျားကြီး ခြေမှန်ပြန်ရကာ ဂိုးပြတ်ရှုံးပါပြီ

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်မှာ မြန်မာယူ-၂၂ အသင်းက အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်သွားပါတယ်။

မြန်မာအသင်းဟာ တီမောကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲက ပွဲထွက်လူစာရင်းကို ၄ ဦး အပြောင်းအလဲပြုလုပ်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမဲ့ အင်ဒိုနီးရှားအသင်းကို အဘက်ဘက်ကနေ မယှဉ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၃ ဂိုး ပေးခဲ့ရတာပါ။ ဒီပွဲအရှုံးကြောင့် လက်ကျန် ၂ ပွဲမှာ နှစ်ပွဲစလုံး အနိုင်ရမှ ဆီမီးဖိုင်နယ် တက်ခွင့်ရရှိမှာပါ။

မြန်မာယူ-၂၂ အသင်းဟာ လာမယ့် မေလ ၇ ရက်နေ့မှာ အိမ်ရှင် ကမ္ဘောဒီးယားနဲ့ ကစားရမှာဖြစ်ပြီး မေလ ၁၀ ရက်နေ့မှာ ဖိလစ်ပိုင်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ မြန်မာအသင်းဟာ အရှေ့တီမောနဲ့ ပွဲမှာရော၊ အင်ဒိုနီးရှားနဲ့ ပွဲမှာပါ ဘောလုံးအင်္ကျီအစစ်ကို မဝတ်ဆင်နိုင်ဘဲ ရိုးရိုးပိုလိုအမျိုးအစား စပို့ရှပ်အင်္ကျီကိုသာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ စပွန်ဆာပေးတဲ့ ကုမ္ပဏီရဲ့ အခက်အခဲကြောင့် ရပ်ကွက်ဘောလုံးအသင်းလို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာပဲ ဖြစ်ပါတယ်။

မြန်မာအသင်းကို နည်းပြလုပ်မိတဲ့ ဂျာမနီနည်းပြကြီးကတော့ ဒီအသင်းကို နည်းပြ လုပ်မိတာ အမှားကြီး မှားပြီလို့ ထင်နေပြီလားတော့ မသိပါဘူး။ မြန်မာအသင်းဟာ နောက်တပွဲမှာ အိမ်ရှင် ကမ္ဘောဒီးယားနဲ့ တွေ့ရမှာ ဖြစ်ပြီး သရေကျရင်တောင် အုပ်စုတက်ဖို့ မျှော်လင့်ချက် ရှိတော့မှာ မဟုတ်တော့ပါဘူး။

ခြေမှန် ပြန်ပေါ်လာတဲ့ အာရှဖွတ်ကြီးအသင်းဟာဆိုရင် ဘောလုံးအင်္ကျီအစစ်တောင် မဝတ်နိုင်တော့ဘူးလို့ ပရိသတ်တွေက ဝေဖန်နေကြပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page